တီမော တုန့်ပြန်ပြီ

by Hla Soewai - Feb 23 2026

စစ်အုပ်စု မှ တီမော ၏ သံရုံးယာယီ တာဝန်ခံအား ဖေဖေါ်ဝါရီ ၂၀ နောက်ဆုံးထားပြီး နိုင်ငံတွင်း မှ ထွက်ခွာရန် နှင်ထုတ်ခဲ့မှု သည် ဟိုလေး တကျော်ကျော် ဖြစ်ကာ နိုင်ငံတကာ သတင်း စာမျက်နှာ များ တွင် ပါရှိလာသည်။

 

အားလုံးကလည်း အဘယ်ကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံအချင်းချင်း ထိုမျှ အထိ ဖြစ်ရသနည်း ဟု စိတ်ဝင်တစား ‌လေ့လာကြမည် သာ ဖြစ်သည်။

 

ထိုအခါတွင်တော့ မိမိနိုင်ငံသားများ အပေါ် ရက်စက် ကြမ်းကြုပ်စွာ ကျူးလွန်ခဲ့မှု များ အတွက် တီမော၏ တရားရေး အာဏာပိုင်များက စစ်အုပ်စု အပေါ် တရားစွဲဆိုလာမှု ကို လက်ခံလိုက်၍ ဖြစ်သည်ဟု သိလာကြမည်သာ ဖြစ်၍ နိုင်ငံတကာ မျက်နှာစာတွင် ၎င်းတို့ လုပ်ရပ်များကို ၎င်းတို့ဖာ ပြန်၍ မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

ချင်းလူ့အခွင့်အရေး အဖွဲ့က မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စု သစ္စာခံ တပ်များက အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခဲ့မှုများ၊ သတင်းထောက်တစ်ဦးအပါအဝင် လူ ၁၀ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ သေဆုံးမှုများ နှင့် ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံများပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆိုင်ရာ ခိုင်လုံသောသက်သေအထောက်အထားများ တင်ပြလာ၍ ဖြစ်သည်ကိုလည်း တကမ္ဘာလုံး သိသွားကြပြီ ဖြစ်သည်။

 

တနိုင်ငံ နှင့် တနိုင်ငံ လက်နက်ကြီးများ နှင့် ပစ်ခတ်နေသော ထိုင်း နှင့် ကမ္ဘောဒီယား ပင် ထိုအဆင့် အထိ ဖြစ်မလာခဲ့။

 

ယခုအခါတွင် တော့ ကြီးနိုင်ငယ်ညှင်း ဆက်ဆံချင်သော စစ်အုပ်စု၏ အကျင့်စရိုက်ကြောင့် ၎င်းတို့ လုပ်ရပ်များ ကို လူသိရှင်ကြား ဖြစ်အောင် ကြေညာပေးသလို ဖြစ်သွားခဲ့ရသည်။

 

စစ်အုပ်စုက ၎င်းတို့ အပေါ် ရာဇဝတ်မှုနှင့် အမှုဖွင့်လက်ခံလိုက်ခြင်းသည် အခြားနိုင်ငံများအတွက်ပါ လမ်းဖွင့်ပေးသလို ဖြစ်သွားမည့် အရေး နှင့် ထို အမှုတွင် တင်ပြလာမည့် သက်သေ အထောက်အထားများသည် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) နှင့် နိုင်ငံတကာတရားရုံး (ICJ) တို့အတွက်ပါ အထောက်အကူ ဖြစ်သွားမည့်အရေး ကို

လွန်စွာ စိုးရိမ်မကင်း ဖြစ်လာသည်မှာ အတိုင်းသား ပေါ်လွင်နေသည်။

 

တီမော အစိုးရ ဖက်မှ ယခုလို ကြေညာချက် ထုတ်ပြီး တုန့်ပြန်လာခဲ့သည်။

 

အရှေ့တီမောနိုင်ငံသည် အာဆီယံ နှင့် ကုလသမဂ္ဂတို့၏ ရပ်တည်ချက်များနှင့်အညီ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု အားလုံးကို ထောက်ခံအားပေးရန် အရေးကြီးကြောင်း ထပ်လောင်းအတည်ပြုပါသည်။ ထို့အပြင် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရှိကြောင်း ဖော်ပြအပ်ပြီး စစ်ကောင်စီအနေဖြင့် လူ့အခွင့်အရေးများကို လေးစားရန်နှင့် လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်း၍ အပြုသဘောဆောင်သော ဖြေရှင်းနည်းတစ်ရပ်ကို ရှာဖွေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးကတည်းက မြန်မာနိုင်ငံ၏ အခြေအနေမှာ တကမ္ဘာလုံး စိုးရိမ်ပူပန်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။ စစ်ကောင်စီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရလဒ်များကို ပယ်ဖျက်ကာ အာဏာသိမ်းယူခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။ အရှေ့တီမောအပါအဝင် နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံရှိ အကျပ်အတည်းများအား ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် မြန်မာပြည်သူများ၏ အခြေခံရပိုင်ခွင့်များကို လေးစားလိုက်နာရန် ဆက်လက်တောင်းဆိုနေကြပါသည်။

