ထရမ့် အတွက် အီရန် နှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးရတော့မည့် အချိန်ကျပြီ

by Hla Soewai - Feb 23 2026

နိုင်ငံခြားရေးမူဝါဒ တွင် ဓါးတရမ်းရမ်း ဖြင့် ခြိမ်းခြောက်ပြခြင်းသည် တစ်ခါတရံတွင် အသုံးတည့်သည်။ သို့သော် လုပ်ပါ များလွန်းသွားက ထိုဓါးသွားသည် ကိုယ့်ဘက်ကို ပြန်လှည့်လာတတ်သည်။ ယခုအခါ အမေရိကန်သည် အီရန်နှင့် နှစ်လကြာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားပြီးနောက်မှာ ထိုကဲ့သို့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရပြီ ဖြစ်သည်။

 

သမ္မတ ဒေါ်နယ်ထရန့်သည် အရှေ့အလယ်ပိုင်းဒေသတွင် ဆယ်စုနှစ် နှစ်စုအတွင်း အကြီးမားဆုံးဟု ပြော၍ ရသည့် စစ်အင်အားမျိုး ဖြည့်တင်းလာခဲ့ သည်။ သို့သော်လည်း တကယ်တမ်းတွင် စွန့်စားရမှု များလှသော တိုက်ခိုက်မှုမျိုးကို ပြုလုပ်ရန်မူ ဝန်လေးနေပုံရသည်။ တစ်ဖက်တွင်လည်း သူ၏ ခြိမ်းခြောက်မှုများကြောင့် အီရန်ဘက်က စစ်ပွဲကို တားဆီးနိုင်မည့် သဘောတူညီချက်မျိုးအတွက် ညှိနှိုင်းလာခြင်းလည်း မရှိသေးပေ။ ယခုအခါတွင်မူ ထရမ့် သည် ခက်ခဲသော ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည် - ၎င်းမှာ မည်သို့ပင်ဖြစ်စေ တိုက်ခိုက်မှုပြုလုပ်ရန် အမိန့်ပေးမည်လား သို့မဟုတ် အရှက်ရဖွယ် ဆုတ်ခွာမှုကိုသာ ရွေးချယ်မည်လား ဆိုသည်ပင် ဖြစ်သည်။

 

အမေရိကန်နှင့် အီရန် တို့ အကြား နောက်ဆုံး ဖြစ်‌ ပေါ်လာသော ဤအကြပ်အတည်းသည် ဒီဇင်ဘာလနှောင်းပိုင်း အီရန်နိုင်ငံ၌ ဆန္ဒပြမှုများ လှိုင်းလုံးသဖွယ် ပေါ်ပေါက်လာချိန်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ထရန့်က ဆန္ဒပြသူများကို မသတ်ရန် အီရန်အစိုးရကို သတိပေးခဲ့သည်။ အကယ်၍ သတ်ဖြတ်မှုများ ပြုလုပ်ပါက အမေရိကန်က ၎င်းတို့ကို ကူညီကယ်ဆယ်သွားမည်ဟုလည်း ဆိုခဲ့သည်။ သို့သော် အီရန်အစိုးရသည် ထိုသတိပေးချက်ကို လျစ်လျူရှုကာ လူပေါင်း အနည်းဆုံး ၇,၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး၊ အမှန်တကယ်တွင်မူ ထိုထက်မက ထောင်ပေါင်းများစွာ ပိုမိုများပြားနိုင်သည်။ ထိုအချိန်တွင် အမေရိကန်မှာမူ တိုက်ခိုက်ရန် အနေအထား မရှိခဲ့ပေ။ ထိုဒေသအတွင်း၌ အမေရိကန်၏ လေယာဉ်တင် သင်္ဘောတစ်စီးမှပင် ရှိမနေခဲ့သောကြောင့် ဖြစ်သည်။

 

ဇန်နဝါရီလနှောင်းပိုင်းတွင် တော့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောသည် အာရေဗျပင်လယ်သို့ ရောက်ရှိလာသည်။ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်သည့် USS Gerald Ford ကိုလည်း အဆိုပါဒေသသို့ သွားရောက်ရန် ပြီးခဲ့သည့်အပတ်က အမိန့်ပေးခဲ့၍ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဂျီဘရော်လ်တာ ရေလက်ကြား ကို ဖြတ်သန်းခဲ့ပြီး ရက်ပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ်သည်။ 

 

တစ်ချိန်တည်းမှာပင် ယခုအပတ်အတွင်း အမေရိကန်၏ လက်နက်တိုက်ထဲမှ အသစ်ဆုံး တိုက်လေယာဉ်ဖြစ်သည့် F-35 များမှ သည် ဝေဟင်ကင်းထောက်ရာတွင် အသုံးပြုသော E-3 များအထိ စစ်လေယာဉ် ဒါဇင်ပေါင်းများစွာသည် အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းလာခဲ့ကြသည်။ ၎င်းတို့နှင့်အတူ ဝေဟင်၌ ဆီဖြည့်ပေးနိုင်သည့် လေယာဉ်အမြောက်အမြားလည်း လိုက်ပါလာခဲ့ကြသည်။

