သုံးစု ကွဲလာနေသည့် အာဆီယံ ရှေ့ခရီး မည်သို့ဆက်မည်နည်း

by Hla Soewai - Feb 16 2026

လက်ရှိ တွင် ခေါင်းမာနေသည့် စစ်အုပ်စုကို အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို လိုက်နာလာသည် အထိ ဆက်ပြီး ဘေးဖယ်ထားမည်လား၊ သို့တည်း မဟုတ် အာဆီယံ၏ ကိုယ်ပိုင်စံနှုန်းများကို မဖောက်ဖျက်ဘဲ ၎င်းတို့နှင့် ပြန်လည်ထိတွေ့ဆက်ဆံမယ့် နည်းလမ်းကို ရှာမလားဆိုသော စိတ်မသက်မသာဖြစ်စရာကောင်းသည့် မေးခွန်းတခု ထွက်ပေါ်လာသည်။

 

ဇန်နဝါရီ လ ကုန်ပိုင်း ဖိလစ်ပိုင် ရှိ အပန်းဖြေ စခန်း တခု တွင် ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး တွင် မြန်မာ အရေး အထူးသံတမန် နှင့် ဥက္ကဌ ဖြစ်သူ ထရီဇာ လာဇရို က လက်ရှိတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဘုံရပ်တည်ချက် မရှိ‌သေး၍ ယခင် အတိုင်းပင် ဆက်ရှိနေဦးမည် ဆိုသည်။

 

သူမ၏ ထုတ်ပြန်ချက်တွင် 'အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးတိုးတက်မှုဟူသည် အကြမ်းဖက်မှုများ ရပ်တန့်ခြင်းနှင့် အားလုံးပါဝင်သော ဆွေးနွေးမှုများအပေါ် အခြေခံသည့် ငြိမ်းချမ်းရေး၊ လုံခြုံရေး တို့ ရှိမှသာ ဖြစ်ထွန်းနိုင်သည်' ဟု ဆိုထားသော်လည်း၊ ။ 'အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးတိုးတက်မှု' ကို မည်သို့ပုံဖော်မည်နည်းဟူသည့် မေးခွန်းမှာ ယနေ့တိုင် အဓိကအဖြေမထွက်သေးပဲ အဖွဲ့အတွင်း သဘောထား ကွဲလွဲနေဆဲပင် ဖြစ်သည်။

 

ဤသို့ ဖြင့် မြန်မာဖယ်ထားလိုက်လျင် ဆယ်နိုင်ငံ ရှိသော အာဆီယံ တွင် အဖွဲ့ သုံးဖွဲ့ ကွဲထွက်လာခဲ့သည်။

 

ပထမ အဖွဲ့သည် ရွေးကောက်ပွဲရလဒ် မည်သို့ပင် ထွက်ပေါ်လာ‌ စေကာမူ၊ ၎င်းကို နိုင်ငံရေးအပြောင်းအလဲတစ်ခု၏ အစပျိုးမှုအဖြစ် မှတ်ယူရန် အသင့် ရှိနေကြသည်။ ယင်းည် ရွေးကောက်ပွဲရလဒ်မှာ မည်မျှပင် လိုအပ်ချက်များရှိနေပါစေ၊ ၎င်းကို နိုင်ငံရေးအပြောင်းအလဲတစ်ခု၏ အစပျိုးမှုအဖြစ် မှတ်ယူကာ အလေးသာပေးရန် အသင့်ရှိနေကြသည်။ ထိုအုပ်စု အတွက်မူ မြန်မာသည် မည်မျှပင် ကိုယ်စားပြုမှု အားနည်းသည်ဖြစ်စေ၊ တည်ငြိမ်သော အစိုးရတစ်ရပ်၏ ပုံသဏ္ဌာန် ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ပုံမှန်လုပ်ငန်းစဉ်များအတိုင်း ပြန်လည်လည်ပတ်နိုင်ရန် ရည်ရွယ်ထားကြသူ များ ဖြစ်သည်။

 

