ဟာသ ရွေးကောက်ပွဲ ဖြင့် စာဖတ်သူ နောက်တယောက် တိုးလာဦးမည်လော

by Hla Soewai - Feb 23 2026

အတုအယောင် ရွေးကောက်ပွဲ ဖြင့် တိုင်းပြည်ကို ဆက်၍ အုပ်ချုပ်သွားမည့်လူများသည်လည်း လူဆိုးဂိုဏ်း ခေါင်းဆောင်သာသာ အဆင့် ရှိနေသူ များ ဖြစ်နေ၍ တိုင်းပြည်၏ အနာဂတ်သည် ရှေ့လျောက် ရင်လေးဖွယ်ရာ ဖြစ်နေရသည်။

 

ထိုသို့ တွေးမိကြသူတိုင်းက အမျိုးသား လွတ်‌ မြောက်‌ ရေး တိုက်ပွဲကြီး မုချ အောင်မြင်မှ လွတ်မြောက်နိုင်တော့မည်ကို သိနေကြပြီ ဖြစ်သည်။

 

သို့သော် အချို့က ယခုထိ သေနတ်သံပင် မကြားရသော အရပ်မှ နေ၍ လက်ရှိ တော်လှန်ရေးကြီး ကို ဦးဆောင်နေသူများအား ရန်ညိုးတကြီး ဖြင့် ၎င်းတို့၏ အသိဉာဏ်ကိုပင် ထောက်ထားရကောင်းမှန်း မသိ အောက်ဆုံးထိ ဆွဲချကာ ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ် ပြောဆိုနေကြသူ များလည်း ရှိနေပြန်သည်။

 

ပြီးခဲ့သည့် ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးအတွက် အချိုးအကွေ့တစ်ခု ဖြစ်လာဖို့ မရှိဘဲ၊ နိုင်ငံအတွင်း ပိုမိုနက်ရှိုင်းသည့် ပြိုကွဲပျက်စီးမှုများဆီ ဦးတည်သွားစေရုံသာမက ဒေသတွင်း အကျပ်အတည်း ပိုမိုကြီးထွားလာနိုင်သည့် အန္တရာယ်ကိုပါ အရှိန်မြှင့်တင်ပေးလိုက်သည့် ဖြစ်ရပ်ကြီးအဖြစ် သမိုင်း မှတ်တမ်းဝင်သွားနိုင်ပေသည်ဟု ဂျာမဏီ အခြေစိုက် bne Intellinews ၏ ဆောင်းပါးတွင် တိုင်ဝမ် သတင်းထောက် က ယခုလို ရေးသားထားသည်။

 

အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အတွက် မဟုတ်သည်က သေချာသည်ဟု လေ့လာသူ အများအပြားက ကောက်ချက်ချထားခဲ့ပြီးလည်း ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ ကျောထောက် နောက်ခံပြုထားသည့် USDP သည် မျှော်လင့်ထားသည့်အတိုင်း အပြတ်အသတ် အနိုင်ရရှိခဲ့သည်ဟု ကြေညာခဲ့သော်လည်း ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်းမှာပင် လွတ်လပ်သော လေ့လာစောင့်ကြည့်သူများနှင့် အာဆီယံ သံတမန်များကပင် ဤရွေးကောက်ပွဲ ရလဒ်များသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာ အခြေခံစံနှုန်းများကိုပင် ပြည့်မီခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြသည်။

 

သေချာသည်က ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် ပြည်တွင်းစစ် မီးတောက်မီးလျှံ များ ကြား ရွေးကောက်ပွဲကို ပြုလုပ်ရန် စစ်တပ်၏ ဆုံးဖြတ်ချက်သည် တင်းမာမှုများကို ပိုမိုဆိုးရွားလာစေမည်သာ ဖြစ်သည်။ စစ်တပ်သည် နယ်မြေ အမြောက်အမြား ပြန်လည် သိမ်းယူ နိုင်ရန် ကြိုးစားနေသော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ဆုံးရှုံးခဲ့ရသည့် နယ်မြေပမာဏနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာရှိ‌ သေးသည်ဟု ဆိုသည်။ အတုအ‌ ယောင် ရွေးကောက်ပွဲ သာ ပြီးသွားသော်လည်းအတိုက်အခံအင်အားစုများနှင့် ၎င်းတို့၏ ကွန်ရက်များသည် အရှိန်အဟုန်မပျက် ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်သလို ကြံ့ကြံ့ခံနိုင်စွမ်းရှိနေသည်ကိုလည်း တွေ့ရှိရသည်။

