အိုက်ခမန်းသည် စစ်သုံ့ပန်း စခန်းမှ လွတ်မြောက်လာပြီး နောက်တွင် ဂျာမဏီ မြောက်ပိုင်းသို့ ထွက် လာခဲ့ပြီး ဘရေးမန်း မြို့တွင် သစ်ခုတ်သည့် အလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ တစ်ချိန်က စည်းစိမ်ဥစ္စာကို အိတ်သွန် ဖာ မှောက် ခံစားခဲ့ဖူးသည့် အက်စ်အက်စ် (SS) အရာရှိကြီးသည် ယခုအခါ တောတွင်းရှိ တဲစုတ်လေးတစ်လုံးကို ငှားရမ်းကာ တစ်ဦးတည်း နေထိုင်နေရရှာသည်။ သူသည် မိမိ၏ အတိတ်က 'အောင်ပွဲများ' နှင့် 'စွမ်းဆောင်ချက်များ' အကြောင်း ရေးသားထားသော သတင်းစာများနှင့် စာအုပ်များကိုသာ ဖတ်ရှုရင်း အချိန်ကုန်လွန်စေတော့သည်။
သူ၏ ဇာတိမှန်ကို ဖုံးကွယ် ထားနိုင်ရန်အတွက် အစွမ်းကုန် သတိကြီးစွာ ထားပြီး ဓာတ်ပုံ အရိုက် ခံရမည်ကို ငြင်းဆန်နေဆဲဖြစ်သည်။ ဇနီးနှင့် သားငယ်သုံး ယောက်သည် တောင်ဘက် မိုင်ပေါင်းများစွာ ဝေးကွာသော ဩစတြီးယားနိုင်ငံ၊ လင့်ဇ် မြို့တွင် နေထိုင်ကြသော်လည်း အိုင်းခ်မန်းမှာမူ အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ၎င်းတို့နှင့် ဝေးဝေးတွင်သာ နေထိုင်သည်။ မိမိ၏ လှည့်ဖြားမှုမှာ လုံးဝဥဿုံ အောင်မြင်စေရန်အတွက် အိုင်းခ်မန်းသည် ဇနီးဖြစ်သူထံသို့လည်း မည်သည့်နည်းနှင့်မျှ အဆက်အသွယ် မလုပ်ဘဲနေခဲ့ရာ သူ၏ မိသားစုဝင်များကပင် သူ့ကို သေဆုံးသွားပြီဟု ယုံကြည်နေကြလေသည်။
အိုက်ခမန်းသည် သူ့နောက်သို့ သဲကြီးမဲကြီး လိုက်လံ ရှာဖွေ နေသူများ လက်လျှော့သွားကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် လေးနှစ်တာ ကာလ ပတ်လုံးစောင့်ဆိုင်းနေခဲ့သည်။ သူသည် ဂျာမနီနိုင်ငံမှ ထွက်ခွာရန် ဝန်လေးနေခဲ့ပြီး လူကြားထဲတွင်ပင် ရောနှောပုန်းအောင်းနေခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ နာဇီမုဆိုးများသည် စိတ်ပျက်အားလျော့ကာ သေချာပေါက် အရှုံးပေးသွားကြလိမ့်မည်ဟု သူက အခိုင်အမာ ယုံကြည်နေခဲ့သည်။
သစ်ကုမ္ပဏီ လုပ်ငန်း ပိတ်သိမ်းသွားသောအခါ သူသည် ကြက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ပြန်သည်။ ကြက်ဥများကို မှောင်ခိုစျေးကွက်တွင် မကြာခဏ သွားရောက် ရောင်းချလေ့ရှိပြီး၊ အထူးသဖြင့် သူကိုယ်တိုင် ကြီးကြပ်ခဲ့ဖူးသော လူသတ်စခန်းဟောင်း တည်ရှိရာ ဘဲလ်ဆင် မြို့အနီးရှိ ဂျူးလူမျိုးများကို ရောင်းချခြင်းဖြစ်သည်။
အိုက်ခ်မန်းသည် ဂျူးလူမျိုးများကို သတ်ဖြတ်ခြင်းသည် မှန်ကန်ပြီး တရားမျှတသည်ဟူသော သူ၏ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး နာဇီဝါဒီတစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေခဲ့သည်။ "ကျွန်တော်က ဂျူးဆန့်ကျင်ရေးသမား မဟုတ်ပါဘူး၊ ဂျူးတွေကို နိုင်ငံရေးအရပဲ ဆန့်ကျင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့ကို ဝါးမြို နေကြလို့ပဲ။"
