အခန်း (၁၃)
တံခါးဝ တွင် ရပ်နေသူက ရိုင်ဘင် ဖြစ်သည်။ မုတ်ဆိတ်မွှေး များကို ဟန်ပါပါ နှင့် သပ်လိုက်ရင်း အိမ်ထဲသို့ သူ၏ မျက်လုံးမည်းကြီး ဖြင့် တချက် ဝေ့ကြည့်လိုက်သည်။
"ခင်ဗျားက အရင်တုန်းကတော့ ဘယ်သူဘယ်ဝါလည်း မမေးမမြန်းဘဲ ဝင်ခွင့်ပြုနေကျနော်၊ အခု ခင်ဗျား တယောက်တည်းလား"
"ဟုတ်တယ်လေ"
"ဟုတ်လား၊ ရုရှားလေး ရှိနေမယ် ထင်နေတာ၊ ဒီနေ့ပဲ သူ့ကို တွေ့လိုက်သေးတယ်။ ထောင်က လူကို ဖျက်ဆီးတာ မဟုတ်ဘူး၊ လူတစ်ယောက်ကို အဓိက ပျက်စီးစေတာကတော့ ၊ မိမိကိုယ်တိုင်အသိဉာဏ်ကင်းမဲ့မှု နဲ့ အမှားအမှန်ကို မဝေဖန်နိုင်မှု ကြောင့်ပဲ"
ပြောပြောဆိုဆို နှင့် အိမ်ထဲသို့ ဝင် လာပြီး ထိုင်လိုက်ရင်းက အမေ့အား...
"ကျွန်တော် ပြောစရာရှိလို့" စကားစ လာသည်။သူ့မျက်နှာ တွင်လည်း အဓိပ္ပာယ်ပါပြီး လေးနက်သည့် အရိပ်အယောင် များ ထင်ဟပ်နေသည်။ ထို အမူအရာကို ကြည့်ပြီး အမေ၏ စိတ်ထဲမှာ အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသလို ဖြစ်လာခဲ့သည်။ အမေသည် သူ နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူ ဘာပြောမလဲ ဆိုသည်ကို စိုးရိမ်တကြီးနှင့် စောင့်ဆိုင်းနေခဲ့သည်။
"အရာရာတိုင်းက ပိုက်ဆံကုန်တယ်!" လို့ သူက ခပ်အက်အက် အသံဩဩကြီးနဲ့ စပြောလာသည်။ "လူဖြစ်လာဖို့လည်း ပိုက်ဆံလိုတယ်၊ သေဖို့အတွက်လည်း ပိုက်ဆံလိုတယ်။ စာအုပ်တွေနဲ့ လက်ကမ်းစာစောင်တွေကလည်း အလကားရတာမဟုတ်ဘူး။ ကဲ... ဒါဆိုရင် ဒီစာအုပ်တွေဖို့ ပိုက်ဆံတွေ ဘယ်ကရလဲဆိုတာ ခင်ဗျား သိလား။
"မသိဘူးလေ..." လို့ အမေဖြစ်သူက အသံတိုးတိုးလေးနဲ့ ပြန်ဖြေသည်။ တစ်ခုခုတော့ အန္တရာယ် ရှိနေပြီဆိုသည်ကို တွက်ဆ၍ ရနေသည်။
"ခင်ဗျား မသိသလို ကျွန် တော်လည်း မသိဘူး၊နောက်ထပ် မေးချင်တာ တစ်ခုရှိသေးတယ်၊ အဲဒီစာအုပ်တွေကို ဘယ်သူတွေရေးတာလဲ၊ ပညာတတ်တွေလေ၊ ဆရာကြီးတွေပေါ့!" ရိုင်ဘင်က ခပ်ပြတ်ပြတ်နှင့် ပြတ်သားစွာ ပြောလိုက်သည်။ သူ၏အသံမှာ ပို၍အက်ကွဲလာပြီး မုတ်ဆိတ်ဗရပွနှင့် မျက်နှာမှာလည်း အားစိုက်ထုတ်ထားရသကဲ့သို့ နီမြန်းနေသည်။
"အေး... အဲဒီတော့ ဆရာကြီး ဆိုသူ တွေကပဲ စာအုပ်တွေကိုရေးတယ်၊ ပြီးတော့ သူတို့ကိုယ်တိုင်ပဲ ဖြန့်ချီကြတယ်။ ဒါပေမဲ့ စာအုပ်ထဲမှာ ရေးထားတဲ့အရေးအသားတွေကျတော့ အဲဒီဆရာကြီး တွေကိုပဲ ပြန်တိုက်ခိုက်ထားတာတွေ ဖြစ်နေတယ်။ ကဲ... ပြောစမ်းပါဦး၊ သူတို့က ဘာဖြစ်လို့များ သူတို့ကိုယ်သူတို့ ပြန်တိုက်ခိုက်ဖို့ သူတို့ရဲ့ငွေတွေ၊ အချိန်တွေကို အကုန်ခံပြီး လူထုကို လှုံ့ဆော် နေ ကြတာလဲ၊ ဟမ်... ဘာဖြစ်လို့လဲ?"
