အသက်ငင်လာ နေပြီ ဖြစ်သော ရုရှားစီးပွားရေး

by Hla Soewai - Feb 23 2026

 ရုရှား ၏ ယူကရိန်း ကျုးကျော် စစ်သည် ငါးနှစ်ထဲသို့ ရောက်ရှိလာသည် နှင့်အမျှ ထိုစစ်ပွဲကို ဆက်၍ ဆင်နွှဲနိုင်ရန် ထောက်ပံ့ပေးနေသည့် ရုရှား၏ စီးပွားရေးသည်လည်း အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုပြောင်းလဲမှုများသည် နောက်ထပ် အကျပ်အတည်းတစ်ခု ထပ်မကြုံရသရွေ့မူလအခြေအနေကို ပြန်ရောက်ဖို့ ခက်ခဲနိုင်သလို၊ ဖြစ်နိုင်ခြေလည်း လုံးဝမရှိတော့သည့် အနေအထားမျိုး ရောက်လာခဲ့သည်။

 

အနောက်နိုင်ငံများက ရုရှားစီးပွားရေး ပြိုလဲသွားမည့် အချိန်ကို စောင့်မျှော်နေကြသော်လည်း တကယ်တမ်းတွင် ပြိုလဲသွားမည် မဟုတ်။ သို့သော် နာလန် ပြန်ထူလာနိုင်မည်လည်း မဟုတ်ပေ။

 

ရုရှားစီးပွားရေးသည် တောင်တက်သမားများအခေါ် "သေမင်းတမန်ဇုန်" (Death Zone) ထဲကို ရောက်ရှိသွားပြီ ဖြစ်သည်။ သေမင်းတမန်ဇုံ ဆိုသည်က အမြင့်ပေ ၈,၀၀၀ ကျော် အထက်တွင် ရှိသည့် နေရာဖြစ်ပြီး၊ လူ့ခန္ဓာကိုယ် တွင် အောက်စီဂျင် အလွန်နည်းပါးလာကာ ခန္ဓာကိုယ်ရှိ ဆဲလ်များသည် အသစ်ပြန်မဖြစ်တော့ဘဲ တဖြည်းဖြည်း သေဆုံးသွားသည့် အဆင့်ကို ဆိုလိုခြင်း ဖြစ်သည်။

 

ရုရှား၏ စီးပွားရေးသည် "အနုတ်လက္ခဏာဆောင်သည့် အခြေအနေတစ်ခု" (Negative Equilibrium) တွင် ပိတ်မိနေသည်။ ထိုအနေအထားသည် မိမိကိုယ်ကို ပြိုလဲမသွားအောင် ထိန်းထားနိုင်သော်လည်း စစ်ပွဲအတွက် အရင်းအမြစ်များ အလွန်အမင်း သုံးစွဲနေရ၍ နောင်တချိန်တွင် ပြန်လည်ဦးမော့လာဖို့ လိုအပ်သည့် အရင်းအနှီးများ တဖြေးဖြေးချင်း ဆုံးရှုံးနေရသည့် အခြေအနေမျိုး ဆိုက်နေသည်။

 

ပို့ကုန် မှ ဝင်ငွေများ ကျဆင်းနေသလို၊ စီးပွားရေး အားနည်းချက် များကြောင့်လည်း ဘတ်ဂျက်လိုငွေများကို အခွန်တိုးကောက်ပြီး ပြန်ဖြည့်ဖို့ မဖြစ်နိုင်တော့။ ၂၀၂၅ တွင် ရုရှား၏ စီးပွားရေးသည် ၁ ရာခိုင်နှုန်း သာ တိုးတက်ခဲ့ပြီး၊ ယခုနှစ်အတွက် ခန့်မှန်းချက်သည်က ထိုထက်မက ပိုမိုဆိုးရွားလာဖို့ ရှိနေသည်။

 

လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ရုရှား၏ စီးပွားရေးသည် စစ်ရေးအတွက် သက်သက်၊ အရပ်ဘက်အတွက် သက်သက်ဆိုပြီး လမ်းကြောင်းနှစ်ခု သိသိသာသာ ကွဲပြားခြားနားသွားခဲ့သည်။