 

၂၀၀၃ ခုနှစ် အီရတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့စဉ်ကတည်းက ထိုကဲ့သို့ စစ်အင်အား အလုံးအရင်း ဖြင့် မစေလွှတ်ခဲ့ဖူးပေ။ ပြီးခဲ့သည့်နွေရာသီက အီရန်၏ နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်ကမူ ၎င်းမှာ တစ်ကြိမ်တည်းနှင့် အပြီးသတ်လုပ်ဆောင်မည့် ကိစ္စမျိုး ဖြစ်သည်။ ထိုစဉ်က မစ်ဆိုရီပြည်နယ်မှ B-2 ဗုံးကြဲလေယာဉ် ခုနစ်စင်းသည် ကမ္ဘာတပတ် ပျံသန်းလာခဲ့ပြီး၊ ရေငုပ်သင်္ဘောတစ်စီးကလည်း အီရန်နိုင်ငံအနီးမှနေ၍ ခရုစ်ဒုံးကျည်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယခုတစ်ကြိမ် စစ်အင်အားဖြည့်တင်းမှုမှာမူ ပိုမိုကြီးမားပြီး ရေရှည် တိုက်ခိုက်သွားမည့် သဘော ဆောင်နေသည်။ 

 

သံတမန်များက သဘောတူညီချက်တစ်ခုရရှိရန် ညှိနှိုင်းနေကြသော်လည်း စစ်အင်အားကိုမူ ဆက်လက် ဖြည့်တင်း နေဆဲဖြစ်သည်။ သမ္မတထရမ့်၏ လိုရာသုံး အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် နှင့် သမ္မတ၏ သမက်ဖြစ်သူ ဂျာရက် ကူးရှ်နာ တို့သည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ နှင့် သွယ်ဝိုက်သောနည်းဖြင့် နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သော်လည်း ထူးခြားသော တိုးတက်မှု တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးခဲ့သည်။ "အခြေခံမူအချို့အပေါ် ယေဘုယျသဘောတူညီချက်" ရရှိခဲ့ကြောင်း သာ အာရတ်ချီက ပြောကြားခဲ့သည်။

 

ထိုနေ့နှောင်းပိုင်း Fox News နှင့် အင်တာဗျူးတွင် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ၏ လေသံမှာ အားမလိုအားမရ သံ ပေါက် နေသည်။ 'အီရန်သည် အမေရိကန်၏ Red line ကို လက်ခံဖို့လည်း စိတ်မဝင်စားသလို၊ အဲဒီကိစ္စရပ်တွေကို ပြေလည်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိသေးဘူးဟု ဂျေဒီဗန့်စ်က ပြောလာသည်။ MAGA လှုပ်ရှားမှု၏ သီးခြားနေထိုင်ရေးဝါဒ ဘက်တော်သားဖြစ်ပြီး အီရန်နှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းရေးကို အစဉ်တစိုက် အကောင်းမြင်ခဲ့သူ ဒုတိယသမ္မတထံမှ ယခုကဲ့သို့ စိတ်ပျက် အားမလိုအားမရဖြစ်သော စကားမျိုး ထွက်ပေါ်လာခြင်းမှာ သတိပြုမိစရာပင် ဖြစ်သည်။

 

အမေရိကန် အနေဖြင့် မည်သို့သော သဘောတူညီချက်မျိုးကို အတိအကျ လိုလားနေသည်ဆိုသည်မှာ ယခုထက်တိုင် ရှင်းရှင်းလင်းလင်း မရှိသေးပေ။ အနည်းဆုံးအားဖြင့်မူ သဘောတူညီချက်အသစ်သည် အီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရမည်ဖြစ်သည်။ အဆိုပါ နျူကလီးယားအစီအစဉ်သည် ပြီးခဲ့သည့် နွေရာသီ တိုက်ခိုက်မှုများ မတိုင်မီကပင် လက်နက်အဆင့်မီရန် နီးကပ်နေသည့် ယူရေနီယံ ၄၀၀ ကီလိုဂရမ်ကျော်ကို သန့်စင်ထုတ်လုပ်ထားပြီး ဖြစ်သည်။ သမ္မတထရမ့် ၏ ရီပတ်ဘလီကန် မဟာမိတ်အချို့ကမူ သံတမန်ရေးအရ ဆွေးနွေးမှုများကို ယခုထက်မက ပိုလုပ်ရန် တွန်းအားပေးလိုကြသည်။ အီရန်အနေဖြင့် ၎င်း၏ တာဝေးပစ်ဒုံးကျည်များကို တင်းတင်းကျပ်ကျပ် ကန့်သတ်ရန် သဘောတူရမည်ဖြစ်သလို၊ အာရပ် နိုင်ငံများရှိ လက်နက်ကိုင် အဖွဲ့များကို ထောက်ပံ့နေမှုများကိုလည်း ရပ်တန့်ရမည်ဟု ၎င်းတို့က ယူဆကြသည်။ အစ္စရေးက လည်း ထိုကဲ့သို့ လိုလားလျက် ရှိနေသည်။