အိုက်ခ်မန်းသည် သူကျိန်ဆိုခဲ့သော SS တပ်ဖွဲ့ဝင် တို့၏ သစ္စာဆိုချက်ကို မည်သည့်အခါမျှ ဖေါက်ဖျက်ခဲ့ခြင်း မရှိပေ။ ထိုသစ္စာဆိုချက်မှာ - ' ဂျာမန်အင်ပါယာ၏ ဖျူရာ ဖြစ်သည့် အဒေါ့ဖ် ဟစ်တလာ အပေါ်၌ သစ္စာရှိပါမည်၊ ရဲစွမ်းသတ္တိ ရှိပါမည်ဟု ကျွန်ုပ် ကတိသစ္စာပြုပါသည်။ သင်နှင့် သင်ခန့်အပ်ထားသော ခေါင်းဆောင်များအပေါ် သေသည့်တိုင်အောင် အကြွင်းမဲ့ အမိန့်နာခံပါမည်။ ဤကတိစကားကို ဘုရားသခင် သက်သေအရာ တည်ပါစေသတည်း' ဟူ၍ ဖြစ်သည်။"
သို့သော် အိုက်ခ်မန်းသည် သူ့ကို လိုက်လံဖမ်းဆီးနေသူများကို အထင်သေးခဲ့မိသည်။ အမှန်စင်စစ် သူတို့သည်လည်း အိုက်ခ်မန်းကဲ့သို့ပင် မိမိတို့ယုံကြည်ချက်အပေါ် အစွန်းရောက်အောင် စွဲကိုင်ထားသူများ ဖြစ်ကြရကာအိုက်ခ်မန်းကို လိုက်လံရှာဖွေခြင်းကို လက်လျှော့လိုက်မည့်အစား ပိုမိုရဲတင်းသော နည်းလမ်းများကို အသုံးပြုလာကြသည်။
မာနက်စ် ဒီယာမန့် ဆိုသူ သတ္တိခဲ ပိုလန်ဂျူးလူမျိုး နာဇီအမဲလိုက်သမားတစ်ဦးဆိုလျှင် အိုက်ခ်မန်း၏ ဓာတ်ပုံတစ်ပုံကို ရရှိရန်အတွက် အိုက်ခ်မန်း၏ ရည်းစားဟောင်းတစ်ဦးကို မြှူဆွယ်ဖြားယောင်းပြီး ဓာတ်ပုံကို ရယူခဲ့သည်အထိ ကြိုးပမ်းခဲ့သည်။
အိုက်ခ်မန်း အတွက် အကြီးအကျယ် စိတ်ပျက်စရာ ကောင်းလာရသည်က၊ ဂျာမန်လူထုသည် သူမည်သည့်နေရာတွင် ရှိနေသနည်းဆိုသည်ကို ပို၍ပို၍ပင် စိတ်ဝင်စားလာကြခြင်းဖြစ်သည်။ ဂျာမနီ၏ ရန်သူဟောင်း နိုင်ငံကြီးလေးနိုင်ငံ၏ သိမ်းပိုက်ထိန်းချုပ်ခြင်းကို ခံထားရသည့် နိုင်ငံအတွင်း၌ အိုက်ခ်မန်းသည် အာခံတော်လှန်မှု၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းကဲ့သို့ မလိုလားအပ်ဘဲ နာမည်ကျော်ကြားလာရမှုနှင့် ပတ်သက်၍ 'သတင်းစာတွေထဲမှာ၊ ရေဒီယိုတွေမှာ၊ ပြီးတော့ စာအုပ်တွေထဲမှာပါ ကျွန်တော့်နာမည်ကို အမြဲတမ်းလိုလို ဖော်ပြပြောဆိုနေကြတယ်' ဟု သူက နောင်တွင် ညည်းတွားပြောဆိုခဲ့သည်။
၁၉၅၀ အစောပိုင်း တွင် အိုက်ခမန်း ၏ ခရီးသွား စာရွက်စာတမ်းများသည် သက်တမ်း ကုန်ဆုံး တော့မည် ဖြစ်၍ သူ့ အနေနှင့် တခုခု လုပ်ရတော့မည် ဖြစ်သည်။
ဂျာမဏီ နိုင်ငံ အနှံ့တွင် SS ကွန်ယက်များ ရှိနေပြီး ဖြစ်သော်လည်း သူသည် ဂွမ် ပီယွန်၏ နာဇီ ကယ်ဆယ်ရေး အဖွဲ့ကိုသာ ဆက်သွယ်ခဲ့သည်။ နာမည်ကျော် နာဇီကွန်မန်ဒို အော့တို စကော်ဇီနီ က ဦးဆောင်နေသည်ဟု ဆိုကြသည့် 'Die Spinne' ပင့်ကူ ဟု လူသိများသော နောက်ထပ်အဖွဲ့တစ်ခုသည်လည်း အိုက်ခ်မန်း ၏ ဂျာမဏီ မှ ထွက်ပြေးတိမ်းရှောင်နိုင်ရန် ပြင်ဆင်နေသည်များကို ကူညီပေးခဲ့ကြသည်။
