မင်းအောင်လှိုင်အား လှောင်ပြောင်သလို ဖြစ်နေသည့် ကုလ အစီရင်ခံစာ

by Hla Soewai - Feb 23 2026

လူဦးရေ၏ သုံးပုံ တပုံခန့် ရှိ မြန်မာ လူငယ်များ သည် ဘေးဒုက္ခ နှင့် မရေရာမှု ကြားမှ ပညာ သင်ယူ နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ ၎င်းတို့ အသစ်တဖန် တွေ့ရှိလာသော လေ့လာဆန်းစစ်ချက်ကို ထုတ်ပြန်ထားသည်။

 

နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုနှင့် လူမှုရေး ပျက်ပြားမှုများကြားတွင် ပညာသင်ကြားရေးနှင့် ဝင်ငွေရရှိရေး လမ်းစများမှာ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရသည်။ ထို့ကြောင့် မြန်မာလူငယ်များ၏ ဘဝမှာ 'ရပ်တန့်' နေရပြီး ၎င်းတို့၏ စွမ်းဆောင်ရည်များကို ဖော်ဆောင်နိုင်ခြင်း မရှိတော့ဟု ဆိုသည်။

 

ဘွဲ့ရ လူငယ်များပင်လျှင် အလုပ်အကိုင်ရရှိရန် ရုန်းကန်နေရပြီး၊ အထူးသဖြင့် အမျိုးသမီးငယ်များက အခြေအနေ ပိုမိုဆိုးရွားနေသည်။ ၎င်းတို့ ရရှိထားသော အရည်အချင်းများနှင့် လက်ရှိရှိနေသော အလုပ်အကိုင် အခွင့်အလမ်းများကြား ပိုမိုကွာဟလာနေမှုကို မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။

 

ကျေးလက်နေ လူငယ်များသည် မြို့ပြနေ လူငယ်များနှင့် နှိုင်းယှဉ်ပါက ပုံမှန်အလုပ်အကိုင်နှင့် ပညာရေး အခွင့်အလမ်း ရရှိမှု ပိုမိုနည်းပါးနေသဖြင့် အခြေအနေ ပိုမိုဆိုးရွားနေကြပြီး၊ ဒေသအလိုက် ကွာဟမှုများ ပိုမိုနက်ရှိုင်းလာသည်။

 

"မြန်မာတွင် ပညာရေးမှသည် အလုပ်အကိုင်ရရှိရေးအထိ ချိတ်ဆက်ဆောင်ရွက်မှုများ ရပ်တန့်နေခြင်းသည် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခုသာမကဘဲ မျိုးဆက်တစ်ခုလုံးအတွက် အချက်ပေးခေါင်းလောင်းသံတစ်ခုလည်း ဖြစ်သည်" ဟု UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောကြားခဲ့သည်။ "ပျက်ပြားသွားသော ပညာရေး၊ ကောင်းမွန်သော အလုပ်အကိုင်များ ပျောက်ဆုံးမှုနှင့် မလုံခြုံမှုများအပြင်၊ အမြစ်တွယ်နေသော ကျား/မ ရေးရာနှင့် လူမှုရေးဆိုင်ရာ အဟန့်အတားများကြောင့် လူငယ်အမျိုးသား၊ အမျိုးသမီး သန်းပေါင်းများစွာ၏ ရည်မှန်းချက်များနှင့် စွမ်းဆောင်ရည်များမှာ ပြိုလဲပျက်စီးနေရသည်ကို တွေ့မြင်နေရသည်ဟု ဆိုသည်။

 