 

ပထမစနစ်သည် စစ်ဘက်ဆိုင်ရာ နှင့် စစ်တပ် နှင့် ဆက်နွှယ်နေသည့် လုပ်ငန်းစုများ ပါဝင်သည်။ ငွေကြေးနှင့် အရင်းအမြစ် များကို ခန္ဓာကိုယ်၏ အရေးကြီး အင်္ဂါ အစိတ်အပိုင်းများ ဆီ သွေးပို့သလိုမျိုး စစ်တပ်ဘက်ကိုပဲ အကုန်ပုံအောပေးနေခဲ့သည်။ အလုပ်သမား အသစ်များ ခန့်အပ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အသစ်များကိုလည်း လုပ်ဆောင်နေဆဲ ဖြစ်သည်။ ထို့အပြင် လုပ်သားအင်အား၊ အရင်းအနှီးနှင့် သွင်းကုန်ပစ္စည်း များကိုလည်း အခြားကဏ္ဍ များထက် အထူးအခွင့်အရေးအနေနှင့် ဦးစားပေး ရယူနိုင်ကြသည်။

 

ဒုတိယစနစ် တွင် တော့ ကျန်ရှိနေသည့် ကဏ္ဍအားလုံး ဖြစ်သည့် ပုဂ္ဂလိကလုပ်ငန်းများ၊ အသေးစား စီးပွားရေးလုပ်ငန်းများနှင့် လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပါဝင်နေသည်။ ထို ကဏ္ဍများသည် ခန္ဓာကိုယ်၏ "ခြေဖျားလက်ဖျား" များကဲ့သို့ ၊ အအေးဒဏ်ကို အလူးအလဲခံနေရပြီး အပစ်ပယ်ခံထားရသည့် အစိတ်အပိုင်းများ ဖြစ်သည်။

 

လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ရုရှား၏ စုစုပေါင်း ကုန်ထုတ်လုပ်မှုကဏ္ဍသည် ၁၈.၃ ရာခိုင်နှုန်း အထိ အားကောင်းကောင်းနှင့် တိုးတက်လာခဲ့သည်။ သို့သော်လည်း ထိုသို့ တိုးတက်မှု အစိတ်အပိုင်းတိုင်းသည် စစ်ဘက်ဆိုင်ရာ ကဏ္ဍနှင့် ဆက်နွယ်‌ နေပြန်သည်။ အရပ်ဘက် စက်မှုကဏ္ဍ သည် သိသိသာသာ ကျုံ့ဝင် သွားခဲ့ရသည်။

 

ထိုစနစ်သစ်၏ အန္တရာယ်အရှိဆုံး အချက်သည်က သူ့ဖာသာ လောင်ကျွမ်းနေသည့် "လောင်စာ" ပင် ဖြစ်သည်။ ယခုအခါ ရုရှား၏ စီးပွားရေးသည် "စစ်ရေးဆိုင်ရာ အမြတ်ထုတ်မှု" (Military Rent) ဟု ခေါ်ဆိုနိုင်သည့် အပေါ်တွင် လည်ပတ်နေသည်။ ယင်းသည် လုပ်ခလစာ များ နှင့် စီးပွားရေးလှုပ်ရှားမှု များကို ဖန်တီးပေးနိုင် ရန် အတွက် နိုင်ငံ၏ ဘတ်ဂျက်ငွေများကို ကာကွယ်ရေးလုပ်ငန်းစု များဆီ လွှဲပြောင်းပေးနေခြင်းသာ ဖြစ်သည်။

 

ယင်းသည်၂၀၀၀ ပြည့်နှစ်များက "ရေနံကနေရခဲ့သည့် အကျိုးအမြတ်များ" နှင့် ဆင်တူ နေသည်။ သို့သော် အလွန်အရေးကြီးသည့် ကွာခြားချက် တစ်ခု ရှိနေသည်။ ရေနံကရသည့် အမြတ်အစွန်း များသည် စနစ်၏ "ပြင်ပ" ကနေ လာခြင်း ဖြစ်သည်။ ထိုငွေများသည် အမှန်တကယ် စီးပွားရေးလောကထဲ တွင် လှည့်ပတ်စီးဆင်းနေခဲ့သည်။