နီလော့ဗ်နာသည် မျက်တောင် တဖျတ်ဖျတ် နှင့် မျက်လုံးအစုံကို ပြူးကျယ်စွာဖွင့်ရင်း ကြောက်လန့်တကြား ရေရွတ်လိုက်မိသည်။
"ရှင် ဘယ်လိုထင်လို့လဲ? ကျွန်မကို ပြောပြပါဦး။"
"အဟက်!" ရိုင်ဘင်က ဝက်ဝံတစ်ကောင်လို သူထိုင်နေသည် ကုလားထိုင်ပေါ် တွင် ဟိုဘက်ဒီဘက် လှည့်ရင်း အာမေဍိတ်သံ ပြုလိုက်သည်။
"ဒါပေါ့! ကျွန်တော် ကိုယ်တိုင်လည်း အဲ့ဒါ ကို တွေးမိပြီး ကျောထဲ စိမ့်သွားတဲ့အထိ တုန်လှုပ်သွားခဲ့တာ။"
"အဲဒါက ဘာမို့လို့လဲ၊ ပြောပါဦး! ရှင် တစ်ခုခု သိလိုက်ရလို့လား။"
"လှည့်စားမှုတွေ! လိမ်လည်မှုတွေ! ဒါကို ကျွန်တော် ခံစားမိနေတယ်။ ဒါဟာ လှည့်ဖြားမှုပဲ။ ဘာမှရေရေရာရာ မသိပေမဲ့ ဒီထဲမှာ လှည့်ကွက်တွေရှိနေတယ်ဆိုတာကိုတော့ ကျွန်တော် အသေအချာ သိ နေတယ်။ ဟုတ်တယ်! သူတို့တတွေ ဟာ တစ်စုံတစ်ရာကို ပါးပါးနပ်နပ်နဲ့ လှည့်စားဖို့ ကြံစည်နေကြတာ။ ကျွန်တော် အဲဒါမျိုးကို အလိုမရှိဘူး။ အမှန်တရားကိုပဲ လိုချင်တယ်။ အဲ့ဒါ ဘာလဲဆိုတာ ကျွန်တော်နားလည်တယ်၊ သဘောပေါက်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဒီလို လူမျိုး တွေနဲ့ လက်တွဲပြီး ရှေ့ဆက်မှာမဟုတ်ဘူး။ သူတို့ အလိုရှိတဲ့အခါကျရင် ကျွန်တော်တို့ကို အရှေ့ကနေ တွန်းထုတ်ပြီး ဒိုင်းလုပ်ကြလိမ့်မယ်။ ပြီးရင် သူတို့ သွားချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ ကျွန်တော်တို့ရဲ့အရိုးတွေကို တံတားခင်းပြီး နင်းလျှောက်သွားကြလိမ့်မယ်။"
ခက်ထန်ပြီး ဗလုံးဗထွေးနိုင်လှသည့် ရိုင်ဘင်၏ စိတ်ပျက်အားလျော့ဖွယ် စကားသံ များကို ကြားလိုက်ရသည့် အတွက် အမေ့၏ နှလုံးသားသည် နာကျင်မှုကြောင့် တုန်လှုပ်ချည့်နဲ့ သွားရပြီ "ဘုရားသခင်." ဟုပင် မြည်တမ်း လိုက်မိသည်။
"အမှန်တရားဆိုတာ ဘယ်မှာလဲ၊ ပါဗယ်လ် ကပဲ ဒါကို နားမလည်တာလား၊ မြို့ပေါ်ကနေ ဒီကိုလာကြတဲ့သူတွေ အားလုံးကရော... ဒါကို နားမလည်ကြဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"
ယီဂေါရ်၊ နီကိုလိုင်း အိုင်ဗန်နိုဗစ်ချ် နှင့်ဆာရှန်ကာ တို့၏ တည်ကြည်ရိုးသားသော မျက်နှာများသည် အမေ့၏ မျက်စိထဲ တစ်ယောက်ပြီးတစ်ယောက် အစီအရီ ပေါ်လာပြီး နှလုံးသားတစ်ခုလုံး တဖျတ်ဖျတ် လှုပ်ခါ သွားရပြန်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး!" အမေဟာ ထို အတွေးတွေကို မောင်းထုတ်လိုက်သလို ခေါင်းကိုခါယမ်းရင်း ရေရွတ်လိုက်မိသည်။
"ကျမ ဒါကို မယုံနိုင်ဘူး။ သူတို့တွေဟာ အမှန်တရား၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားအတွက် ရပ်တည်နေကြသူတွေပဲ။ သူတို့မှာ ဘယ်လို မကောင်းတဲ့ အကြံအစည်မှ မရှိနိုင်ဘူး။ အို... ရှိကို မရှိနိုင်ဘူး!"
