မင်းအောင်လှိုင်သည် ၎င်း အာဏာသိမ်းခဲ့သည့် ငါးနှစ် သက်တမ်း အတွင်း အခြေ အနေများက ဖိအား ပေးလာ၍ နိုင်ငံရေး အရ အကြီးအကျယ် စွန့်စားမှု ကြီး နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရသည်။
ပထမ တကြိမ်က နိုင်ငံတွင်း ရှိ လူငယ်လူရွယ် လေးများကို စစ်ထဲ အတင်းအဓမ္မ ဆွဲ သွင်းသည့် ဥပဒေ ကို ပြန်လည် အသက်သွင်းလာခြင်းပင် ဖြစ်သည်၊ ထိုလုပ်ရပ်သည် တတိုင်းပြည်လုံး ဆူပူ အုံကြွလာသည် အထိ ဖြစ်နိုင်သော်လည်း ၎င်း အတွက် အသေခံ ပေးမည့် လူ ကိုးသောင်းခန့် အထိ စုမိဆောင်းမိ ဖြစ်သွားခဲ့ပြီး အထိအခိုက် မရှိ လွတ်မြောက်လာခဲ့သည်။ အောက်ခြေ မှ အရာရှိများသည်လည်း ငွေထုတ်ပိုက်ပြီး စုမိဆောင်းမိ ဖြစ်ကုန်သွားသည်။
ဒုတိယ စွန့်စား မှု သည်ကား တိုင်းပြည်ကို တည်ငြိမ်အောင် မလုပ်နိုင်မီ နယ်မြေ အမြောက်အမြား လက်လွှတ်ပေးနေရချိန်တွင် ရွေးကောက်ပွဲ ကို အမြှောက်သံ ဗုံးသံကြားမှ သုံးကြိမ်ခွဲ၍ ထ လုပ်ခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် ယခု နောက်ဆုံးတကြိမ် စွန့်စားမှု သည်က မည်သို့ မည်ပုံ ဖန်လာလေမည် မသိ၊ ၎င်း ထင်သလို ဖြစ်လာဖို့ အခြေအနေ မပေးသည့် လက္ခဏာများ ထွက်ပေါ်လာနေသည်။ တရုတ်သံရုံး ဧည့်ခံပွဲ တွင်လည်း ၎င်းအား ပုဝါနီ ကြီး ဖြင့် တွေ့မလာရတော့။
မည်သို့ပင် ဖြစ်စေ ၎င်း အာဏာသိမ်းခဲ့သည့် ငါး နှစ် သက်တမ်း အတွင်း အာရှ တွင် သမ္မတ နှစ်ဦး၊ ဝန်ကြီးချုပ် နှစ်ဦး ပေါင်း လေးဦး သည် ပြည်သူများ ၏ တခဲနက် ဝိုင်းဝန်း ဆန့်ကျင်မှု ကြောင့် တိုင်းပြည်မှ ထွက်ပြေးသူ ပြေးရ၊ ထောင်ကျသူ ကျ နှင့် ဖြစ်ကုန်ကြလေပြီ၊ ထိုပုဂ္ဂိုလ် လေးဦးစလုံး သည် ၎င်းလို လက်နက်အားကိုး ဖြင့် အာဏာသိမ်းယူ ခဲ့ကြသူများ မဟုတ်။ ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြင့် အာဏာ သို့ တက်လှမ်းလာခဲ့ကြသူများ ချည်းသာ ဖြစ်သည်။
ပထမဆုံး သီရိလင်္ကာ တွင် စီးပွားရေးပျက်သုဉ်းမှုနှင့်အတူ ပြည်သူ့ဆန္ဒပြပွဲများကြောင့် စင်္ကာပူသို့ ထွက်ပြေးခဲ့ရသည့် သမ္မတမှာ ဂိုတာဘာယာ ရာဂျာပက်ဆာ ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်း ဆိုက်ရောက်ခဲ့သည်။ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် ပြည်သူများက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ "Gota Go Home" ဟု အမည်ပေးထားသည့် လှုပ်ရှားမှုဖြင့် သမ္မတနန်းတော်ကို ပြည်သူများက ဝိုင်းဝန်းစီးနင်းခဲ့ကြသောကြောင့် ၎င်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် နိုင်ငံတွင်းမှ စင်္ကာပူ သို့ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။
ဒုတိယ က ဘင်္ဂလားဒေ့ရှ် ဖြစ်သည်၊ နိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် ရာထူးကနေ နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံကို အရေးပေါ် ထွက်ပြေးခဲ့ရပြန်သည်။
အဓိက မီးပွားသည်က အစိုးရအလုပ်အကိုင် များအား ၁၉၇၁ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူများ၏ မိသားစုဝင်များ အတွက် ၃၀ ရာခိုင်နှုန်း သီးသန့် ခွဲတမ်းချ ပေးထားတဲ့ စနစ်ကို ပြန်လည်အသက်သွင်းရာက စတင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်ကို ကျောင်းသားလူငယ်များက မမျှတဘူးလို့ ယူဆပြီး အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