 

"စစ်ရေးဆိုင်ရာ အမြတ်ထုတ်မှု" ကတော့ စစ်စရိတ် အတွက် ပြည်သူ့ဆီကရသည့် အခွန်ငွေ သို့မဟုတ် နိုင်ငံတော်ဘဏ္ဍာကိုပဲ စစ်တပ်ထဲ ပြန်ထည့်ပေးနေခြင်းဖြစ်၍ တကယ်တမ်း တွင်တော့ ပိုက်ဆံအသစ် ဝင်လာတာမျိုး မဟုတ်။ ရေနံက ရောင်းစားလို့ရသော ပစ္စည်းဖြစ်သော်လည်း စစ်လက်နက် များကတော့ စစ်မြေပြင်မှာ ဖျက်ဆီးပစ်ဖို့သာ ဖြစ်သည့်အတွက် ရေရှည်တွင် စီးပွားရေးကို အကျိုးမပြုနိုင်။ ထိုအဖြစ်သည် ခန္ဓာကိုယ်က စွမ်းအင်ရဖို့အတွက် သူ့တွင်ရှိ "ကြွက်သားတစ်ရှူးများကိုပဲ ကိုယ်တိုင် ပြန်လည်ခြေဖျက် စားသုံးနေသည်" နှင့် အတူတူပင် ဖြစ်သည်။

 

ထို အခြေအနေသည် ငွေကြေးမူဝါဒ သို့မဟုတ် အခွန် ဘဏ္ဍာရေး မူဝါဒများနှင့် ကုစားလို့ရသည့် ပုံမှန်စီးပွားရေး အတက်အကျ သံသရာမျိုး မဟုတ် ပေ။ စီးပွားရေးကျဆင်းမှု ဆိုသည်က မောပန်းနွမ်းနယ်မှု နှင့် အလားသဏ္ဍန် တူသည်—အနားယူလိုက်ရင် ပြန်လည်လန်းဆန်းလာနိုင်သည်။ ရုရှ၏ အခြေအနေသည်ကတော့ "အမြင့်တက်ရောဂါ" (Altitude Sickness) နဲ့ တူနေသည်—အနားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ထို အမြင့်ပေတွင် ကြာကြာနေလေလေ၊ အခြေအနေက ပိုဆိုးလာလေလေ ဖြစ်နေသည်။

 

ကရင်မလင် ၏ ကျဆင်းလာမှု အား သင်္ချာနည်းအရ တွက်ချက် ကြည့်မည် ဆိုက လက်ရှိတွင် ရုရှားသည် ကာကွယ်ရေးကဏ္ဍ အတွက် နိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှု GDP ၏ ၈ ရာခိုင်နှုန်း ခန့် သုံးစွဲ နေရသည်။ စစ်ပွဲကို ရပ်ပြီး စစ်တပ်အင်အားကို ပြန်လျှော့ချဖို့ ဆိုက အောက်ပါအချက် ၅ ချက်ကို တစ်ပြိုင်နက်တည်း ဖြည့်ဆည်းနိုင်ဖို့ လိုအပ်သည်။

 

၁။ ကရင်မလင်၏ စိုးရိမ်ထိတ်လန့်မှုများကို ပြေပျောက်စေမည့် ခိုင်မာသော လုံခြုံရေးအာမခံချက်များ ရရှိခြင်း၊ သို့မှသာ ၎င်းတို့၏ စစ်လက်နက်အင်အား ပြန်လည်တည်ဆောက်မှုကို မည်သည့် အတိုင်းအတာအထိ လျှော့ချနိုင်မလဲ ဆိုသည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

 

