ဂေါ်ကီ ၏ အမေ(51)

by Hla Soewai - Feb 23 2026

"အမေ... ကျွန်တော့်အတွက် ဒါက ပျော်စရာတော့ သိပ်မရှိလှဘူးဗျ၊" ဟု ရိုင်ဘင်က ဆိုသည်။ "အခုနောက်ပိုင်း ကျွန်တော် ဒီမှာနေရင်းနဲ့ အရာရာကို အများကြီး လေ့လာမှတ်သားခဲ့ရတယ်။ ဟုတ်တယ်... တချို့အရာတွေကိုလည်း ကျွန်တော် နားလည်လာခဲ့ပြီ။ ဒါပေမဲ့ အခုတော့ ကျွန်တော့်ရင်ထဲမှာ ကိုယ့်ကလေးကိုကိုယ် မြေမြှုပ်သင်္ဂြိုဟ်နေရသလိုမျိုး ခံစားနေရတယ်ဗျာ။"

 

"မစ်ခေးလ် အီဗန်နစ်ချ်... မင်းတော့ ပျက်စီးတော့မှာပဲ" ဟု အမေက ဝမ်းနည်းပန်းနည်း ခေါင်းခါရင်း ဆိုလိုက်သည်။

 

သူ၏ နက်မှောင်တည်ကြည်သော မျက်လုံးအစုံက အမေ့ကို တစ်စုံတစ်ခုကို မေးမြန်းလိုသည့်အလား စိုက်ကြည့်နေ၏။ သူ၏ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကြီးကို ရှေ့သို့ အနည်းငယ် ကိုင်းညွတ်ထားပြီး လက်နှစ်ဖက်ကိုမူ ကုလားထိုင်ပေါ်တွင် ထောက်ထားသည်။ သူ၏ ညိုမှိုင်းသော မျက်နှာသည် နက်မှောင်လှသော မုတ်ဆိတ်မွေးများကြားတွင် ဖြူဖျော့နေသယောင် ထင်မှတ်ရလေသည်။

 

"မျိုးစေ့နဲ့ ပတ်သက်ပြီး ခရစ်တော် ပြောခဲ့တာကို အမေ ကြားဖူးလား။ 'သင်သည် သေဆုံးသွားမည်မဟုတ်၊ အနှံသစ်တစ်ခုအဖြစ် အသက်ပြန်ရှင်လာလိမ့်မည်' တဲ့။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် သေခါနီးပြီလို့ လုံးဝမထင်ဘူး။ ကျွန်တော်က ပါးနပ်တယ်‌ လေ။ တခြားသူတွေထက် ပိုပြီး ဖြောင့်တန်းတဲ့ လမ်းကို လျှောက်နေတာ။ အဲဒီလို လျှောက်မှလည်း ပိုဝေးဝေးရောက်နိုင်မှာလေ။ ဒါပေမဲ့... ခင်ဗျား သိလား၊ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်... ဘာကြောင့်လဲတော့ မသိဘူးဗျာ။"

 

သူသည် ထိုင်ခုံပေါ်တွင် ဂဏှာမငြိမ် ဖြစ်လာပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

"ကျွန်တော် အရက်ဆိုင်သွားပြီး လူတွေနဲ့ ခဏလောက် သွားရောလိုက်ဦးမယ်။ 'ရုရှားလေး'‌ ကတော့ လာမှာမဟုတ်တော့ဘူး။ သူ အလုပ်တွေ များနေပြီ ထင်တယ် မဟုတ်လား။

 

"ဟုတ်မယ်" အမေက ပြုံးလိုက်သည်။ "ထောင်က ထွက်လာတာနဲ့ တစ်ပြိုင်နက် သူတို့ လုပ်ရမယ့် အလုပ်တွေဆီကို အပြေးအလွှား သွားကြတာပဲ။"

 

"အဲဒီလိုပဲ ဖြစ်သင့်တာပေါ့။ ကျွန်တော့်အကြောင်းကိုလည်း သူ့ကို ပြောပြလိုက်ပါဦး။"

 

သူတို့နှစ်ဦးလည်း မီးဖိုချောင်ထဲသို့ အတူတူ ခပ်ဖြေးဖြေး လျှောက်ဝင်လာကြရင်း...

