စစ်အုပ်စု ၏ ရွေးကောက်ပွဲ ရလဒ်သည် အလိမ်အညာများသာ ဖြစ်ဟု ဂျပန်၏ ဩဇာတက္ကိမ ရှိသော ထိတ်တန်း သတင်းစာကြီး ဖြစ်သည့် အဆာဟိ ရှင်ဘွန်း၏ အယ်ဒီတာ အာဘော် တွင် ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ရေးသားထားသည်ကို ဖတ်ရှုရသည်။
ယခုလို ပြည်သူ့ ဆန္ဒကို ထင်ဟပ်ခြင်း မရှိသည့် မတရားမှုမျိုးကို ခွင့်ပြုထား၍ မဖြစ်၊ ဂျပန်အနေဖြင့် စစ်အုပ်စု၏ အာဏာရှင်ဆန်သော လုပ်ရပ်များအပေါ် တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ ခိုင်မာပြတ်သားသော သဘောထားကို ပြသရမည်ဖြစ်သည်။"ဟု ရေးသားထားပြန်သည်။
ထိုသတင်းစာမှ ယခုလို ပြတ်ပြတ်သားသား ပေးလာသည့် မှတ်ချက်သည် ဂျပန် အစိုးရ အပေါ် တနည်းမဟုတ် တနည်း သက်ရောက်မှု ရှိလာမည်က မလွဲမသွေပင် ဖြစ်သည်။
သို့သော် စစ်အုပ်စု ကတော့ ဆက်လက် ရှင်သန် နေဆဲ ဖြစ်ပြီး နိုင်ငံတကာ၏ ပြောဆို ဝေဖန် နေမှု များကိုလည်း ပန်း နှင့် ပေါက်သလို ထုံလာသည့် အနေအထား ဖြစ်လာသည်။
ဤသည်နှင့် ပတ်သက်၍ ဟားဗတ်တက္ကသိုလ်မှ အစိုးရရေးရာနှင့် လက်တင်အမေရိက လေ့လာရေးဆိုင်ရာ ပါမောက္ခ စတီဗင် လက်ဗစ်စကီး နှင့် တိုရွန်တို တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံ ပါမောက္ခ လူကန် ဝေး တို့ မှ ၂၀၁၀ ခုနှစ်တွင် ထုတ်ဝေခဲ့သော "Competitive Authoritarianism: Hybrid Regimes After the Cold War ဆိုသည့် လွန်စွာ လူကြိုက်များခဲ့သည့် စာအုပ်တွင် ထောက်ပြသွားခဲ့သည်။
စာအုပ် ခေါင်းစဉ်ကိုယ်နှိုက်ကပင် ဒီမိုကရေစီ စနစ်ကြားမှ ယှဉ်ပြိုင် ပေါက်ဖွားလာသော အာဏာရှင်စနစ်၏ မျိုးကွဲနိုင်ငံရေးစနစ် ဟူ၍ ဖြစ်သည်။
မျိုးကွဲ အာဏာရှင် စနစ်သည် ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဒီမိုကရေစီယန္တရား ပုံစံများကို ထိန်းသိမ်းထားသော်လည်း ထိုစနစ်များကို ပံ့ပိုး ပေးထားသည့် အခြေခံမူများကိုမူ စနစ်တကျ ချိုးဖောက်ဖျက်ဆီးနေသော အုပ်ချုပ်ရေးစနစ် မျိုး ဟု ဆိုသည်။
အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပျက်ပြားသွားသော နိုင်ငံများတွင် အာဏာရှင်စနစ်၏ ရှင်သန်နိုင်စွမ်းသည် ပြင်ပဖိအားများထက် အုပ်ချုပ်သူအဖွဲ့အစည်း၏ အင်အားတောင့်တင်းမှု၊ နောက်လိုက်များ၏ သစ္စာစောင့်သိမှုကို ထိန်းချုပ်နိုင်မှု၊ စည်းကမ်းစနစ် တင်းကျပ်မှုနှင့် နိုင်ငံတော်ယန္တရားများကို ချုပ်ကိုင်နိုင်မှုတို့အပေါ်တွင် ပိုမိုမူတည်နေကြောင်း လက်ဗစ်စကီး နှင့် ဝေး တို့က ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံတွင်မူ စစ်တပ်သည် ထိုကဲ့သို့သော အဖွဲ့အစည်း အာဏာမျိုး ကို ကာလရှည်ကြာ ကိုယ်စားပြုလာခဲ့ပြီး လွတ်လပ်ရေးရပြီးခေတ် တစ်လျှောက်လုံးတွင် နိုင်ငံကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှမ်းမိုးခဲ့သည်။
တင်းကျပ်သော ရာထူးအဆင့်ဆင့် စနစ်နှင့် နိုင်ငံရေးတွင် စစ်တပ်၏ အဓိကအခန်းကဏ္ဍကို တရားဝင်ဖြစ်စေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့မှတစ်ဆင့် စစ်တပ်သည် စည်းလုံးပြီး ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေသည်။ ထိုသို့သော စည်းလုံးညီညွတ်မှုကြောင့်ပင် မြန်မာ စစ်တပ်သည် ပြင်းထန်သော ဆန့်ကျင်ကန့်ကွက်မှုများ ရင်ဆိုင်နေရသော်လည်း အတိုက်အခံများကို နှိမ်နင်းခြင်း၊ အတွင်းပိုင်း အားပြိုင်မှုများကို ထိန်းညှိခြင်းနှင့် အာဏာရှင်အုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းခြင်းမျိုး ဖြင့် ရှင်သန် နေခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် NLD ပါတီ၏ တောင်ပြိုကမ်းပြို အနိုင်ရရှိမှုနှင့် ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာနိုင်မှုတို့သည် ဒီမိုကရေစီလိုလားသော အင်အားစုများအတွက် အောင်ပွဲများ ဖြစ်ခဲ့ကြသည်။