ဆန္ဒပြပွဲများကို အစိုးရက ရဲတပ်ဖွဲ့နှင့် စစ်တပ်သုံးပြီး အကြမ်းဖက် နှိမ်နင်းခဲ့ကြသည်။ ထိုသို့နှိမ်နင်းမှုတွေကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရသည့် အတွက် ဆန္ဒပြပွဲကို အရှိန်အဟုန် ပိုမိုပြင်းထန်စေခဲ့သည်။ အစပိုင်းတွင် အလုပ် ခွဲတမ်း စနစ်ကိုသာ ဆန့်ကျင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရှိတ်ဟာဆီနာကို ရာထူးက ဆင်းပေးဖို့ "တခုတည်းသော ဦးတည်ချက်" အဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
နှစ်ပေါင်းများစွာ အာဏာကို ဆုပ်ကိုင်ထားစဉ်အတွင်း အတိုက်အခံတွေကို ဖိနှိပ်ခြင်း၊ ရွေးကောက်ပွဲ မသမာမှုများ ပြုလုပ်ခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခြင်း များ အပေါ် ပြည်သူများ၏ စုပြုံနေသည့် မကျေနပ်ချက် များကိုပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
၂၀၂၄၊ ဩဂုတ်လ ၅ ရက်နေ့ တွင် သိန်းနှင့် ချီသော ဆန္ဒပြသူ များသည် ဝန်ကြီးချုပ် အိမ်တော်ဆီကို ချီတက်လာခဲ့ကြသည်။ စစ်တပ်ကလည်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖို့ ငြင်းဆန်ခဲ့ပြီး ဝန်ကြီးချုပ်ကို ရာထူးကဆင်းဖို့ ဖိအားပေးလာခဲ့သည်။ နောက်ဆုံး တွင်တော့ ရှိတ်ဟာဆီနာသည် နုတ်ထွက်လွှာ တင်ခဲ့ပြီး ရဟတ်ယာဉ်နှင့် အိန္ဒိယနိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။
တောင်ကိုရီယားနိုင်ငံတွင် သမ္မတ ယွန်းဆော့ယော သည် မာရှယ်လော စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့သည့် အတွက် ရာထူးကနေ ဖယ်ရှားခံရပြီး အရေးယူခံခဲ့ရသည့် အဖြစ်သည်၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်း ကမ္ဘာတစ်ဝန်းဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်း တွင် သမ္မတ ယွန်းဆော့ယောသည် ရုပ်မြင်သံကြားကနေတစ်ဆင့် အရေးပေါ် သမာရှယ်လော ကို ရုတ်တရက် ထုတ်ပြန်ခဲ့သည်။ အတိုက်အခံပါတီ များက အစိုးရယန္တရားကို နှောင့်ယှက်နေသည့် အတွက် နိုင်ငံတော်ကို အန္တရာယ် ဖြစ်လာ နေသည် ဆိုသော အကြောင်းပြချက်နှင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီး နာရီပိုင်းအတွင်းမှာပင် လွှတ်တော်အမတ် များသည် လွှတ်တော်ထဲကို အတင်းဝင်ရောက်ပြီး မာရှယ်လောကို ပယ်ဖျက်ဖို့ တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
တောင်ကိုရီယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်က ကန့်ကွက်ပါက သမ္မတသည် စစ်အုပ်ချုပ်ရေးကို ပြန်ရုပ်သိမ်းပေးရသည်။ ထိုသို့ ကန့်ကွက် နိုင်ခဲ့၍ ဒီဇင်ဘာ ၄ ရက်နေ့ မနက်အစောပိုင်းမှာပင် မာရှယ်လောကို ပြန်လည် ရုပ်သိမ်းပေးခဲ့ရသည်။
၎င်း၏ လုပ်ရပ်အား ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းဖို့ ကြိုးပမ်းမှုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထို့အတွက် ဒီ ဇင်ဘာလလယ်တွင် လွှတ်တော်က သမ္မတကို ရာထူးက ဖယ်ရှားဖို့ အတည်ပြု မဲခွဲဆုံးဖြတ်ခဲ့သည်။