 

"သူ့ကို ကျွန်မ ပြောလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

 

"ကောင်းပြီလေ၊ ဒါဆို သွားတော့မယ်!"

 

"နှုတ်ဆက်ပါတယ်! အလုပ်က ဘယ်တော့ ထွက်မှာလဲ"

 

"ထွက်လိုက်ပြီ။"

 

"ဘယ်တော့ သွားမှာလဲ"

 

"မနက်ဖြန် မနက်စောစော။ သွားမယ်နော်!"

 

ရိုင်ဘင် သည် ခေါင်းငိုက်စိုက်ချကာ အိမ်ရှေ့ ဆင်ဝင် အောက်မှ လေးတွဲ့စွာဖြင့် ဆင်းသွားလေသည်။ အမေဖြစ်သူမှာ တံခါးဝတွင် ခဏမျှရပ်ကာ သူ၏ လေးလံသော ခြေသံများ ဝေးကွာသွားသည်ကို နားစွင့်နေမိသလို၊ သူမ၏ ရင်ထဲ၌လည်း သံသယစိတ်များက တရိပ်ရိပ် ထကြွလာခဲ့သည်။ ထို့နောက် သူမသည် အခန်းထဲသို့ တိတ်တဆိတ် ပြန်လှည့်လာပြီး လိုက်ကာကိုမကာ ပြတင်းပေါက်မှ အပြင်သို့ ချောင်းကြည့်လိုက်သည်။ အပြင်ဘက်တွင်မူ လှုပ်ရှားမှုကင်းမဲ့ကာ ဟာလာဟင်းလင်း ဖြစ်နေသော အမှောင်ထုကြီးသည် နက်ရှိုင်းသော ပါးစပ်ကြီးကို ဖြဲဟ ထားသကဲ့သို့ တည်ရှိနေလေသည်။

 

"'ငါတော့ အမှောင်ထဲမှာပဲ နေနေရပါလား' ဟု တွေးလိုက်မိသည်။ 'ထာဝရ အမှောင်ထုထဲမှာပေါ့'။ မုတ်ဆိတ်နက်နှင့် တည်ငြိမ်အေးဆေးသော ထို လယ်သမားကြီးအပေါ် လည်း သနားစိတ်ကလေး ဖြစ်ပေါ်လာသည်။ သူသည် ပခုံးအကျယ်ကြီးနှင့် သန်မာထွားကြိုင်းသူ တစ်ဦးဖြစ်သော်လည်း၊ အခြားသော လူများကဲ့သို့ပင် သူ့ထံတွင်လည်း အမျိုးအမည် မသိသော အားကိုးရာမဲ့မှု မျိုး ရှိနေသည်ဟု သူမ ခံစားလိုက်ရသည်။

 

မကြာမီမှာပင် အန်ဒရေးသည် တက်ကြွရွှင်လန်းစွာဖြင့် အိမ်ပြန် ရောက်လာသည်။ ရိုင်ဘင် အကြောင်းကို အမေက ပြောပြသည့် အခါ သူက ဝမ်းသာအားရဖြင့်...