 

နဝမအကြိမ်မြောက် အခြေခံဥပဒေဆိုင်ရာ အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ဝန်ကြီး Agio Pereira က ယခုလို ထပ်မံ ပြောဆိုလာပြန်သည်။

 

“အရှေ့တီမော ဒီမိုကရက်တစ် သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ရပ်ကို တွေ့ဆုံဆွေးနွေးမှုနဲ့ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာခြင်းအားဖြင့်သာ ဖော်ဆောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်အပေါ် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နေပါတယ်” ဟု ဆိုသည်။

 

 “ဒေသတွင်းမှာ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာဖို့နဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အင်အားစုပေါင်းပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့” ကိုလည်း ထပ်လောင်း တောင်းဆိုလိုက်ကြောင်းလည်း ပြောသွားခဲ့သည်။

 

မြန်မာ့စစ်တပ်အပေါ် အရှေ့တီမောနိုင်ငံ၏ ရပ်တည်ချက်သည် ၎င်းတို့၏ စဉ်ဆက်မပြတ် လုပ်ဆောင်ချက်များနှင့် ယခင်ကတည်းက ရှိခဲ့သော သဘောထားများမှတစ်ဆင့် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ယင်းတို့အနက် မြန်မာတွင် ကျူးလွန်ခဲ့သည်ဟု ဆိုကြသော ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုဆိုင်ရာ ယန္တရားများကို ထောက်ခံအားပေးခြင်းနှင့် ၂၀၂၅ ဇန်နဝါရီလအတွင်းက သမ္မတ ရာမို့စ်ဟောတာနှင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကိုယ်စားလှယ်များ တွေ့ဆုံခဲ့မှုတို့မှာ ထင်ရှားသော သာဓကများ ဖြစ်သည်ဟု South China morning Post သတင်းစာတွင် ရေးသားထားသည်။

 

စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း နိုင်ငံအများအပြားသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ကြပြီး သံအမတ်ကြီးများအစား တဆင့်နိမ့်သံတမန်များကိုသာ ထားရှိခဲ့ကြသည်။

 

အရှေ့တီမော သည် အာဆီယံ အဖွဲ့ဝင် ဖြစ်ရေး စစ်အုပ်စု၏ ကန့်ကွက် နေမှုများကို လိမ္မာ ပါးနပ်စွာ ကျော်လွှားနိုင်ခဲ့၍ အာဆီယံ၏ ဆယ်တစ်နိုင်ငံ မြောက် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

 

အရှေ့တီမောနိုင်ငံသည် အာဆီယံ၏ နောက်ဆုံးအဖွဲ့ဝင်အသစ် ဖြစ်လာပြီးနောက် တရက်အကြာတွင် သမ္မတ ရာမို့စ် ဟောတာက မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ သတင်းထောက်များကို ပြောကြားရာတွင် - မြန်မာတွင် ပြင်းထန်စွာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ် အကျပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် ၎င်းကိုယ်တိုင် ကြားဝင်စေ့စပ်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

 

အထက်တွင် ပြောခဲ့သလို စစ်အုပ်စုက သံတမန်ကို နှင်ထုတ်လိုက်မှု သည် ၎င်းတို့ အတွက် မည်သို့မျှ အကျိုး ရှိလာမည် မဟုတ်သည့်အပြင် အရှေ့တီမောအနေနှင့် စစ်ကောင်စီကို အသိအမှတ်ပြုစရာ အကြောင်းမရှိတော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပိုမိုပွင့်လင်းစွာ ဆက်ဆံနိုင်တော့မည် ဖြစ်သည်။ အခြားနိုင်ငံများကိုလည်း NUG နှင့် တရားဝင် ထိတွေ့ဆက်ဆံဖို့ သံတမန်ရေးရာ လမ်းကြောင်းသစ် တစ်ခုကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

 

စစ်တပ် အတွက် ၎င်းတို့ အပေါ် တရစ်ပြီး တရစ် တင်းကျပ်လာနေမှု များမှ သက်သာရာ သက်သာကြောင်း လည်း ဖြစ်၊ တရုတ်၏ ဩဇာခံ ဖြစ်မည့် အရေးမှ ရုန်းထွက်နိုင်မည့် တခုတည်းသော နည်းလမ်းသည်က လက်ရှိ စစ်ခေါင်းဆောင်များကို ဖယ်ရှားနိုင်မှသာ ဖြစ်ပေလိမ့်မည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!