အာဆတ် ကျဆုံးခန်း (နိဂုံး)

by Hla Soewai - Feb 16 2026

အာဆတ် လေယာဉ် ဒမတ်စကတ်ကို ပြန်လည်ဆင်းသက်ချိန်တွင်တော့ အလက်ပိုမြို့သည် သူပုန်များ လက်ထဲ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ အာဆတ်သည် ဒမတ်စကတ်တွင် နာရီအနည်းငယ်ကြာသာ နေပြီး ယူအေအီး မြို့တော်ဖယ အဘူဒါဘီကို ထွက်ခွာ သွားခဲ့သည်ဟု အာမတ်က ကျွန်တော့်ကို ပြောပြသည်။ အဘူဒါဘီ တွင် မည်သူနှင့် တွေ့ဆုံခဲ့သည်၊ ဘာတွေ ပြောဆိုခဲ့သလဲဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရ‌ ပေ။ အာဆတ်သည် သူ့ကို ကယ်တင်ဖို့ ရုရှားဆီမှ အကူအညီ မရတော့သည့် အခါ တွင်တော့နောက်ဆုံး မျှော်လင့်ချက်အနေနှင့် UAE ဆီကို ပြေးခဲ့ခြင်း ဖြစ်သည်။

 

အကူအညီ မရဘဲ ဒမတ်စကတ်ကို ပြန်ရောက်သည့် အခါတွင်တော့ အာဆတ်သည် သူနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် "ဘုရင်စနစ်သုံး လက်နက်ကိရိယာတွေ" ကို အသုံးချပြီး နောက်ဆုံးလှည့်ကွက်တစ်ခု အနေနှင့် ကြိုးပမ်းလာခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ပြည်တွင်းစစ်တွင် အောင်နိုင်အောင် ကူညီပေးခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့များကို အမြန်ဆုံးပြန်လည်စုဖွဲ့နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်းများကို အဆမတန် များပြားသည့် လစာများ ပေးမယ်ဆိုပြီး သတင်း လွှင့် ခဲ့သည်ဟု အာမတ်က ကျွန်တော့်ကို ပြောပြသည်။ 

 

ထိုအခါတွင်တော့ ငတ်ပြတ်လုနီးပါး လစာလေးဖြင့် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ရသည့် သာမန်စစ်သားများသည် အာဆတ်ထံမှ ကမ်းလှမ်းမှုများကို ကြားသိရတဲ့အခါတွင်တော့ အလွန်အမင်း ဒေါသထွက်ခဲ့ကြပြီး အတော်များများသည် ၎င်းတို့၏ ကင်းစခန်းများကို စွန့်ခွာသွားခဲ့ကြတော့သည်။

 

ထိုအချိန်တွင် သူပုန်များသည် ဟားမား မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး မြို့တော်၏ မြောက်ဘက် မိုင် ၁၀၀ အကွာမှာရှိသည့် ဟုမ်းစ် မြို့ဆီကို ဦးတည်ချီတက်နေကြပြီ ဖြစ်သည်။ တချိန်တည်းမှာပဲ အာဆတ်အစိုးရ ပြိုလဲမသွားအောင် ထောက်ကူပေးခဲ့သည့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က တပ်မှူးများသည်လည်း အထုတ်အပိုးပြင်ပြီး စတင်ထွက်ခွာသွားကုန်ကြသည်။ ဆီးရီးယား တပ်သားများသည်လည်း ၎င်းတို့၏ တိုက်‌‌ ဖေါ် တိုက်ဖက်များ ဆုတ်ခွာကုန်ပြီဆိုသည့် သတင်းကို ကြားလိုက်ရသည့် အခါ တပ်တွင်း တွင် ထိတ်လန့် တုန်လှုပ်ကုန်ကြတော့သည်။ သူပုန်တပ်ဖွဲ့များသည်လည်း တောင်ဘက်ဆီသို့အတားအဆီးမှ မရှိသလောက်နီးပါး ချောချောမောမော ချီတက်လာနိုင်ခဲ့ကြသည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရုရှားနှင့် အရှေ့အလယ်ပိုင်း ခုနစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ကာတာ မြို့တော် ဒိုဟာတွင် ကျင်းပနေသည့် နှစ်ပတ်လည် လုံခြုံရေးညီလာခံ၏ ဘေးပန်းအစီအစဉ်အဖြစ် အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့အားလုံး အာဆတ်အစိုးရ ပြိုလဲသွားမည်ကို မလိုလားကြ ပေ။ ထို့ကြောင့် လက်ရှိ စစ်ဆင်ရေးတွေကို ရပ်တန့်ဖို့နှင့် လွန်ခဲ့သည့် ဆယ်နှစ် ကျော်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် အခြေခံပြီး အဆင့်လိုက် နိုင်ငံရေး အပြောင်းအလဲဖော်ဆောင်ဖို့ တောင်းဆိုသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ အကောင်အထည်ဖော်ဖို့ ဆိုသည်က အာဆတ်၏ သဘောတူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်လာနေသည်၊ ဤနေရာတွင် ပြဿနာတစ်ခု ရှိလာနေခဲ့သည် - ထိုပြဿနာသည် ကတော့ ဘယ်သူမှ အာဆတ်ထံ ဆက်သွယ်လို့ မရတော့ ခြင်းပင် ဖြစ်သည်။ အာဆတ် သည် ဖုန်းကို ပိတ်ထားလိုက်ပုံရသည်။