၂။ စစ်သားများကို အရပ်ဘက်သို့ ပြန်လွှတ်ရာတွင် ထိရောက်သည့် အသက်မွေး

ဝမ်းကျောင်း သင်တန်းပေးမှုများ ပါဝင်သည့် လူအင်အား လျှော့ချရေး အစီအစဉ်များ ရှိရမည်။

 

၃။ နည်းပညာများ ပြန်လည်ရရှိနိုင်ဖို့ အနည်းဆုံး ပိတ်ဆို့အရေးယူမှု အချို့ကို ဖြေလျှော့ပေးခြင်း ခံရမည်။

 

၄။ ကာကွယ်ရေးဆိုင်ရာ ဝယ်ယူဖြည့်တင်းမှု များတွင် ဘတ်ဂျက်ကို အလဟဿ အကုန်အကျခံနေမည့် အစား ထိရောက်မှုကို ဦးစားပေးသည့် စနစ်သစ်တစ်ရပ် ဖေါ်ဆောင်ရမည်။

 

၅။ ပြန်လည်ခွဲဝေပေးလိုက်သည့် အရင်းအမြစ်များကို လက်ခံအသုံးချပြီး တီထွင်ဖန်တီးမှုများကို မြှင့်တင်ပေးနိုင်မည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းစု (SME) ယန္တရားတစ်ခု ကောင်းမွန်စွာ တည်ရှိနေခြင်းတို့ ဖြစ်သည်။

 

ထို အချက် ၅ ချက်စလုံး တစ်ချိန်တည်းမှာ တိုက်ဆိုင် ဖြစ်ပျက်လာဖို့ အလားအလာကတော့ သုည နီးပါးပင် ဖြစ်သည်။

 

လက်ရှိတွင် ဘဏ္ဍာရေးဆိုင်ရာ "အောက်စီဂျင်" သည် တဖြည်းဖြည်း နည်းပါးလာနေသည်။ ၂၀၂၅ ခုနှစ်အတွက် ဘတ်ဂျက်လိုငွေပြမှု သည် ရုရှားရူဘယ်ငွေ ၅.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံ) အထိ လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး ထိုပမာဏသည် GDP ၏ ၂.၆ ရာခိုင်နှုန်း ရှိ နေပြီး ကိုဗစ် ကပ်ရောဂါ နောက်ပိုင်း အကြီးမားဆုံး လိုငွေပြမှုလည်း ဖြစ်သည်။

 

ယခု နှစ်အတွက် အစိုးရကြွေးမြီများ အပေါ် ပေးဆောင်ရမည့် အတိုးနှုန်းစရိတ် သည် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ နှစ်ခုပေါင်းအတွက် သုံးစွဲမည့် စရိတ်ထက်ပင် ပို၍ များပြားနေသည်။

 

ရေနံဈေးနှုန်း ဖက်ကလည်း ဖိအားများ ပိုမိုကြီးထွားလာသည်။ ရုရှား၏ အဓိကရေနံအမျိုးအစားဖြစ်သော Urals (ယူရယ်လ်) ရေနံစိမ်းသည် ယခုအခါ ကမ္ဘာ့စံနှုန်းဖြစ်သည့် Brent (ဘရန့်) ရေနံဈေးထက် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ ဈေးလျှော့ပြီး ရောင်းနေရသည့် အတွက် ရုရှား၏ ပို့ကုန်ဝင်ငွေသည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ဦးတည်နေသည်။

 

ဇန်နဝါရီလ အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့မှရရှိသည့် ဝင်ငွေသည့် ပြီးခဲ့သည့် နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျင် ထက်ဝက် ခန့် ကျဆင်းသွားခဲ့ပြီး ရူဘယ် ၄၀၀ ဘီလီယံ အောက်သာ ရှိတော့သည်။

 

စွမ်းအင်ဈေးနှုန်းများ ကျဆင်းနေခြင်းသည် ရုရှား ကြောင့် တော့ မဟုတ်။ တရုတ်တွင် ကုန်ဈေးနှုန်း ကျဆင်းပြီး စီးပွားရေးနှေးကွေး‌ နေမှု ၊ ဥရောပ၏ စီးပွားရေးရပ်တန့်မှုနှင့် အမေရိကန်၏ ကုန်သွယ်ရေးစစ်ပွဲ များ‌ ကြောင့် ဖြစ်သည်။ 