၁၉၅၀ ပြည့်နှစ် ဇွန်လ တွင်တော့ အိုက်ခ်မန်း သည် လွန်ခဲ့သော တနှစ်က ဂျိုးဆက် မင်းဂလိ အသုံးပြုခဲ့သည့် အီတလီမြောက်ပိုင်းကို ဖြတ်သန်းရသော ကြွက်လျှောက်လမ်း ဟု ခေါ် သည့် လျှို့ဝှက်ထွက်ပြေးသည့် လမ်းကြောင်းအတိုင်းပင် လိုက်ပါခဲ့သည်။ သူသည် ဂျီနိုအာ မြို့သို့ ရောက်ရှိသောအခါ ကြက်ခြေနီအဖွဲ့၊ ဆွစ်ဇာလန်အစိုးရ နှင့် ကက်သလစ်ဘုရားကျောင်းမှ အဖွဲ့ဝင်အချို့သည် အိုက်ခ်မန်း လိုအပ်နေသော စာရွက်စာတမ်းအတုများနှင့် တရားဝင်နိုင်ငံကူးလက်မှတ်တို့ကို ကြည်ကြည်ဖြူဖြူ ဖြင့် အကူ အညီ ပေးခဲ့ကြသည်။ မင်းဂလိ နည်းတူပင် သူသည်လည်း ရီကာဒို ကလီမင့် ဟူသော အမည်သစ် ရရှိလာခဲ့သည်။
****************
ဤသို့ဖြင့် ၁၉၅၀ ဇွန်လ ၁၇ ရက်နေ့တွင် အိုက်ခ်မန်းသည် ဂျီနိုအာ မှ အာဂျင်တီးနားသို့ ထွက်ခွာမည့် SS Giovanna C သင်္ဘောကြီးပေါ် ရောက်လာခဲ့ပြီ ဖြစ်သည်။ သူ့အား လူများ အာရုံ စိုက်နိုင်မည့် ပထမတန်း မှ လိုက်ပါခဲ့ခြင်း မရှိပဲ ရေပြင်အောက် နိမ့်သောနေရာရှိ ကျဉ်းကျပ်လှသည့် တတိယတန်းစား အိပ်စင်တစ်ခုတွင်သာ နေရာယူခဲ့သည်။
သူသည် ဝတ်စုံအပြည့်၊ အနက်ရောင်ဦးထုပ်နှင့် လည်စီး ကို ဝတ်ဆင်ထား၏။ အိုက်ခ်မန်း၏ ကုတ်အင်္ကျီ အိတ်ကပ်ထဲတွင် ဂျာမနီ မြေကြီးအနည်းငယ် ထည့်ထားသော ပုလင်းငယ်လေးတစ်လုံး ပါရှိသည်။
Giovanna သင်္ဘောကြီး ဆိပ်ကမ်းမှ ခွာလိုက်သည့် အချိန်နှင့် ပတ်သက်ပြီး အိုက်ခ်မန်းက ဤသို့ ရေးသားခဲ့ ပေလိမ့်မည်။
"ကျွန်တော့်ကို အမဲလိုက်သလို လိုက်လံ ဖမ်းဆီးနေသူ တွေကို နောက်ဆုံးမှာ အောင်အောင်မြင်မြင် မျက်ခြေဖြတ် နိုင်ခဲ့တဲ့ သားကောင်တစ်ကောင်လို ခံစားလိုက်ရတယ်။ လွတ်လပ်မှုရဲ့ အရသာက လှိုင်းလုံးကြီးတစ်ခုလို ကျွန်တော့်ဆီကို လွှမ်းခြုံရောက်ရှိလာခဲ့တယ်"
လေးပတ်အကြာ ၁၉၅၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် တော့ ကုန်တင်သင်္ဘောကြီးသည် ကျယ်ပြောလှသော ရီယို ဒီ လာ ပလာတာ မြစ်ဝမှတဆင့် တရွေ့ရွေ့မောင်းနှင်လာပြီး ဗျူနိုအေးရိစ် ဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် မနက် နေ အထွက်ကို စောင့်ဆိုင်းနေခဲ့သည်။
အိုင်းခမန်း တစ်ယောက် အလွန်စိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင်မူ သူသည် မည်သူမည်ဝါဖြစ်ကြောင်း အမှန်တရားကို ထုတ်ဖော်နိုင်မည့် လွတ်လပ်ခွင့်ရခဲ့ပြီဖြစ်သည်။ “ဒီ တောင်အမေရိကရဲ့ ‘မျှော်လင့်ချက်တွေ ပြည့်ဝစေမယ့် နယ်မြေ’ မှာ ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတချို့ ရှိနေတယ်ဆိုတာ ကျွန်တော်သိတယ်၊ သူတို့ကို ကျွန်တော်ဟာ SS အရာရှိဟောင်း အဒေါ့ဖ် အိုင်းခမန်း ဖြစ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ်နဲ့ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်ခဲ့တယ်” ဟု သူက နောက်ပိုင်းတွင် ပြန်လည်ပြောပြခဲ့သည်။