 

(၎င်းတို့၏ ရွေးကောက်ပွဲသည် စာဖတ်နေသူ နောက်တယောက် တိုးလာဖို့ သာ ရှိသည်က လွဲ၍ မည်သို့မျှ ထူးခြားလာဖို့ မရှိပေ။)

 

ထိုသို့ ‌ဖြစ်လာနေသည်များကို လျစ်လျုရှူကာ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးမှ မြန်မာအား အာဆီယံ သို့ ပြန်ခေါ်ရန် တံတား ခင်းပေးလို ကြောင်း မကြာမီက ပြောလာခဲ့ပြီ ဖြစ်သည်။

 

ဤသည်ကလည်း အခြေအနေများက ၎င်းတို့ဖက် ကူးစက်လာတော့မည်ကို ရိပ်စားမိလာနေ၍ ထိုင်းဖက်မှ စိုးရိမ်တကြီး ဖြစ်လာနေသည်ကို အထင်အရှား တွေ့လာရသည်။

 

 မြန်မာ ပြည်သူ အများစုကမူ ဤရွေးကောက်ပွဲသည် အဓိပ္ပာယ်ရှိသော ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု မည်သည့်အခါကမျှ မျှော်လင့်မထားခဲ့ကြပေ။ စစ်အုပ်စု သည် ၎င်းတို့ အကြား ရာထူး ခွဲဝေမှု နှင့်သာ အလုပ်ရှူပ်နေကြပြီး ရှေ့ဆက်သွားမည့် လမ်းစဉ်နှင့် ပတ်သက်၍ ချမှတ်ထားခြင်းလည်း မရှိကြ၊ တူညီသော မျှော်မှန်းချက် တစ်စုံတစ်ရာ ပင် မရှိသည်ကို တွေ့မြင်နေရသော ကြောင့် ဖြစ်သည်။ စစ်အုပ်စုသည် ၎င်းတို့ကိုယ် ၎င်းတို့ အရပ်သားအစိုးရပုံစံဖြင့် တရားဝင်မှု အတိုင်းအတာတစ်ခုအထိ ရရှိရန် ကြိုးပမ်းနေမှုများမှာလည်း ဟာသတစ်ခုသဖွယ်သာ ရှုမြင်ခြင်း ခံနေရသည်။

 

တဖက်တွင်လည်း ထိုသို့ ဟာသ ပုံစံ ဖြင့် တက်လာမည့် အစိုးရ အား အသိအမှတ် ပြု ဆက်ဆံမည် ဆိုက အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် အရပ်သားများကို အကာအကွယ်ပေးရေးတို့အပေါ် လိုက်နာဆောင်ရွက်မှု မရှိသူများကို အစိုးရတစ်ရပ်သဖွယ် တရားဝင်မှုပေးလိုက်သကဲ့သို့ ဖြစ်သွားစေနိုင်သည့် အန္တရာယ် ရှိနေပြန်သည်။

 

အဖက်ဖက် မှ ယို့ ယွင်းလာနေသော တိုင်းပြည် အတွက် ငြိမ်းချမ်း ရေးသည် သေရေးရှင်‌ ရေး တမျှ အ‌ ရေး ကြီး နေ၍ အားလုံးပါဝင်နိုင်ပြီး ယုံကြည်စိတ်ချရသည့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရတော့မည် ဆိုသည်ကို အားလုံး က သိနေကြသည်။ သို့သော် ထိုသို့ လုပ်မည်ဆိုက ၎င်းတို့၏ အုပ်ချုပ်‌ ရေး အာဏာ ထိပါးလာနိုင်သည့် အတွက် လက်ခံဖို့မရှိ၊ စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဆိုသည်က တော်လှန်ရေး အင်အားစုများ အားလုံး လက်နက်ချ မှ ဖြစ်မည်ဟု ခံယူထားသူများ ဖြစ်၍ မြန်မာနိုင်ငံ၏ ယိမ်းယိုင်နေသော အကူးအပြောင်းကာလသည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည့်အစား ပိုမိုကျယ်ပြန့်သော စစ်မီးများအတွင်းသို့ ကျရောက်သွားနိုင်သည့် အန္တရာယ်ရှိနေ ပေသည်ဟု ရေးသားထားသည်။