 

 ပုံမှန် စီးပွားရေးသီအိုရီ အရဆိုက အခြေအနေများ ဆိုးရွား လာသည် နှင့် အမျှ ကရင်မလင် အနေနှင့် စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေဆီ ဦးတည်လာရမည် ဖြစ်သည်။ ကုန်ကျစရိတ်များ အဆမတန် မြင့်တက်လာသည်ကို ရင်ဆိုင်နေရပြီ ဆိုသည့် အသိတရားရှိသူတိုင်း ထိုအခြေအနေကနေ ရုန်းထွက်ဖို့ နည်းလမ်းကိုပဲ ရှာဖွေကြမှာ ဖြစ်သည်။ သို့သော် ဗလာဒီမာ ပူတင်ကတော့ ၎င်း၏ အောက်စီဂျင်တိုင်း ကိရိယာကိုပဲ ကြည့်နေသူ မျိုး မဟုတ်။ ဘေးက တခြားတောင်တက်သမားတွေကိုပါ စောင့်ကြည့်နေသူ ဖြစ်သည်။

 

ဗလာဒီမာ ပူတင် မျက်စိထဲ မြင်နေသည်က - ဥရောပသည် အကျပ်အတည်း များနှင့် ရုန်းကန်နေရပြီး၊ နိုင်ငံရေးအရ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေသလို ရုရှားအရေးအပါအဝင် မဟာဗျူဟာမြောက် ကိစ္စရပ်များတွင် သဘောတူညီချက် မရနိုင်ဘဲ ဖြစ်နေခြင်း၊ ယူကရိန်းက နုံးချည့်နေပြီး ရွေးကောက်ပွဲ သံသရာတစ်ခုစီတိုင်းမှာ ယိမ်းယိုင်နေတတ်သည့် အနောက်အုပ်စု၏ ထောက်ပံ့မှုအပေါ်မှာပဲ မှီခိုနေရခြင်း၊ ကမ္ဘာ့စီးပွားရေးတွင်လည်း နိုင်ငံ အတော်တော် များများသည် အသက်ရှူကျပ်နေကြပြီး မြင့်မားလှတဲ့ ကြွေးမြီများနှင့် ကုန်သွယ်ရေးကို လက်နက်သဖွယ် အသုံးချမှုများကြောင့် ဖြစ်ပေါ်လာမည့် အကျပ်အတည်းကို စိုးရိမ်တကြီး စောင့်ကြည့်နေကြခြင်း တို့ပင် ဖြစ်သည်။

 

အကယ်၍ သင့်၏ ပြိုင်ဘက်များကလည်း အားနည်းလာနေပြီ၊ သင်က သူတို့ထက် ပိုပြီး အောင့်အည်းသည်းခံနိုင်သည်ဟု ယုံကြည်နေသည် ဆိုက တွက်ချက်ပုံများသည် ပြောင်းပြန် ဖြစ်သွား‌ ပေတော့မည်။ အလျှော့အတင်းလုပ်ဖို့ တွန်းအားပေးလာသည့် စီးပွားရေးဆိုင်ရာ ဖိအားများသည် ယခုအခါတွင် တော့ "ဆက်လက်တောင့်ခံထားဖို့" ဆိုသည့် ယုတ္တိဗေဒကိုသာ ပိုပြီး ခိုင်မာစေခဲ့သည်။

 