 

"သူ သွားတော့မလို့လား၊ ကောင်းတာပေါ့... သူ့ကို ရွာတွေဆီ သွားခွင့်ပြုလိုက်ပါ။ အမှန်တရားရဲ့ အသံကို ဟစ်ကြွေးပါစေ၊ ပြည်သူတွေကိုလည်း နှိုးဆော်ပါစေဦး။ ဒီမှာ ကျွန်တော်တို့နဲ့ အတူနေရတာ သူ စိတ်မသက်မသာ ဖြစ်နေရှာတာဗျ။"

 

"သူက သခင်တွေ ဆိုတဲ့ လူတွေ အကြောင်း ပြောသွား သေးတယ်... အဲဒါက တကယ်ပဲလား" ဟု အမေက စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်။ "သူတို့တွေက မင်းတို့ကို လှည့်ဖြားချင်နေတာမျိုးရော မဖြစ်နိုင်ဘူးလား"

 

"အမေက အဲ့တာကို စိတ်အနှောင့်အယှက် ဖြစ်နေတာလား" ဟု ရုရှားလေး က ရယ်မောရင်း မေးလိုက်သည်။

 

"အို... အမေရယ်၊ ပိုက်ဆံဆိုတာလေ...။ ကျွန်တော်တို့မှာ ပိုက်ဆံသာရှိရင် ဘယ်လောက်ကောင်းမလဲ။ အခုတော့ ကျွန်တော်တို့က သူတစ်ပါး ပေးတာကမ်းတာ တွေနဲ့ ရပ်တည်နေရတုန်းပဲ။ ဥပမာ - နီကိုလိုင် အီဗန်နစ်ချ် ကိုပဲ ကြည့်လေ၊ သူ တစ်လကို ၇၅ ရူဘယ်လ်ပဲ ရတာတောင် ကျွန်တော်တို့အတွက် ၅၀ ပေးတယ်။ တခြားသူတွေလည်း ဒီလိုပါပဲ။ တစ်ခါတလေဆိုရင် ဗိုက်ဟောင်းလောင်းနဲ့ ကျောင်းသားလေးတွေကတောင် သူတို့ တစ်ပြားချင်း စုထားတဲ့ ပိုက်ဆံတွေကို ကျွန်တော်တို့ဆီ ပို့ပေးကြတာ။

 

အလုပ်ရှင်တွေထဲမှာလည်း အမျိုးမျိုးပေါ့။ တချို့က ကျွန်တော်တို့ကို လှည့်စားမယ်၊ တချို့က စွန့်ခွာသွားကြလိမ့်မယ်။ ဒါပေမဲ့ အကောင်းဆုံး လူစားမျိုးတွေကတော့ ကျွန်တော်တို့နဲ့အတူဆက် ရှိနေပြီး ကျွန်တော်တို့ရဲ့ 'အောင်ပွဲနေ့' ရောက်တဲ့အထိ အတူတူ ချီတက်ကြမှာပါ။"

 

သူသည် လက်ခုပ်တစ်ချက်တီးပြီး လက်ဝါးနှစ်ဖက်ကို အားရပါးရ ပွတ်လိုက်ရင်း ဆက်ပြောပြန်သည်။

 

"ဒါပေမဲ့ အဲဒီ အောင်ပွဲနေ့ဆီကိုတော့ လင်းယုန်ငှက်ရဲ့ တောင်ပံခတ်သံလောက်နဲ့တော့မရောက်နိုင်သေးဘူး၊ ခရီးရှည်ကြီး ချီတက်ရမယ့်ပွဲ။ ဒါကြောင့် အဲဒီနေ့မတိုင်ခင် မေလ ၁ ရက်နေ့မှာ ပွဲသေးသေးလေးတစ်ခု အရင်ဖန်တီးကြတာပေါ့။ တကယ်ကို ပျော်စရာကောင်းမှာ အမေရဲ့။"

 

ရုရှားလေး၏ စကားလုံးများ နှင့် သူ၏ တက်ကြွလှုပ်ရှားမှုများ သည် ရိုင်ဘင် ကြောင့် အမေ့နှလုံးသားထဲ တွင် ဖြစ်လာနေသည့် စိုးရိမ်ထိတ်လန့်မှုများကို လွင့်စင်ပျောက်ကွယ်သွားစေခဲ့သည်။