လူငယ် ၄ ဦးတွင် ၁ ဦး (စုစုပေါင်း ၄ သန်းနီးပါး) မှာ အလုပ်လက်မဲ့ ဖြစ်နေပြီး၊ ကယားပြည်နယ်တွင် အလုပ်လက်မဲ့နှုန်း ၅၀ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၄၀ ရာခိုင်နှုန်းထက် ကျော်လွန်နေသည်။ အလုပ်ရှိသည့် လူငယ်အများစုမှာလည်း ကိုယ်ပိုင်လယ်ယာလုပ်ကိုင်ခြင်း သို့မဟုတ် ကျပန်းလုပ်သားအစရှိသည့် အခြေမခိုင်သော အလုပ်များသာ လုပ်ကိုင်နေကြရသဖြင့် ဝင်ငွေရုတ်တရက် ထိခိုက်မှုများနှင့် စီးပွားရေး မတည်ငြိမ်မှုဒဏ်ကို ခံရလွယ်သော အခြေအနေတွင် ရှိနေကြသည်။

 

အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြားရှိ လူငယ် ၄ ဦးတွင် ၃ ဦး (စုစုပေါင်း ၅ သန်းကျော်) မှာ ပညာသင်ကြားခြင်း သို့မဟုတ် အသက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်နိုင်ခြင်း မရှိတော့ပေ။ ကျေးလက်ဒေသများတွင်မူ ထိုပမာဏသည် လူငယ် ၅ ဦးတွင် ၄ ဦးအထိ ရှိလာပြီး၊ အထူးသဖြင့် တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ပိုမိုဆိုးရွားနေသည်။

 

အမျိုးသမီးငယ် ၄ ဦးတွင် ၁ ဦးနီးပါးသည် အိမ်ထောင်စုတာဝန်များကြောင့် ကျောင်းထွက်ကြရပြီး၊ အမျိုးသားများတွင်မူ ၅ ရာခိုင်နှုန်းသာ ရှိသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပျမ်းမျှအားဖြင့် ဝင်ငွေ ၂၂ ရာခိုင်နှုန်း ပိုမိုနည်းပါးကြသည်။ 

 

လူငယ် ၅ ဦးတွင် ၁ ဦးနီးပါး (စုစုပေါင်း ၃ သန်းခန့်) မှာ အလုပ်အကိုင်လည်းမရှိ၊ ပညာသင်ကြားခြင်းလည်းမရှိ၊ အသက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်ခြင်းလည်းမရှိသည့် အခြေအနေတွင် ရှိနေကြသည်။ ဤနှုန်းထားသည် အမျိုးသမီးများတွင် ၂၅ ရာခိုင်နှုန်းအထိရှိကာ အမြင့်ဆုံးဖြစ်နေပြီး၊ ပဋိပက္ခဖြစ်ပွားရာဒေသများဖြစ်သည့် ကယားပြည်နယ်တွင် ၄၂ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၃၂ ရာခိုင်နှုန်းအထိ ရှိနေသည်။

 

ထိုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသော်လည်း မြန်မာလူငယ်များ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ရည်မှန်းချက်များကို အစီရင်ခံစာက အသားပေး ဖေါ်ပြထားသည်။ လူငယ် ထက်ဝက်နီးပါးက နည်းပညာနှင့် အသက်မွေး ဝမ်းကျောင်း ပညာသင်ကြားရေးကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြပြီး၊ အများစုမှာလည်း လိုအပ်ချက်အရ ကိုယ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြပြီဖြစ်သည်ဟု ပါရှိသည်။

 

၂၀၂၅ အောက်တိုဘာလ က ထုတ်ပြန်ခဲ့‌ သောကုလ သမဂ္ဂ၏ အစီရင်ခံစာသည် မကြာသေးမီက ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခမ်းမ စင်မြင့်ထက်မှ စစ်ခေါင်းဆောင်၏ ဘုန်းတော်ဘွဲ့များကို ရှာကြံ ပြောဆိုခဲ့ပြီး "ပြည်သူ ရေးရာ စီမံခန့်ခွဲမှု ပါရဂူ" ဘွဲ့ ဟု ဆိုကာချီးမြှင့်သည့် အခမ်းအနား ကို လှောင်ပြောင်သရော် နေသည့် အလား ဖြစ်နေသည်။

 