အိုင်းခမန်းသည် ချက်ချင်းဆိုသလိုပင် သူ၏ဘဝသစ်ကို စတင်တည်ထောင်ခဲ့သည်။ တစ်လအတွင်းမှာပင် အာဂျင်တီးနားမြောက်ပိုင်းရှိ တူကူမန် မြို့တွင် အလုပ်ရခဲ့သည်။ သူသည် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွင် အတွေ့အကြုံ လုံးဝမရှိသော်လည်း သူ၏ SS အဆက်အသွယ်များကြောင့် CAPRI ဟုခေါ်သော ကုမ္ပဏီတစ်ခုတွင် ရာထူးတစ်ခု ရရှိခဲ့သည်။ ထိုကုမ္ပဏီသည် အာဂျင်တီးနားနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သော စပိန်ဘာသာစကားကို ကျွမ်းကျင်စွာ မပြောတတ်သည့် ဂျာမန်စကားပြော အမျိုးသားများကို အလုပ်ခန့်ထားပေးသည့်အတွက် SS အသိုင်းအဝိုင်းကြားတွင် လူသိများသည်။
လေးလအကြာတွင် အိုက်ခ်မန်းသည် သူသေဆုံးသွားပြီဟု အားလုံးက ထင်မှတ်နေကြသော်လည်း အမှန်တကယ်တွင် အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေကြောင်း သူ၏ဇနီးထံသို့ လျှို့ဝှက်သင်္ကေတဖြင့် သတင်းစကားပါးခဲ့သည်။ ထိုသတင်းစကားမှာ "မင်း ကလေးတွေရဲ့ဦးလေး ရီကာဒို ကလီးမင့် ဟာ အသက်ရှင်လျက် ရှိနေပါတယ်" ဟူ၍ ဖြစ်သည်။
နောက်ထပ် နှစ်နှစ်နီးပါး ကြာမြင့်ပြီးနောက်တွင်မှ အိုက်ခ်မန်းသည် သူ၏ဇနီး ဗီရာ နှင့် သားသုံးယောက်တို့ကို အာဂျင်တီးနားသို့ ခေါ်ယူနိုင်ရန် လုံလောက်သော ငွေကြေးကို ပေးပို့နိုင်ခဲ့သည်။
၁၉၅၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် "ဦးလေး ရီကာဒို" အဖြစ် ဟန်ဆောင်ထားသော အိုက်ခ်မန်းသည် ဗျူနိုအေးရိစ် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော SS Salto သင်္ဘောကြီးနှင့် လိုက်ပါလာ သော သူ၏ မိသားစု ကို သွားရောက်ကြိုဆိုခဲ့သည်။
ထိုနေ့သည် အာဂျင်တီးနား၏ နာမည်ကျော် အမျိုးသမီးခေါင်းဆောင် အီဗီတာ ပီရွန် ကွယ်လွန်ပြီး နှစ်ရက်အကြာသာ ရှိသေးသည်။ အာဂျင်တီးနား တစ်နိုင်ငံလုံးမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံများကို တိုင်တစ်ဝက် လွှင့်ထူထားကြပြီး၊ ပိတ်ထားသော အစိုးရရုံးများလည်း ပြန်လည်ဖွင့်လှစ်ခါစ အချိန်ဖြစ်သည်။ ထောင်ပေါင်းများစွာသော အာဂျင်တီးနား ပြည်သူလူထုမှာလည်း ခမ်းနားစွာ ပြင်ဆင်ထားသော အီဗီတာ၏ ရုပ်အလောင်းကို ဂါရဝပြု ကြည့်ရှုနိုင်ရန် နေ့စဉ်နှင့်အမျှ တန်းစီ စောင့်ဆိုင်း နေကြဆဲ ဖြစ်သည်။