 

ထုံးစံအတိုင်းပင် ထရမ့် စိတ်ကူးပေါက်ရာ ပြော‌ နေသည့် စကားများသည် အဓိပ္ပာယ်ဖော်ရ ခက်လှသည်။ တစ်ပတ်အတွင်းမှာပင် သူသည် အီရန်၏ ဒုံးကျည်အစီအစဉ်ကို ရပ်တန့်စေမည့် သဘောတူညီချက်မျိုး ရယူလိုကြောင်း တစ်မျိုး၊ နျူကလီးယားကိစ္စတစ်ခုတည်းကိုသာ ကန့်သတ်သည့် သဘောတူညီချက်ဖြင့် ကျေနပ်နိုင်ကြောင်း တစ်ဖုံ၊ သို့မဟုတ် အီရန်အစိုးရကို အာဏာမှ ဖယ်ရှားပစ်ခြင်း ကသာ ပို၍ကောင်းမွန်နိုင်ကြောင်း တစ်မျိုးဖြင့် အမျိုးမျိုး ပြောဆိုခဲ့သည်။

 

တတိယအကြိမ် တွေ့ဆုံရန်အတွက် ရက်ချိန်းကို ယခုထိ သတ်မှတ်ရခြင်း မရှိသေးပေ။ အီရန်ဘက်မှ အသေးစိတ် အဆိုပြုချက်တစ်ခုကို လာမည့် နှစ်ပတ်အတွင်း တင်ပြလာမည်ကို စောင့်ဆိုင်းနေသည်ဟု အမေရိကန်တို့က ဆိုသည်။ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးသို့ သွားရောက်ရန် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။ ထိုအချိန်ဇယားများအရ ဆိုပါက အမေရိကန်၏ တိုက်ခိုက်မှုမှာ ချက်ချင်းလက်ငင်း ဖြစ်လာဦးမည်မဟုတ်ဟု ယူဆရသည်။ သို့သော်လည်း ၎င်းတို့မှာ ရန်သူကို လှည့်စားသည့် အကွက်များ လည်း ဖြစ်နေနိုင်သည်။ ပြီးခဲ့သည့် ဇွန်လ ကလည်း ထရမ့်သည် အီရန်ကို တိုက်ခိုက်ခြင်း ရှိ၊ မရှိ မဆုံးဖြတ်မီ သံတမန်နည်းလမ်းအတွက် နှစ်ပတ်အချိန်ပေးမည်ဟု ပြောခဲ့သော်လည်း နှစ်ရက်အကြာတွင် B-2 ဗုံးကြဲလေယာဉ်များ စေလွှတ်ခဲ့သည်။

 

ပင်တဂွန်မှ စီမံချက် ရေးဆွဲသူများသည် ထရမ့်ထံသို့ ရွေးချယ်စရာ နည်းလမ်းအချို့ကို တင်ပြထားသည်။ နည်းလမ်းတစ်ခုမှာ အီရန်၏ နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ဖြစ်သည်။ အစိုးရတစ်ခုကို လေကြောင်းတိုက်ခိုက်မှုသက်သက်ဖြင့် ဖြုတ်ချရန် ခက်ခဲသော်လည်း၊ အထူးသဖြင့် ဆန္ဒပြမှုများနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် ယိမ်းယိုင်နေသောအခြေအနေမျိုးတွင် အမေရိကန်အနေဖြင့် ထိုအစိုးရကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်း ရှိသည်က သေချာသည်။

 

 ထိုအထဲတွင် အီရန်အစိုးရ၏ သစ္စာခံအစောင့်တပ်ဖွဲ့ဖြစ်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဆက်နွှယ်နေသည့် နေရာများကို တိုက်ခိုက်ခြင်းလည်း ပါဝင်နိုင်သည်။ အကယ်၍ ထိုထက်ပို၍ ကန့်သတ်ထားသော စစ်ဆင်ရေးမျိုး လုပ်ဆောင်မည်ဆိုပါက အီရန်တွင် ကျန်ရှိနေသေးသည့် နျူကလီးယားစက်ရုံများနှင့် တာဝေးပစ်ဒုံးကျည်စခန်းများကိုသာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် အဓိကထားပေလိမ့်မည်။