ဒုတိယ အုပ်စုကမူ အခြေအနေအရပ်ရပ်ကို ပြီးပြီးရော လက်ခံလိုက်ခြင်းဟု အဖြစ်မခံ။ အစိုးရ အဖွဲ့တခုအသွင် အပေါ်ယံ မျှ ရှိနေရုံမျှဖြင့် အရပ်သားများအပေါ် ကျူးလွန်ခဲ့သော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ထား၍ရသည်ဟူသော အချက်ပင် ဖြစ်သည်။ ဤရပ်တည်ချက်သည် လူ့အခွင့်အရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေးနှင့် တရားဝင်မှုရှိရေးတို့အပေါ် အခြေခံထားခြင်း ဖြစ်သည်။

 

တတိယမြောက် 'ကြားနေအုပ်စု' ကမူ စစ်ကောင်စီအား အာဆီယံအဖွဲ့အစည်းအလိုက် အသိအမှတ်မပြုဘဲ စုပေါင်းဝိုင်းပယ်ထားသည့် မူဝါဒကို ထောက်ခံကြသော်လည်း၊ တစ်ဖက်တွင်မူ နေပြည်တော်နှင့် သံတမန်ရေးအရ တိုးတိုးတိတ်တိတ် ဆက်သွယ်ဆောင်ရွက်မှု Quiet Diplomacy မျိုးကို နှစ်နိုင်ငံအချင်းချင်း အနိမ့်ဆုံးအဆင့်ဖြင့် ဆက်လက်ထိန်းသိမ်းထားလိုသည်။ 

 

ဘရူနိုင်းနိုင်ငံသည် သံအမတ်အသစ်တစ်ဦးကို ခန့်အပ်ခဲ့ပြီး၊ ကမ္ဘောဒီးယားနိုင်ငံသည်လည်း မြန်မာနှင့် သံတမန်ဆက်ဆံရေး ၇၀ ပြည့် အထိမ်းအမှတ်ကို မကြာသေးမီက ကျင်းပခဲ့သည်။ တစ်ဖက်တွင်လည်း ဗီယက်နမ်နိုင်ငံသည် ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို ထောက်ခံကြောင်း ပြောဆိုနေသော်လည်း စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုကိုမူ ရပ်တန့်ခြင်းမရှိပေ။ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် မြန်မာသို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ခဲ့သည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများလည်း ဖြစ်လာသည်။

 

ထို့အတွက် ကြောင့်လည်း အာဆီယံ အဖွဲ့အတွင်း အက်ကွဲ ကြောင်းကြီး ဆက်ရှိနေခြင်းပင် ဖြစ်သည်။

 

လက်ရှိတွင် အာဆီယံအနေဖြင့် ဖိလစ်ပိုင်အလှည့်ကျဥက္ကဋ္ဌ၏ ရပ်တည်ချက်ဖြစ်သော စစ်အုပ်စုအား တရားဝင်အသိအမှတ်မပြုဘဲ ဆက်လက်ထားရှိရေးမူဝါဒကို စုပေါင်းထောက်ခံကြမည်ဖြစ်သော်လည်း၊ နောင်တွင် အခြေအနေအရ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် တံခါးဖွင့်ထားဆဲဖြစ်သည်။ ထိုသို့ ပြောင်းလဲနိုင်ရန် 'အကြမ်းဖက်မှုများ ရပ်တန့်ခြင်း' သည် အဓိကထား စောင့်ကြည့်သွားမည့် 'အခြေခံအကျဆုံးအချက်' ဖြစ်သည်ဟု ဆိုသည်။

 

ထိတွေ့ဆက်ဆံမှုကို မြှင့်တင်သွားမည်လား၊ ပိုမိုတင်းမာသော ရပ်တည်ချက်ကို ကျင့်သုံးသွားမည်လား ဆိုသည့် အမြင်ချင်း ရုတ်ခြည်း ထပ်တူ ကျဖို့ ဆိုသည်က စစ်အုပ်စု၏ ပူးပေါင်းဆောင်ရွက်လိုစိတ်အပေါ်တွင်သာမက၊ အာဆီယံအနေဖြင့် အခြား ပါဝင် သက်ဆိုင်သူများ နှင့် မည်မျှ ဆန်းသစ်တီထွင်စွာ ထိတွေ့ဆက်ဆံမည်နည်းဟူသည့် အချက်အပေါ်တွင်လည်း မူတည်နေသည်။

 