လွှတ်တော်က အတည်ပြုလိုက်သည်နှင့် သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာအားလုံး ချက်ချင်း ရပ်ဆိုင်းသွားခဲ့ပြီး ဝန်ကြီးချုပ်က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့သည်။
သမ္မတ ယွန်းဆော့ယောသည် ရာထူးကနေ ဖယ်ရှားခံရရုံတင်မက "နိုင်ငံတော်ပုန်ကန်မှု" အပါအဝင် ပြစ်မှုပေါင်းများစွာနှင့် တရားစွဲဆို ခံခဲ့ရသည်။ ၎င်းကို နိုင်ငံတွင်းက ထွက်ခွာခွင့် ပိတ်ပင်ခဲ့ပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာပြီး ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်ခဲ့သည်။
ယွန်းဆော့ယောသည် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း တောင်ကိုရီယားတွင် မာရှယ်လောကို ပထမဆုံးအကြိမ် ပြန်လည်ထုတ်ပြန်ခဲ့သည့် သမ္မတဖြစ်ပြီး၊ ထိုလုပ်ရပ်ကြောင့်ပင် ၎င်း၏ နိုင်ငံရေးဘဝ နိဂုံးချုပ်သွားခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလလယ် မှာ ပင် နောက်ထပ် ဖြစ်ပွားလာခဲ့သည်က နီပေါနိုင်ငံတွင် ရုတ်ခြည်းဆိုသလို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရသည့် နိုင်ငံရေး အခြေအနေ တရပ် ပေါ်ထွက်လာခဲ့ခြင်း ပင် ဖြစ်သည်။
သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားခဲ့သလို နီပေါဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ သည်လည်း ပြင်းထန်သည့် လူထုဆန္ဒပြပွဲ များကြောင့် ရဟတ်ယာဉ်နှင့် ထွက်ပြေးခဲ့ရသည်။
အဓိကအားဖြင့် စီးပွားရေး ကျဆင်းမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ အစိုးရ၏ အဂတိလိုက်စားမှု များအပေါ် ပြည်သူများက နှစ်ရှည်လများ မကျေနပ်ရာမှ အရှိန်အဟုန် နှင့် ပြင်းထန်လာခဲ့ခြင်း ကြောင့် ဖြစ်သည်။ အထူးသဖြင့် လူငယ်များနှင့် ကျောင်းသားများက ဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြလာခဲ့ကြသည်။
ဆန္ဒပြသူများက ဝန်ကြီးချုပ် နေအိမ်နှင့် အစိုးရရုံးစိုက်ရာ နေရာများကို ဝိုင်းဝန်းပိတ်ဆို့ဖို့ ကြိုးစားခဲ့ကြသည်။ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပြီး အခြေအနေကို ထိန်းချုပ်လို့ မရတော့သည့် အခါတွင်တော့ ဝန်ကြီးချုပ် အိုလီသည် ဘေးကင်းရာကို ရဟတ်ယာဉ်နဲ့ အရေးပေါ် ထွက်ခွာ သွားခဲ့ရသည်။
ထို့အတွက် သမ္မတ ရာမ် ချန်ဒရာ ပေါဒဲလ် သည် နိုင်ငံတော် အခြေအနေကို ထိန်းသိမ်းဖို့အတွက် စစ်တပ်အကြီးအကဲနဲ့ တိုင်ပင်ပြီး အရေးပေါ် အစည်းအဝေးတွေ ခေါ်ယူခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လစ်လပ်သွားသည့် အုပ်ချုပ်ရေးယန္တရားကို ပြန် လည်ပတ်ဖို့အတွက် ပါတီစုံပါဝင်သည့် ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ သမ္မတက ဦးဆောင်စီစဉ်ခဲ့သည်။
စစ်တပ်ကတော့ တိုက်ရိုက်အာဏာသိမ်းတာမျိုး မဟုတ်ဘဲ နိုင်ငံတော် တည်ငြိမ်ရေးအတွက် သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လုံခြုံရေးကို တာဝန်ယူပေးခဲ့သည်။
နောက်ထပ် ထူးခြား ဖြစ်စဉ် တခုက တော့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး အား ၎င်း၏ သမ္မတသက်တမ်းအတွင်း ဆောင်ရွက်ခဲ့သည့် "မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ" ကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) လွှဲပြောင်း ပေး ခံလိုက်ရခြင်း ဖြစ်သည်။