 

အာဆတ်၏ နောက်ဆုံးအချိန်များတွင် ၎င်းနှင့်အတူ ရှိနေခဲ့သည့် အနီးကပ်အဖွဲ့ဝင်တစ်ဦးက အခုလို ဖြစ်ရပ်မှန်ကို ကျွန်တော့်ကို ပြောပြခဲ့သည်။

 

အာဆတ်သည် ညနေ ၆ နာရီဝန်းကျင်လောက်တွင် နန်းတော်ကနေ မြို့တော်၏ အယ်လ်-မော်လ်ကီ ရပ်ကွက်တွင်ရှိ သူ၏ ကိုယ်ပိုင်နေအိမ်ကို ပြန်ရောက်လာခဲ့သည်။ သူသည် တည်ငြိမ်နေပုံရပြီး ဝမ်းကွဲညီဖြစ်သူ အီဟပ် မာခလူးဖ် ကိုလည်း စိုးရိမ်စရာ ဘာမှမရှိကြောင်း၊ အီမရိတ်နဲ့ ဆော်ဒီတွေက သူပုန်တွေရဲ့ ချီတက်မှုကို တားဆီးဖို့ နည်းလမ်းရှာပေးလိမ့်မယ်လို့ အခုလေးတင်ပဲ အာမခံခဲ့ကြောင်း ပြောခဲ့‌ သေးသည်။ မာခလူးဖ်ကတော့ ထိုညမှာပင် လက်ဘနွန် သို့ ကားနှင့် ထွက်ပြေးဖို့ ကြိုးစားရင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသည်။

 

ည ၈ နာရီ တွင် တော့ ဟုမ်းစ် မြို့သည် သူပုန်များလက်ထဲ ကျသွားပြီဆိုသည့် သတင်းရောက်လာခဲ့သည်။ ထိုသတင်း ကြောင့် အာဆတ်၏ အသိုင်းအဝိုင်းကြား ထိတ်လန့်တုန်လှုပ် ကုန်ကြသည်။ သို့သော် အာဆတ်ကတော့ အစိုးရတပ်များသည် မြို့တော်ကို ဝိုင်းရံကာကွယ်ဖို့အတွက် တောင်ဘက်ကနေ ချီတက်လာနေပြီလို့ သူ၏ လက်ထောက်များကို အာမခံနေခဲ့သည်။ ဤသည်က အမှန်တရား မဟုတ်သလို၊ အာဆတ်ကိုယ်တိုင်က တကယ်ယုံကြည်နေတာလား ဆိုသည်ကိုတော့ ကျွန်တော်၏ သတင်းရင်းမြစ်များက မပြောနိုင်ခဲ့ကြ။ နောက်ပိုင်း အချိန်များ တွင်တော့ အာဆတ်သည် စိတ်ပျက်အားငယ်မှုနှင့် "အောင်ပွဲက လက်တစ်ကမ်းမှာပဲ ရှိတော့သည်" ဆိုသော အယောင်ယောင် အမှားမှား အာမခံချက်များကြားတွင် လူးလွန့်နေခဲ့သည််။ ထိုသို့ အခြေအနေမျိုးသည် ဘာလင်ရှိ ဗန်ကာ ထဲမှာ ဟစ်တလာ၏ နောက်ဆုံးနေ့ရက်များကို ရိုက်ကူးထားသည့် Downfall ရုပ်ရှင်ကို ကြည့်ဖူးသူတိုင်းအတွက် ရင်းနှီးနေမည့် မြင်ကွင်းမျိုးပင် ဖြစ်သည်။

 

ည ၁၁ နာရီ ခန့်တွင် အာဆတ်၏ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သူ မန်ဆာ အဇ္ဇမ် သည် ရုရှားအရာရှိ အဖွဲ့ငယ်လေးတစ်စု နှင့်အတူ အိမ်ကို ရောက်ရှိလာသည်။ ၎င်းတို့အားလုံး ဆွေးနွေးဖို့ အာဆတ် နှင့် အတူ အခန်းတစ်ခုထဲကို အတူတူ ဝင်သွားခဲ့ကြသည်။ အစိုးရတပ်ဖွဲ့များမှ ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ဘူးဆိုသည်ကို သက်သေပြနေသည့် ဗီဒီယိုဖိုင်များကို ရုရှားများက အာဆတ်ကို ပြသခဲ့တာ ဖြစ်နိုင်သည်ဟု ကျွန်တော့်၏ သတင်းရင်းမြစ်က ယုံကြည်ခဲ့သည်။

 