 

သို့သော်လည်း တခုတလေမျှ အဆုံးအဖြတ်ပေးနိုင်လောက်သည့် ရလဒ်ထွက်ပေါ်လာဖွယ် မရှိပေ။ အီရန် အတိုက်အခံ အင်အားစုများသည် စုစည်းမှုမရှိဘဲ အကွဲကွဲအပြားပြား ဖြစ်နေကြရာ လက်ရှိ အစိုးရကို တိုက်ခိုက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာလိမ့်မည်ဟူသော အာမခံချက်မရှိပေ။ အမှန်တကယ်တွင်လည်း ထရမ့်သည် လွန်ခဲ့သော တစ်လကျော်ကပင် ပြီးဆုံးသွားခဲ့သည့် ဆန္ဒပြမှုများကို တိုက်ခိုက်မှု ပြုလုပ်ရန်အတွက် အကြောင်းပြချက်အဖြစ် ထည့်သွင်းပြောဆိုခြင်း မရှိတော့ပေ။ တစ်ချိန်တည်းမှာပင် အီရန်၏ နျူကလီးယား သို့မဟုတ် ဒုံးကျည်အစီအစဉ်များအပေါ် ထိခိုက်မှုတစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် ၎င်းမှာ ယာယီသာ ဖြစ်နိုင်ပါသည်။ ရေရှည်ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားမှု မရှိခြင်းသည် ထရမ့်အနေဖြင့် တိုက်ခိုက်ရန် အမိန့်ပေးဖို့ ဝန်လေးနေရသည့် အကြောင်းရင်းတစ်ခု ဖြစ်ပုံရပါသည်။

 

 အီရန်ဖက်ကလည်း သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည့် အခွင့်အရေးကို အရယူခြင်း မရှိပေ။ အီရန်၏ ခေါင်းဆောင်ကြီး အလီခါမေနီ အနေဖြင့်မူ အလျှော့ပေးလိုက်လျောမှု အကြီးအကျယ် ပြုလုပ်ခြင်းထက် အမေရိကန်၏ တိုက်ခိုက်မှုကိုသာ ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်ခြင်းက ပို၍ကောင်းသည်ဟု တွက်ဆပြီး လောင်းကြေးထပ် ထား ပုံရသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ သဘောတူညီချက်တစ်ခု ရရှိရန် မဟုတ်ဘဲ တိုက်ခိုက်ခံရမည့်အချိန်ကို ကြန့်ကြာသွားစေရန်အတွက် သံတမန်ရေးကို အသုံးချနေခြင်းသာ ဖြစ်သည်။

 

သို့သော်လည်း အချိန်မှာ ကုန်ဆုံးလုနီးပါး ဖြစ်လာ‌ နေသည်။ ထရမ့်သည် စိတ်ရှည်သည်းခံတတ်သူအဖြစ် လူသိများသူမဟုတ်ပေ။ ပြီးခဲ့သည့်လက ဗင်နီဇွဲလားနိုင်ငံတွင် နီကိုးလပ်စ် မာဒူရို ကို ဖမ်းဆီးနိုင်ခဲ့သည့် အောင်မြင်သော စစ်ဆင်ရေး ကြောင့်သာ ပို၍ ရဲတင်းလာပုံရသည် (အီရန်ကို တိုက်ခိုက်ခြင်းမှာ ထိုကိစ္စနှင့် လုံးဝခြားနားသော အခြေအနေဖြစ်သည်)။ ထို့ပြင် ထရမ့် သည် အမေရိကန်၏ အလုံးအရင်းနှင့် စစ်အင်အားဖြည့်တင်း ထားမှုကို အကန့်အသတ်မရှိ ဆက်လက်ထိန်းထားနိုင်မည်လည်း မဟုတ်ပေ။ ဥပမာအားဖြင့် USS Gerald Ford သင်္ဘောမှာ (ပုံမှန်အားဖြင့် ၉ လခန့်သာ တာဝန်ကျလေ့ရှိသော်လည်း) ယခုဆိုလျှင် ၈ လနီးပါး တာဝန်ကျနေပြီ ဖြစ်သည်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်မူ သမ္မတထရန့်က လက်ရှိ ထိပ်တိုက်ရင်ဆိုင်မှုကို မည်သို့အဆုံးသတ်မည်ကို ကမ္ဘာကြီးအနေဖြင့် "လာမည့် ၁၀ ရက်ခန့်အတွင်း" သိရလိမ့်မည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် အဆုံးအဖြတ်ပေးရမည့် အချိန်အခါ The moment of reckoning မှာ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။

 

(၂၀၂၆ ဖေဖေါ်ဝါရီ ၁၉ ရက် အီကောနော်မစ် တွင် ပါရှိသည့် "The moment of reckoning between America and Iran" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)