မတ်လ ကုန်ပိုင်းတွင် "အစိုးရသစ်" ဆို ကာ ထွက်ပေါ်လာဖို့ ရှိနေ၍ လူထု၏ အာရုံစိုက်မှုသည်လည်း မြင့်တက်လာရသည်။ အဓိက အားဖြင့် သမ္မတ မည်သူ ဖြစ်လာမည်နည်း ဆိုသည် နှင့် ပို၍ အရေးတကြီး သိချင်လာသည်က အကယ်၍ မင်းအောင်လှိုင်မှ နေရာ ဖယ်ပေးမည် ဆိုလျင် ကာကွယ်ရေး ဦးစီးချုပ် မည်သူ မည်ဝါလဲ ဆိုသည်ပင် ဖြစ်သည်ဟု ဧရာဝတီက ယခုလို သုံးသပ်ထားခဲ့သည်။
ကာကွယ်ရေး ဦးစီးချုပ်ရာထူးသည် မြန်မာ နိုင်ငံရေး တွင် နှစ်ပေါင်း ၆၀ နီးပါးခန့် လွှမ်းမိုးနေပြီး မကြာခဏ ဆိုသလို အာဏာ သိမ်းယူ နိုင်စွမ်း ရှိနေသည်။
ထိုင်း နိုင်ငံ ခြားရေး ဝန်ကြီး စီဟာဆတ် ဖုန်ကေကျောက် နှင့် စစ်အုပ်စု၏ နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေ တို့ ဖေဖေါ်ဝါရီ ၁၈ တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ရာမှ သန်း ဆွေက အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန်အတွက် သမ္မတ၊ ဝန်ကြီးချုပ် နှင့် ကာကွယ်ရေး ဦးစီးချုပ်အသစ်များကို ခန့်အပ်ရန် ပြင်ဆင်နေကြောင်း ၎င်းအား ပြောခဲ့သည်ဟု စီဟာဆတ်က တွေ့ဆုံအပြီးတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ထိုသတင်း အပေါ် အခြေခံပြီး စစ်တပ် အတွင်း နံပတ် ၂ နှင့် ၃ နေရာတွင် ရှိသော စိုးဝင်း နှင့် ကျော်စွာလင်း တို့ ဆက်ခံနိုင်ကြောင်း အသံဗလံများ ထွက်လာခဲ့သည်။
စစ်ရေးချုပ် ကျော်စွာလင်းသည် ဒေါ်စိန်အေး ကျောင်းမှ အပတ်စဉ် ၃၅ ထွက် ဖြစ်ပြီး မင်းအောင်လှိုင်၏ တပည့်သားမြေး အရင်းအချာ အဖြစ် ရှုမြင်ခံထားရသူ ဖြစ်သည်။
ဒုကာ ချုပ် စိုးဝင်းသည် ဒေါ်စိန်အေး ကျောင်းမှ အပတ်စဉ် ၂၂ ဖြစ်ပြီး ယခုအခါ အနားယူရတော့မည့် အရွယ် ရောက်နေသော်လည်း ကာချုပ်ရာထူး ကို ဆက်ခံနိုင်သူ အဖြစ် ထင်ကြေးပေးခံနေဆဲ ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး အပြီး အရှုံးများနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းအား ရှေ့တန်းစစ်မြေပြင်သို့ တခါမျှပင် မရောက်ခဲ့ဘူးသော မင်းအောင်လှိုင်နေရာ ဆက်ခံဖို့ စစ်တပ် ထောက်ခံသူများက လူသိရှင်ကြား တောင်းဆိုခံထားရသူ ဖြစ်သည်။ စိုးဝင်းသည် နောင်ချိုသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ဖူးသူ ဖြစ်သည်။
မင်းအောင်လှိုင်သည် ယခုနှစ် တရုတ် နှစ်သစ်ကူး အခမ်းအနားသို့ တက်ရောက်လာခြင်း မရှိဘဲ စိုးဝင်းသာ တွေ့လာရ၍ ထင်ကြေးများ မြင့်တက်လာခဲ့ရသည်။ စစ်တပ်သည် ယခုအခါ တရုတ် အပေါ် လုံးလုံးလျားလျား မှီခိုနေရ၍ ကာချုပ် ရာထူး ဆက်ခံမည့်သူသည် တရုတ်မှ စိတ်ချ လက်ချ လက်ခံနိုင်မည့်သူ ဖြစ်ဖို့ လိုအပ်လာသည်။ ထူးခြားသည်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်သွားရောက်ခဲ့သူ သည် မင်းအောင်လှိုင် မဟုတ်ဘဲ စိုးဝင်း ဖြစ်နေခြင်းပင် ဖြစ်သည်။