မနက် ၁ နာရီ တွင် တော့ အစိုးရကို ထောက်ခံသူ အများအပြားသည် တိုက်ပွဲကို စွန့်လွှတ်လိုက်ကြပြီး၊ မြို့တော်မှနေ အာလာဝိုက် လူမျိုးစုများ၏ အမာခံနယ်မြေဖြစ်သော ဆီးရီးယား ကမ်းရိုးတန်းဒေသဆီကို ထွက်ပြေးနေကြပြီဆိုတဲ့ သတင်းသည် အာဆတ်၏ အသိုင်းအဝိုင်းဆီကို ရောက်ရှိလာခဲ့သည်။

 

မနက် ၂ နာရီတွင် အာဆတ်သည် သူ၏ သီးသန့်အခန်းထဲမှ ထွက်လာပြီး ဗန်ကားတွေ လိုအပ်မယ်လို့ သူ၏ လက်စွဲ ဒရိုင်ဘာကို ပြောလာခဲ့သည်။ အိမ် ဝန်ထမ်းများ ကိုလည်း သူ၏ ပစ္စည်းပစ္စယများကို အမြန်ဆုံး ထုပ်ပိုး ပေးကြဖို့ အမိန့်ပေးခဲ့သည်။ အိမ်အပြင်ဘက်တွင်တော့ ရုရှားအဖွဲ့တဖွဲ့က စောင့်ဆိုင်းနေခဲ့ကြသည်။

 

ထိုအချိန်အထိ အာဆတ်၏ အသိုင်းအဝိုင်းထဲက တော်တော်များများသည် သမ္မတနန်းတော်ကိုသွားပြီး သူ့ကို ထောက်ခံသူများ ခုခံတိုက်ပွဲဝင်ဖို့ မိန့်ခွန်းပြောကြားလိမ့်မယ်လို့ ယုံကြည်နေဆဲပင် ဖြစ်သည်။ အာဆတ်သည် သူတို့ကို အပြီးအပိုင် စွန့်ပစ်သွားခဲ့ပါပြီ ဆိုသည်ကို နောက်ဆုံး မှ နားလည်သွားကြ‌ တော့သည်။ အာဆတ်သည် အိမ်ရှေ့တံခါးဆီကို ထွက်လာခဲ့ပြီး ဒီတစ်ကြိမ်တွင်တော့ သူ့ရဲ့လက်ထောက်နှစ်ဦးနှင့် သားဖြစ်သူ ဟာဖက်ဇ် တို့သာ ပါလာခဲ့‌ တော့သည်။ ကျန်တဲ့သူများကိုတော့ လိုက်ဖို့ နေရာမရှိတော့ကြောင်း ပြောခဲ့သည်။

 

အာဆတ်၏ သက်လတ်ပိုင်းအရွယ် ဒရိုင်ဘာသည် တံခါးနားမှာ ရပ်နေရင်းက သမ္မတကို သိသိသာသာ စိတ်ပျက်အားလျော့သည့် မျက်နှာပေးနှင့် ကြည့်နေခဲ့သည်။

 

“ကျွန်တော်တို့ကို တကယ်ပဲ ထားခဲ့တော့မှာလား” လို့ သူက မေးလိုက်သည်။။

 

အာဆတ်က သူ့ကို ပြန်ကြည့်ခဲ့သည်။ ဒီလို နောက်ဆုံးအချိန်မှာပင် အာဆတ်သည် သူ့နိုင်ငံမှာ ဖြစ်ပျက်ခဲ့သမျှတွေအတွက် တာဝန်ယူလိုစိတ် မရှိခဲ့။ သူ့ဖက်က နောက်လိုက်တွေကို သစ္စာဖောက်နေတာ မဟုတ်ဘဲ၊ သူ့ရဲ့ အုပ်ချုပ်မှု သက်တမ်းရှည်ဖို့အတွက် အသက်ပေး မတိုက်ခိုက်ကြတော့တဲ့ နောက်လိုက်တွေကသာ သူ့ကို သစ္စာဖောက်နေတာလို့ သူက ယူဆနေခဲ့သည်။

 

“မင်းတို့လူတွေကရော” လို့ အာဆတ်က ဒရိုင်ဘာကို ပြန်မေးပါတယ်။ “မင်းတို့ကရော မတိုက်ကြတော့ဘူးလား။” ဟု ပြောပြောဆိုဆို နှင့် ချားကနဲ လှည့်ထွက်သွားပြီး ညမှောင်မှောင်ထဲကို တိုးဝင်ပျောက်ကွယ်သွားတော့သည်။ အပြင်မှာတော့ ရုရှားများက သူ့ကို စောင့်ကြိုနေကြသည်။

 

ကိုးကား - ၂၀၂၆ ဖေဖေါ်ဝါရီ ၆ ရက် နေ့ထုတ် The Atlantic မဂ္ဂဇင်း ပါ Robert F .Worth ရေးသားသည့် The Fall of the House of Assad အား ပြန်ဆိုသည်။