သို့သော်လည်း ထိုအောင်မြင်မှုများသည် စစ်တပ်က ကြိုတင်သတ်မှတ်ထားသည့် 'အဖွဲ့အစည်းဆိုင်ရာ ဗီတိုအာဏာ' ဘောင်အတွင်း၌သာ လည်ပတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို သက်သေပြနေသည်မှာ - NLD အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းသည့်အခါ ၎င်းတို့၏ ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းနှင့် စစ်တပ်သည် လက်ဝယ်ရှိ အခြေခံဥပဒေဆိုင်ရာ အခွင့်အာဏာ များကို အသုံးချကာ ဟန့်တားခဲ့ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အရပ်သားအုပ်ချုပ်ရေးကာလသည် နိုင်ငံအား 'အတန်အသင့် တည်ငြိမ်သော မျိုးကွဲပေါင်းစပ်အာဏာရှင်စနစ်' ဖြစ်လာစေရန် အတည်ပြုပေးခဲ့ခြင်းသာ ဖြစ်သည်။
စစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရရှိနေသည့်တိုင်အောင် နိုင်ငံရေးချုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် စိတ်ကြိုက်ပုံဖော်ခဲ့သည့် အသွင်ကူးပြောင်းရေးကာလအတွင်း တည်ဆောက်ခဲ့သော ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ယန္တရားများကို အသုံးချ၍ အာဏာကို ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်တွင် ယှဉ်ပြိုင်ခဲ့သည့် ၂၆၃ နေရာအနက် USDP ပါတီက ၂၃၂ နေရာတွင် အနိုင်ရရှိခဲ့ပြီး၊ အမျိုးသားလွှတ်တော်တွင် ထုတ်ပြန်ခဲ့သည့် ၁၅၇ နေရာအနက် ၁၀၉ နေရာတွင် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလိုအလျောက် ရရှိထားသော စစ်တပ်၏ ၁၆၆ နေရာနှင့် ပေါင်းလိုက်ပါက ၎င်းတို့နှစ်ဖွဲ့သည် ပြည်ထောင်စုလွှတ်တော်၏ စုစုပေါင်း ၅၈၆ နေရာအနက် ၅၀၇ နေရာ (ဆိုလိုသည်မှာ လွှတ်တော်တစ်ခုလုံး၏ ၈၇ ရာခိုင်နှုန်းခန့်) ကို ချုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းတို့၏ လုပ်ပုံ ကိုင်ပုံနှင့် နောက်ဆက်တွဲ ရလဒ်များကို ကြည့်ခြင်းဖြင့် - မျိုးကွဲ ပေါင်းစပ်အာဏာရှင်စနစ် (Hybrid Regimes) များသည် အကျပ်အတည်းများကြားတွင် ပြိုလဲမသွားဘဲ အဖွဲ့အစည်းဆိုင်ရာ ယန္တရားများကို ပြုပြင်ပြောင်းလဲခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် လူထု၏ ပါဝင်ပတ်သက်မှုများကို ထိန်းချုပ်ထားခြင်းတို့ဖြင့် အလိုက်သင့် ပြောင်းလဲတတ်ကြောင်းကို ပေါ်လွင်စေသည်။ ၎င်းတို့သည် 'ဒီမိုကရေစီ ဟန်ပြမျက်နှာစာ' ၏ နောက်ကွယ်တွင် စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်မှုကို ရေရှည်တည်တံ့စေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းကြခြင်း ဖြစ်သည် ဟု စပိန်နိုင်ငံရှိ ထိပ်တန်း တက္ကသိုလ် တခု ဖြစ်သည့် Universidad de Navarra (University of Navarre) ၏ စာတမ်း တစောင် တွင် ဖေါ်ပြထားသည်။
ဗိုလ်နေဝင်း သွတ်သွင်းလာခဲ့သည့် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်' သည် စီးပွားရေးဖက်တွင် ကျဆုံးသွားခဲ့သော်လည်း စစ်အာဏာရှင်စနစ် အစဉ်အမြဲ တည်တံ့နေစေရန်အတွက် နိုင်ငံတော်က အလုံးစုံချုပ်ကိုင်သည့် ယန္တရား (Statist Mechanism) တစ်ခုအနေဖြင့်မူ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အောင်မြင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည် ဟု ဩစတီယားရှိ Ludwig von Mises Institute စာတမ်း တွင် သုံးသပ်ထားသည်။
၎င်းတို့ မည်သို့သော ပုံစံ မျိုးဖြင့် သက်ဆိုးရှည်နေစေကာမူ တိုင်းပြည်၏ အနာဂတ်သည် ပြည်သူတို့၏ လက်ဝယ်တွင်သာ ရှိသည်ဟု မသီတာ (စမ်းချောင်း) မှ တိုကျိုတွင် ပြုလုပ်သည့် စာပေ ဟောပြောပွဲ တွင် ထောက်ပြသွားခဲ့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!