အာဆီယံသည် ၎င်း၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို ခေတ်မမှီတော့ဟု ယူဆကာ စွန့်ပယ်လိုက်မည့်အစား 'အပေးအယူလုပ်နိုင်သည့် ကမ်းလှမ်းချက်' တစ်ခုအဖြစ် ပိုမိုထက်မြက်အောင် ပြောင်းလဲနိုင်သည်။ 

 

အဆိုပါ ကမ်းလှမ်းချက်မှာ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် စစ်တပ်မဟုတ်သော အခြားသော အင်အားစုများနှင့် နိုင်ငံရေးအရ ဆွေးနွေးရန်ဖြစ်ပြီး၊ အပြန်အလှန်အားဖြင့် အာဆီယံအစည်းအဝေးများသို့ အဆင့်လိုက် ပြန်လည်တက်ရောက်ခွင့်ပေးရန် ဖြစ်သည်။

 

ဤသို့ ချဉ်းကပ်ခြင်းသည် စစ်တပ်အား ပြဿနာ၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာမက အဖြေရှာရာတွင်လည်း ပါဝင်ရမည့် အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး၊ လက်တွေ့ကျသော မည်သည့်ဖြေရှင်းမှုမျိုးတွင်မဆို စစ်တပ်၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။ ထို့ပြင် အာဆီယံအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များကို မနှစ်မြို့သော်လည်း ကြာရှည်စွာ ထိတွေ့ဆက်ဆံမှု မရှိခြင်းသည် သာမန်မြန်မာပြည်သူများကိုသာ အထိနာဆုံးဖြစ်စေသည်ဟူသော စိတ်မသက်မသာဖြစ်ဖွယ် လက်တွေ့အရှိတရားကိုလည်း လက်ခံလိုက်ခြင်း ဖြစ်သည်။

 

လက်ရှိအချိန်တွင် စစ်အုပ်စုအား အသိအမှတ်မပြုသည့် ရပ်တည်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားခြင်းဖြင့် အာဆီယံသည် ၎င်း၏ ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသော ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာရေးဟူသည့် ကတိကဝတ်များကို စောင့်ထိန်းရန် ရွေးချယ်ခဲ့သည်။ 

 

ထိုစံနှုန်းများကို ကာကွယ်ရန် ကန့်သတ်ချက်ရှိနေသည့် ကြားမှ ထိုသို့ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ရှေ့တွင် ရင်ဆိုင်ရမည့် စစ်မှန်သော စိန်ခေါ်မှုမှာ အာဆီယံအနေဖြင့် မိမိ၏ မူဝါဒရေးရာ အသိအမှတ်မပြုမှုကို ပိုမိုပါးနပ်သော 'စည်းကမ်းချက်ရှိသည့် ထိတွေ့ဆက်ဆံရေး' မဟာဗျူဟာအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိပင် ဖြစ်သည်။ 

 

ယင်းမဟာဗျူဟာသည် စစ်ကောင်စီ၏ ပြစ်ဒဏ်ခတ်ခြင်းမှ ကင်းလွတ်ခွင့်ရနေမှုအပေါ် အခွင့်ထူးပေးရာမရောက်စေဘဲ အရပ်သားများ၏ ဆင်းရဲဒုက္ခများကို သက်သာလျော့ပါးစေရမည် ဖြစ်သည်။ ဤသို့ လုပ်ဆောင်နိုင်ရန်အတွက် ခိုင်မာမြဲမြံသော နိုင်ငံရေးစိတ်ဆန္ဒ (Political Will) ရှိရန် လိုအပ်သည်ဟု ISEAS – Yusof Ishak Institute မှ ဝါရင့်သုတေသီ ရှာရွန် စီး မှ South China Morning Post သတင်းစာ‌တွင် ရေးသားထားသည်ကို ကောက်နှုတ် တင်ပြပါသည်။

 

အာဆီယံသည် "မူဝါဒ" နဲ့ "လက်တွေ့အခြေအနေ" ကြားမှာ ဗျာများနေပြီး၊ ၂၀၂၆ အတွင်း စည်းကမ်းချက် အသစ် သတ်မှတ်ပြီး ထိတွေ့ဆက်ဆံနိုင်ဖို့ လမ်းစရှာ နေပြီ ဖြစ်သည်ကို သတိချပ်ရမည် ဖြစ်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!