စစ်အုပ်စု မှ အရှေ့တီမော သံအမတ်ကို နှင်ထုတ်ပြီ

by Hla Soewai - Feb 23 2026

ဒီလီ တွင် ၎င်းတို့၏ စစ်ရာဇဝတ်မှု များကို အရေးယူရန် အမှု ဖွင့်ခဲ့မှု အတွက် နေပြည်တော်ရှိ စစ်အုပ်စုမှ အရှေ့တီမော သံရုံး ယာယီ တာဝန်ခံ ကို နှင်ထုတ်လိုက်ပြီ ဖြစ်သည်။

 

ချင်း လူအခွင့်အရေး အဖွဲ့ ၏ တရားစွဲ ဆိုလာမှု ကို အရှေ့တီမော မှ နယ်မြေမရွေး တရားစီရင်ပိုင့်ခွင် သုံး၍ လက်ခံ စစ်ဆေးရန် အကြီးတန်းအစိုးရရှေ့နေတစ်ဦးကို ခန့်အပ်လိုက်ပြီ ဖြစ်ပါသည်။

 

ထိုသို့ အရှေ့တီမော မှ ၎င်းတို့ အပေါ် တရားစီရင်ရန် လက်ခံခဲ့မှု အပေါ် "လွန်စွာ စိတ်ပျက်မိကြောင်း" စစ်အုပ်စု မှ ကြေညာချက် ထုတ်ပြန်လာသည်။

 

စစ်အုပ်စု မှ သောကြာနေ့တွင် သံရုံး ယာယီတာဝန်ခံ အား ဆင့်ခေါ်၍ တပတ် အတွင်း နိုင်ငံမှ ထွက်ခွာရန် အသိပေးလိုက်သည်ဟု ဆိုသည်။

 

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အဆိုအရ စစ်ကောင်စီအား တရားစွဲဆိုထားသည့် အမှုတွင် မည်သို့မျှ ငြင်း၍ မရနိုင်သော ခိုင်လုံသည့် အထောက်အထားများ ဖြစ်သော အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ၊ လူပေါင်း (၁၀) ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကို သတ်ဖြတ်မှု နှင့် ဆေးရုံတစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု တို့ ဖြစ်ကြသည်။

 

ယခုအခါ သံတမန်ရေးရာ တင်းမာမှုများ မြင့်တက်လာပြီး အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ လာပြီ ဖြစ်သည်။

 

ယခင်ကလည်း အရှေ့တီမောအစိုးရသည် NUG နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ခြင်းကြောင့်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီက အရှေ့တီမော၏ ထိပ်တန်းသံတမန်ကို နှင်ထုတ်ခဲ့ဖူးပြီး ဖြစ်သည်။

 

အာဆီယံ အဖွဲ့သည် ဒီမိုကရေစီ ဖြစ်ထွန်းမှုထက် တည်ငြိမ်အေးချမ်းမှု နှင့် တရားဝင်မှု ရှိလျင် ပြီးရော ဆိုသည်ကို အဓိက ထားနေသော်လည်း ပြီးခဲ့သည့် လေးလ ကမှ အာဆီယံ အဖွဲ့ဝင် ဖြစ်လာသော အရှေ့တီမော နိုင်ငံငယ်‌ လေးကမူ စစ်အုပ်စု၏ ၎င်းတို့ ပြည်သူများ အပေါ် မတရား လုပ်နေမှု များကို မည်သို့မျှ လက်ပိုက်ကြည့်မနေနိုင်တော့ပဲ တတ်နိုင်သည့်ဖက်မှ ဝင်ရောက်ကူညီလာခြင်းပင် ဖြစ်သည်။

 

ယင်းနှင့် အတူ အာဆီယံ အဖွဲ့ဝင် အချင်းချင်း ပထမဆုံး တရားစွဲ့ဆို မည့် အမှု ဖြစ်လာသည်။

 

လွန်ခဲ့သည့် ဆယ်နှစ်က ချာ့ဒ်နိုင်ငံ ၏ သမ္မတဟောင်း ဟစ်ဆင်းဟာဘရေး ကို ဆီနီဂေါနိုင်ငံတွင် ထိုကဲ့သို့ နယ်နမိတ် မရွေး တရားစီရင်ပိုင််ခွင့် ကို ကျင့်သုံး၍ အမှုစီရင်ခဲ့ပြီး ထောင်‌ဒဏ် တသက်တကျွန်း နှင့် နစ်နာခဲ့ရသူ များ အတွက် နစ်နာ‌ ကြေး ယူရို သန်း ၁၂၀ ပေးလျော်ရန် အမိန့်ချမှတ်ခဲ့သည့် အစဉ်အလာ ရှိထားသည်၊ ဟာဘရေးသည် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆီနီဂေါနိုင်ငံရှိ ထောင်အတွင်း၌ပင် ကွယ်လွန်သွားခဲ့ပါသည်။

 

ကာယကံရှင် နစ်နာသူများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများသည် ဟာဘရေး ကို တရားစွဲဆိုနိုင်ရန် ၂၅ နှစ်ကြာအောင် ကြိုးပမ်းခဲ့ရသည်။ 

 

အာဏာရှိစဉ်က ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် မည်မျှပင် အချိန်ကြာပါစေ၊ မည်သည့်နေရာသို့ပင် ပြေးပါစေ ဥပဒေလက်တံမှ မလွတ်ကင်းနိုင်ကြောင်း ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။

 

ပြည်သူများ ဆင်နွှဲနေသော တရားသော စစ် မုချ အောင်ရမည်!!!