"ခင်ဗျား ဘယ်သူ့အကြောင်း ပြောနေတာလဲ"
"သူတို့အားလုံးအကြောင်းပေါ့! ကျွန်မတွေ့ခဲ့ရတဲ့ လူတစ်ယောက်ချင်းစီ အကြောင်းပဲ။ သူတို့ဟာ တခြားလူတွေရဲ့ သွေးနဲ့ ကိုယ်ကျိုးရှာမယ့်သူတွေ မဟုတ်ကြဘူး... အို... လုံးဝ မဟုတ်ကြပါဘူး!" ဟု ပြောရင်း အမေ၏ မျက်နှာပေါ်တွင် ချွေးစက်များ စို့တက်လာပြီး လက်ချောင်းလေးများမှာလည်း တုန်ယင်နေလေတော့သည်။
"ခင်ဗျား ကြည့်တဲ့နေရာက မမှန်သေးဘူး၊ နောက်ကို တိုးကြည့်ရမှာ" ဟု ရီဘင်က ခေါင်းငိုက်စိုက်ချရင်း ပြောလိုက်သည်။
"လှုပ်ရှားမှုထဲမှာ တိုက်ရိုက်ပါဝင် နေတဲ့သူတွေ ကိုယ်တိုင်တောင် ဒီအကြောင်းကို သိချင်မှ သိကြမှာ။ သူတို့ကတော့ ဒါဟာ ဖြစ်သင့်တယ်လို့ ထင်ကြတာပေါ့၊ သူတို့ ရင်ထဲမှာတော့ အမှန်တရားရှိကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နောက်ကွယ်မှာတော့ ကိုယ်ကျိုးတစ်ခုတည်းကိုပဲ ကြည့်တဲ့သူတွေ ရှိနေနိုင်တယ်။ လူဆိုတာ ကိုယ့်အကျိုးစီးပွားကိုတော့ ဆန့်ကျင်မှာ မဟုတ်ဘူးလေ။"
ရာစုနှစ်ပေါင်းများစွာ မယုံကြည်မှုများနှင့် ရှင်သန်လာခဲ့ရသည့် လယ်သမားတစ်ယောက်၏ အခိုင်အမာ ယုံကြည်ထားသည့် အယူအဆအတိုင်း သူက ဆက်ပြောလိုက်သည်မှာ -
"ဆရာသမား ကြီး တွေဆီကနေ ဘယ်တော့မှ အကောင်းဆိုတာ ထွက်မလာဘူး။ ကျွန်တော့်စကားကို မှတ်ထားလိုက်ပါ!"
"ရှင့် ဦးနှောက်ထဲ ဘယ်လို အ တွေးအခေါ် တွေ ရောက် လာရပြန်ပြီလဲ" ဟု အမေ က စိုးရိမ်တကြီး ပြောလိုက်ပြန်သည်။
"ကျွန်တော်လား"
ရိုင်ဘင်သည် သူမကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ထပ်၍ ပြောလိုက်သည် -
"ဆရာသမား တွေနဲ့ ဝေးဝေးမှာနေ! ဒါပဲ!"