ကျော်စွာ လင်းသည်လည်း ပြီးခဲ့သည့်နှစ် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် လိုက်ပါသွားခဲ့ခြင်းကြောင့် ၎င်းစိတ်ကြိုက် ရွေးချယ်ထားသူကို ဘီဂျင်းနှင့် မိတ်ဆက်ပေးနေခြင်း လော ဟူသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း စစ်တပ်၏ ရာထူးဆက်ခံမှု သမိုင်းကြောင်းသည် လူအများ၏ ခန့်မှန်းချက်များနှင့် သွေဖည်လေ့ရှိသည့် အစဉ်အလာရှိခဲ့သည်။ လွန်ခဲ့သော ၁၅ နှစ်ခန့်က အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေသည် နိုင်ငံရေးအကူးအပြောင်းကို စီမံခဲ့စဉ်က ၎င်း၏ သြဇာကြီးမားသော ဒုတိယလူ မောင်အေး သို့မဟုတ် နံပါတ် ၃ နေရာ၌ လူပြောများနေသည့် ရွှေမန်း တို့သည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်မလာခဲ့။ ထိုအစား မထင်မရှား အဆင့်ရှိ မင်းအောင်လှိုင်ကို ရွေးခဲ့သည်။ ယခု အခါ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ထွက်ပေါ်လာနိုင်ခြေ ရှိနေပြန်သည်။
၁၉၄၁ ခုနှစ်တွင် နိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော ဗမာ့လွတ်လပ်ရေးတပ်မတော် သည် ပြည်သူများအပေါ် သစ္စာစောင့်သိရန်နှင့် ကာကွယ်ရန် သစ္စာဆိုထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ စစ်တပ်သည် အာဏာရှင်များကို ကာကွယ်ပေးပြီး အရပ်သားများကို သတ်ဖြတ်နေသည့် လူသတ်သမား တစုအဖြစ်သို့ နိမ့်ကျသွားခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအပေါ် ကျူးလွန်ခဲ့သော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများကြောင့် ထို အနေအထားသည် ပို၍ ခိုင်မာလာခဲ့သည်။
ဗိုလ်နေဝင်း မှစ၍ အာဏာသိမ်း အုပ်ချုပ်လာခဲ့သည့် အဆက်ဆက်တွင် မင်းအောင်လှိုင်သည် နိုင်ငံကို အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုတွင်းထဲသို့ နှစ်မြှုပ်ခဲ့ခြင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ ရပိုင်ခွင့်များကို ပိတ်ပင်တားဆီးခဲ့ခြင်းနှင့် စစ်တပ်ကို လူထုက ရွံရှာမုန်းတီးသော အဖွဲ့အစည်းတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ခဲ့ခြင်းတို့အတွက် မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ဝင်သွားခဲ့ပြီ ဖြစ်သည်။
၎င်း အာဏာ သိမ်းပြီး ငါးနှစ် အတွင်း လူ ၇,၀၀၀ ကျော် သေဆုံးခဲ့ရမှု၊ လူ ၂၀,၀၀၀ ကျော် ဖမ်းဆီးခံရမှု နှင့် လူပေါင်း ၃.၅ သန်း အိုးမဲ့အိမ့်မဲ့ ဖြစ်ခဲ့ရမှု များ ကြောင့် စစ်တပ်၏ ဂုဏ်သိက္ခာမှာလည်း ပြန်လည်ကုစား၍ မရနိုင်လောက်အောင် ပျက်စီးသွားခဲ့ပြီဖြစ်ကာ ယခုအခါတွင် နိုင်ငံ၌ အမုန်းခံရဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်နေပြီ ဟု ရေးသားထားသည်။
မနေ့က ရေးခဲ့သလိုပင် ဖွဲ့စည်းပုံအရကာကွယ်ရေး ဦးစီးချုပ်သည် သမ္မတ လုပ်၍ မရဟု ဆိုထားသော်လည်း မင်းအောင်လှိုင် အဖို့ က စာရွက်လေး တရွက်ပေါ်တွင် အ ကြောင်းတခုခု ပြ ပြီး လက်မှတ်ထိုး လိုက်ယုံနှင့် ရာထူး နှစ်ခုစလုံး ယူထားနိုင်သည်ကို မေ့ထား၍ မဖြစ်ပေ။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!