 

မင်းအောင်လှိုင်သည် ၎င်း၏ အနာဂတ် လုံခြုံရေးနှင့် တရားဝင်မှုအတွက် ရွေးကောက်ပွဲကို လှေကားထစ် တစ်ခုလို အသုံးချနေခြင်းဖြစ်သည်။ 

 

စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း ၎င်းတို့ အချင်းချင်း အကျိုးစီးပွားချင်း ဆက်နွှယ်နေသည့် အတွက် မင်းအောင်လှိုင် သမ္မတ ပြောင်းလုပ်လည်း လက်ရှိ မူဝါဒပိုင်းကို အပြောင်းအလဲ လုပ်ရဲမည့်သူ မရှိပေ။

 

ဖွဲ့စည်းပုံအရ သမ္မတ မှသာ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ရမည် ဆိုထားသော်လည်း မင်းအောင်လှိုင် အဖို့ က စာရွက်လေး တရွက်ပေါ်တွင် အ‌ ကြောင်းတခုခု ပြ ပြီး လက်မှတ်ထိုး လိုက်ယုံနှင့် ပျက်ပြယ်သွားနိုင်သည်ကို မေ့ထား၍ မဖြစ်ပေ။

 

သမ္မတ၊ ကာကွယ်‌ ရေး ဦးစီးချုပ် ပူးတွဲ ပြီးစစ်တပ်ကိုရော၊ အစိုးရကိုပါ ဆက်လက်ချုပ်ကိုင်ထားနိုင်သည်၊ သို့သော် ၎င်းတယောက်တည်း တာဝန်မခံလိုတော့၊ အယုံအကြည်လည်း မရှိကြတော့၍ စုပေါင်း ခေါင်းဆောင်မှု မျိုး နှင့် သွားနေသည်ဟု သက်သေပြနိုင်ရန် အတိုင်ပင်ခံ ကောင်စီ ကို ဖွဲ့စည်းပြလိုက်ခြင်းသာ ဖြစ်ပေမည်။

 

ဖြစ်နိုင်ခြေ ရှိနေသည်က တရုတ်ဖက်မှ သမ္မတ လုပ်ချင်သပ ဆိုလည်း လုပ်၊ သို့သော် ၎င်းတို့ အတိုင်ပင်ခံ ကောင်စီ မှ တဆင့် ပြောသည်ကို နာခံနေသရွေ့ ၎င်း၏ လုံခြုံရေး ကို အာမခံသည် ပုံစံမျိုး နှင့် ဖွဲ့စည်း‌ ပေးခဲ့ရခြင်းလည်း ဖြစ်နိုင်သည်။ ၎င်း ၇ ရက်လောက် ပျောက်သွာခြင်း မှာလည်း ကူမင်း သို့မဟုတ် ဘီဂျင်းသို့ သွားပြီး အကြိတ်အနယ် ဆွေးနွေးနေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

 

မည်သို့ပင်ဆိုစေ အတိုင်ပင်ခံ ကောင်စီသည် မင်းအောင်လှိုင် နှင့် ဘီဂျင်း လက်ဝေခံသာ ဖြစ်လာပေလိမ့်မည်။

 

၎င်းတို့အဖို့က စစ်တိုက်လိုက်၊ အရေး အကြောင်း ရှိလာလျင် ကော်မတီ ဖွဲ့လိုက်၊ လူရှိန်အောင် ရုရှား နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးလိုက် နှင့်သာ ရှေ့ခရီး ဆက်ကြပေဦးမည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!