နှစ်ဖက်စလုံးက ပြေလည်ဖို့ လမ်းစမမြင်ဘဲ "တိုက်ရမှာပဲ" ဟု တွေးနေကြ သည့် အတွက် စစ်ပွဲသည် ရပ်တန့်မသွားဘဲ သံသရာလည်နေသည်။ စီးပွားရေးအရ ထိခိုက်နေ‌ သော်လည်း စစ်ကို ဆက်တိုက်နေမှသာ တည်ငြိမ်သည့် ရလဒ် ရလာလိမ့်မည် ဟု ရုရှားက မျှော်လင့်နေသည်၊ ပူတင်သည်စီးပွားရေးကောင်းလာဖို့ မျှော်လင့် နေခြင်း မဟုတ်ဘဲ၊ တဖက်လူများ အရင်ပြိုလဲသွားမည့် "ကံတရား" သို့ မဟုတ် "နိုင်ငံရေးအပြောင်းအလဲ" ကို စောင့်ရင်း ကြိတ်မှိတ်တောင့်ခံနေခြင်းသာ ဖြစ်သည်။

 

ရုရှားသည် မဝေးလှတော့သည့် အနာဂတ်ကာလအထိ စစ်ကို ဆက်လက်ဆင်နွှဲနိုင်စွမ်း ရှိကောင်းရှိနိုင်သည်။ သို့သော် မည်သည့် တောင်တက်သမားမှ "သေမင်းတမန်ဇုန်" ထဲတွင် ထာဝရ ရှင်သန်မနေနိုင်သလို၊ ထိုအမြင့်မှနေ ပြန်ဆင်းဖို့ ကြိုးစားသည့် တောင်တက်သမားတိုင်းလည်း အသက်မရှင် နိုင်ကြ။

 

ကရင်မလင် အတွက်တော့ စီးပွားရေး ယိုယွင်းပျက်စီးမှုကို တားဆီးဖို့ အနည်းဆုံး စစ်ပွဲကို အဆုံးသတ်ဖို့ လိုအပ်သည်။ စစ်ပွဲရပ်လိုက်ရုံနှင့်နာလန်ပြန်ထူလာမည်ဟု အာမ မခံနိုင် သော်လည်း ထိုကဲ့သို့ အမြင့်ပေ တွင် တနှစ်ထက်တနှစ် ပိုကြာလာလေလေ - ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ခြင်း၊ အစိုးရယန္တရား ပျက်ပြားခြင်းနှင့် စစ်ပြီးခေတ် မူဝါဒများနှင့် ပြန်ပြင် မရနိုင်တော့သည် အထိ ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင်ခြင်း အစရှိသည့် "စနစ်တစ်ခုလုံးဆိုင်ရာ ဘေးအန္တရာယ်" များက ပိုမိုမြင့်တက်လာမည် ဖြစ်သည်။

 

အနောက်နိုင်ငံမှ မူဝါဒချမှတ်သူများ မေးရမည်က - ဒီအမြင့်ကနေ နောက်ဆုံး ပြန်ဆင်းလာသည့် အခါ ဘယ်လိုပုံစံမျိုးနှင့် ရုရှား ပေါ်ထွက်လာမည် ဆိုသည်နှင့်၊ နောက်ဆက်တွဲ အခြေအနေ များ အတွက်ရော မည်သူတွင် အစီအစဉ်ရှိသလဲ ဆိုသည်ပင် ဖြစ်သည်။

 

ရုရှားသည် စစ်ပွဲမှာ တောင့်ခံနိုင်စွမ်း ရှိနေသေးသည် ဆိုသော်လည်း တကယ်တမ်းတွင် ၎င်း၏ အနာဂတ်တစ်ခုလုံးကို လောင်းကြေးထပ်ပြီး အသေခံ တောင့်ခံနေခြင်းသာ ဖြစ်သည်။ စစ်ပွဲပြီး၍ ပြန်ဆင်း လာသည့် အခါ ပြိုလဲပျက်စီးနေသော နိုင်ငံတနိုင်ငံ ဖြစ်မလာဖို့ မည်သူ တွင်မှ အစီအစဉ် မရှိသေးဘူး ဆိုသည်ကို မီးမောင်းထိုးပြလိုက်သည့် ဆောင်းပါးပင် ဖြစ်သည်။

 

(၂၀၂၆ ဖေဖေါ်ဝါရီ ၁၆ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ Russia’s economy has entered the death zone ဆောင်းပါးကို ပြန်လည် တင်ပြသည်။)