ရိုင်ဘင် သည် မိမိကိုယ်ကိုယ် ကျုံ့ဝင်သွားသလို ခံစားချက်မျိုးဖြင့် ဘာမှ ဆက်မပြောဘဲ ငြိမ်ကျသွားလေသည်။
"ကျွန်တော် အဝေး ကို သွားတော့မယ်၊" ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက ပြောပြန်သည်။
"ကျွန်တော် အဲ့လို လူတွေ နဲ့ ပေါင်းပြီး အလုပ်လုပ်ချင်ခဲ့တာ။ ကျွန်တော့်မှာ အလုပ်လုပ်နိုင်တဲ့ အရည်အချင်းရှိပါတယ်။ စာလည်းဖတ်တတ်၊ ရေးတတ်တယ်။ ဇွဲလည်းရှိတယ်၊ လူ အ လည်း မဟုတ်ဘူး။ နောက်ပြီး အဓိကအချက်က လူတွေကို ဘယ်လို ပြောရမလဲဆိုတာ ကျွန်တော် သိတာပဲ။ ဒါပေမဲ့ အခု ကျွန်တော် သွားမယ်။ ကျွန်တော် မယုံကြည်နိုင်တော့ဘူး၊ ဒါကြောင့် သွားကို သွားမှ ဖြစ်မယ်။
အမေ... လူတွေရဲ့ စိတ်နှလုံးတွေဟာ ညစ်ပတ်ပေရေ နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အားလုံးဟာ မနာလိုဝန်တိုမှုတွေနဲ့ အသက်ရှင်နေကြတာ၊ အားလုံးက ဗိုက်ဝအောင် စားချင်ကြတာပဲ။ စားစရာကလည်း နည်းနည်းလေးပဲ ရှိတာဆိုတော့ တစ်ယောက်ကိုတစ်ယောက် ဝါးမြိုဖို့ပဲ ကြိုးစားနေကြတော့တယ်"
ရိုင်ဘင် သည် ခေါင်းငိုက်စိုက်ချကာ ခေတ္တမျှ အတွေးနက်နေပြန်သည် ။ နောက်ဆုံးတွင် သူက အခုလို ပြောလာပြန်သည်။
"ကျွန်တော် တစ်ယောက်တည်းပဲ ရွာစဉ်ပတ်ပြီး လူတွေကို လိုက် နှိုးဆော်တော့မယ်။ လူ တွေ ကိုယ်တိုင်က ဒီကိစ္စကို သူတို့ဖာ သူတို့ ကိုယ်တိုင် အကောင်အထည် ဖော်ဖို့ လိုတယ်ဆိုတာ နားလည်သဘောပေါက်သွားရင် သူတို့ဘာသာ နည်းလမ်းရှာတတ်လာလိမ့်မယ်။ ဒါကြောင့် သူတို့နားလည်လာအောင် ကျွန်တော် ကြိုးစားတော့မယ်။ လူထုအတွက် သူတို့ကိုယ်သူတို့ကလွဲလို့ တခြား ဘာမျှော်လင့်ချက်မှ မရှိဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်ကလွဲလို့ တခြား ဘာက မှ နားလည်သဘောပေါက် အောင် လုပ်မပေး နိုင်ဘူး။ ဒါဟာ အမှန်တရားပဲ!"
"မင်းကို သူတို့ ဖမ်းကြမှာပေါ့!" ဟု အမေက အသံ တိုးတိုး ဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ကို ဖမ်းမယ်၊ ပြီးရင် ပြန်လွှတ်ပေးမှာပဲ။ အဲဒီအခါကျရင် ကျွန်တော် နောက်တစ်ခေါက် ထပ်သွားဦးမှာပဲ!"
"လယ်သမားတွေ ကိုယ်တိုင်က မင်းကို ဖမ်းဆီးပြီး ထောင်ထဲ ထည့်ကြလိမ့်မယ်"
"ကောင်းတာပေါ့၊ ကျွန်တော် ထောင်ထဲမှာ ခဏနေမယ်၊ ပြီးရင် ပြန်လွတ်လာမယ်၊ ပြီးရင် ထပ်သွားမယ်။ လယ်သမားတွေအနေနဲ့ ကတော့ ကျွန်တော့်ကို တစ်ခါဖမ်းမယ်၊ နှစ်ခါဖမ်းမယ်၊ နောက်တော့ ကျွန်တော့်ကို မဖမ်းသင့်ဘဲ ကျွန်တော့်စကားကို နားထောင်သင့်တယ်ဆိုတာကို သူတို့ နားလည် သွားကြလိမ့်မယ်။
ကျွန်တော် သူတို့ကို ပြောပြမယ်... 'ကျွန်တော့်ကို ယုံကြည်ဖို့ ကျွန်တော် တောင်းဆိုနေတာ မဟုတ်ဘူး၊ ကျွန်တော့်စကားကို နားထောင်ကြည့်ဖို့ပဲ လိုတာပါ' လို့။ အကယ်၍ သူတို့သာ နားထောင်ကြမယ်ဆိုရင်၊ သူတို့ ယုံကြည်လာကြပါလိမ့်မယ်။"
"အမေရော ရိုင်ဘင် ပါ စကားကို ဖြည်းဖြည်းချင်း ပြောနေကြသည်။ သူတို့ ကြည်ရသည်မှာ စကား တစ်လုံးချင်း စီကို မပြောမီ သေချာစွာ စိစစ်တွေးတောနေကြသကဲ့သို့ ဖြစ်နေသည်။