အနှီ ပုဂ္ဂိုလ်သည် ၎င်းတို့ အာဏာ ဆက်လက် ဆုပ်ကိုင်ထား နိုင်‌ ရေး အတွက် တိုင်းပြည်၏ အနာဂတ် ဖြစ်သည့် လူငယ် ကိုး‌ သောင်း ခန့်ကို စစ်‌‌ မြေပြင် သို့ အတင်း အဓမ္မ ပို့လွှတ်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ လူငယ်များ ဘဝ ကို တိုင်းသိပြည်သိ ဖျက်ဆီး ပစ်ခဲ့သူ တယောက်အဖို့ ထိုသို့သော ဘွဲ့မျိုး နှင့် ထိုက်တန်ပါ၏ လော၊ ဒေါ်နယ် ထရမ့်က နိုဘဲလ်ဆု တောင်းသလို ငါလည်း ရရာ တောင်းမည်ဟု စိတ်ကူးပေါ်လာခြင်းလည်း ဖြစ်ပေမည်။

 

နောက်တကြောင်းက ယခုလို ရန်ကုန် တက္ကသိုလ် ရှိ ကဝိ ပညာရှင်ကြီးများကပင် ၎င်း၏ စွမ်းဆောင်ရည်များကို မချီးမွမ်းပဲ မနေနိုင်အောင် ဘွဲ့ များ အပ်နှင်းရသည့် အဖြစ်ကို ကြည့်ပြီး ၎င်းအား တရုတ်က အစ အောက်‌ ခြေ စစ်သား အဆုံး သုံးစားမရဟု ထင်နေသူများ ပါးစပ်ပိတ်သွားကြမည်ဟုလည်း တွေးမိ နိုင်မည် မဟုတ်ပါလား။

 

အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် မင်းအောင်လှိုင်သည် ၎င်းကိုယ်၎င်း နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်ကြီး နှစ်ခုကို ချီးမြှင့်ခဲ့သည်။ ၎င်းတို့မှာ "နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းခြင်း" ကြောင့် ရရှိသည့် သတိုးသီရိသုဓမ္မ ဘွဲ့နှင့် "ပြည်ထောင်စုအကျိုးအတွက် ထူးကဲစွာ ကြိုးပမ်းဆောင်ရွက်ခြင်း" ကြောင့် ရရှိသည့် သတိုးမဟာသရေစည်သူ ဘွဲ့တို့ ဖြစ်ကြသည်။

 

၎င်း ထို ဆုများ ရသည့် အချိန်က ယာယီ သမ္မတ အဖြစ် မြင့်ဆွေက တာဝန်ယူထားချိန် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၀၅ အရ နိုင်ငံတော် သမ္မတ အဆင့် မှ သာ ချီးမြှင့်ရမည် ဖြစ်သော်လည်း ကာကွယ်ရေး ဦးစီးချုပ်က စစ်ကောင်စီ ဥက္ကဌ ဆိုက သူ့ကိုယ်သူ ပြန်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီ က ထောက်ပြခဲ့သည်။

 

ထိုကဲ့သို့ ဆုများ တသီတတန်းကြီး ရနေသော မင်းအောင်လှိုင်သည် ၎င်း၏ လက်ထက် ၅ နှစ်တာအတွင်း အခြေခံစားသောက်ကုန်များ၊ ရွှေနှင့် အမေရိကန်ဒေါ်လာဈေးနှုန်းများ စံချိန်တင် မြင့်တက်လာမှုနှင့် အတူ စီးပွားရေးပျက်ကပ်ကို ရင်ဆိုင်‌ နေသည်။ တစ်ဖက်တွင်လည်း တရားဥပဒေစိုးမိုးရေးသည် ဆိုးဆိုးရွားရွား ပျက်စီးယိုယွင်းလာသည့် အတွက် တရားဥပဒေဆိုသည် တကယ်ပင် ရှိသေးရဲ့လားဟု လူအများက မေးခွန်းထုတ်နေကြပြီ ဖြစ်သည်ဟု ဆိုသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!