ဒူတာတေး အာဏာရလာခဲ့သည့် ၂၀၁၆-၂၀၂၂ အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သူများကို မြင်ရုံနှင့် ပစ်သတ်ရန် အမိန့်ပေးခဲ့သည်။ အစိုးရ၏ တရားဝင်စာရင်းအရ လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့သော်လည်း လူ့အခွင့်အရေးအဖွဲ့များ၏ ခန့်မှန်းချက်အရ လူပေါင်း ၁၂,၀၀၀ မှ ၃၀,၀၀၀ ခန့် အထိ သတ်ဖြတ်ခံခဲ့ရသည်။ ၎င်းသည် "လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု" ဖြင့် အိုင်စီစီ အချုပ်ခန်း အတွင်း ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းတို့အားလုံးသည် စီးပွားရေး အကြပ်အတည်း၊ အာဏာရှင်ဆန်သော ဖိနှိပ်မှု များ နှင့်ဒီမိုကရေစီ ယန္တရားကို ချိုးဖောက်မှု များ ကြောင့် ပြုတ်ကျ သွားခဲ့ရခြင်း ဖြစ်သည်။ မြန်မာ တွင် စစ်ခေါင်းဆောင်များ ဆယ်စု နှစ်ပေါင်း များစွာ ကြာအောင် ကျုးလွန်နေခဲ့ သည့် အကြောင်းခြင်းရာ များလည်း ဖြစ်သည်။
မင်းအောင်လှိုင် အဖို့ကတော့ ထိုသို့သော သတင်းများ ကြားလေလေ နေမထိ ထိုင်မသာ ဖြစ်နေ လေလေပင် ဖြစ်သည်၊ ထိုသို့ ဖြစ်လာရခြင်း မှာလည်း ယဉ်ကျေးသော လူ့ အဖွဲ့အစည်း တခုလုံးက မည်သို့မျှ လက်မခံနိုင်သည့် လုပ်ရပ်များ ကျုးလွန် နေရသည်ကို ၎င်း ကိုယ်တိုင် သိနေသော ကြောင့်လည်း ဖြစ်သည်။
အံ့ဩဖို့ ကောင်းသည်က ထိုသို့ လူ့ယဉ် ကျေးမှု များ ဖေါက်ဖျက် ကျုးလွန်နေကြမှု ကို မည်သို့ မျှ သည်းငြည်း မခံနိုင်၍ ဆန့်ကျင် တွန်းလှဟန်နေမှု များကို ဒီအက်စ်အေ ကျောင်းဆင်း ပညာအရည် အချင်းသာ ရှိသည့် မင်းအောင်လှိုင်က ပညာမတတ်၊ အသိပညာ အားနည်းနေ၍ ဖြစ်သည်ဟု ချိုးချိုးဖဲ့ဖဲ့ ပြောသွားခြင်းပင် ဖြစ်သည်။
၎င်းအတွက် တခုတည်းသော မျှော်လင့်ချက်သည်ကား မြန်မာပြည်တွင် ခေတ်အဆက်ဆက် အာဏာရှင်များသည် ထိုကဲ့သို့ အဖြစ်ဆိုးမျိုး နှင့် မကြုံခဲ့ရဆိုသည်ပင် ဖြစ်သည်။
ရွေးကောက်ပွဲ အပြီး တပ်ချုပ်ရာထူးကို လက်မလွှတ်ရဲ၍ စက္ကူ တရွက် ပေါ် ၎င်းကိုယ်တိုင် လက်မှတ် ရေးထိုးပြီး အတိုင်ပင်ခံ ကောင်စီ ဥက္ကဌ ခန့်အပ်ကာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထား သော်လည်း နိုင်ငံတကာ အသိအမှတ်ပြုမှု ရရန်ခက်ခဲမည်။
ဒုတိယ ဖြစ်နိုင် ခြေ က ၎င်း၏ လူလည် ကျမှု ကို လက်သင့် မခံနိုင်၍ စစ်တပ်အတွင်း အပြောင်းအလဲ Internal Coup ဖြစ်ပြီး ရာထူးမှ အနားပေးခံရခြင်း သို့မဟုတ် ထိန်းသိမ်းခံရခြင်း။
တတိယက နယ်မြေဆုံးရှုံးမှု ပိုမိုများပြားလာပြီးနောက် အိမ်နီးချင်းနိုင်ငံတစ်ခုခု (ဥပမာ- ရုရှား သို့မဟုတ် တရုတ်) သို့ ထွက်ပြေးတိမ်းရှောင်ရခြင်း တို့ ဖြစ်လာနိုင်သည်။
အချုပ်အားဖြင့် -မင်းအောင်လှိုင်၏ အခြေအနေသည် ၂၀၂၆ ခုနှစ်အတွင်း ဖြစ်လာနိုင်သော အလှည့်အပြောင်းကြီး ကို အပွန်း အပဲ့ မရှိ လွတ် မြောက်လာ နိုင်မည်လား။ အကယ်၍ လွတ်မြောက်လာနိုင်မည်ဆိုက အချိန်ကာလ တခုအထိ ဆက်၍ ရပ်တည်သွားနိုင်မည် ဖြစ်သည်။
မည်သူမျှ သေချာပေါက် မပြောနိုင်ဘဲ လာမည့် လ အတွင်း အဖြေ တခု ထွက်လာ ပေတော့မည်။
ပြည်သူတို့ ၏ တရားသော စစ် မုချ အောင်ရမည်!!!