အာဆတ် ကျဆုံးခန်း (၅)

by Hla Soewai - Feb 16 2026

အာဆတ် မျိုးနွယ်စုဖြစ်သော အလာဝိုက် ဘာသာရေး လူနည်းစုဝင်များ၏ နှစ်ရှည်လများကြာ အောင် ထောက်ခံလာခဲ့ကြသူများပင် ဆင်းရဲ မွဲတေ လာကြ၍ စတင်ညည်းညူလာကြသည်။ ဥရောပ တွင် နေထိုင်သည့် အာဆတ်ဆွေမျိုးစုဝင် တစ်ဦး ပြောပြသည်က - ၂၀၂၁ အတွင်း ဆီးရီးယားကို အလည်အပတ်သွားခဲ့စဉ်က ၎င်း၏ မိသားစုကို စောင့်ရှောက်ဖို့ တာဝန်ပေးထားသည့် အထူးသမ္မတ သက်တော်စောင့်တပ်ဖွဲ့ မှ အရာရှိ များသည် အလွန်အမင်း ဆင်းရဲလွန်းသည်ကြောင့် တာဝန်နားချိန် များတွင် လမ်းဘေး၌ သစ်သီးနှင့် စီကရက် လိုက်ရောင်းနေကြရသည်ကို တွေ့ရှိခဲ့ရ၍ အံ့အားသင့်ခဲ့ရသည်ဟု ‌ဆိုသည်။

 

အာဆတ်နှင့် မိသားစုကတော့ ဆီးရီးယားနိုင်ငံကို မူးယစ်ဆေးဝါးနိုင်ငံ အဖြစ် ပြောင်းလဲပစ်ခဲ့ပြီး စည်းစိမ် ယစ်မူး‌ နေကြသည်။ ညီဖြစ်သူ မာဟာ သည် တရားမဝင် စိတ်ကြွဆေးတစ်မျိုးဖြစ်သည့် Captagon အမြောက်အမြား ထုတ်လုပ်ပြီး မှောင်ခိုကူးမှုများကို ကိုယ်တိုင် ကိုယ်ကျ ကြီးကြပ်ခဲ့သူ ဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှ အာဆတ်သည် ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိခဲ့သော်လည်း တစ်ဖက်တွင် ပင်လယ်ကွေ့နိုင်ငံ များနှင့် ဂျော်ဒန်နိုင်ငံတို့တွင် မူးယစ်ဆေးစွဲမှု ပြဿနာ ကြီးထွားလာခဲ့သည့် အတွက် ထိုနိုင်ငံများ၏ ခေါင်းဆောင်များက ဒေါသထွက်လာကြသည်။

 

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တွင်တော့ အာဆတ်၏ အာဏာမက်မောမှုသည် ထူးဆန်းသည့် အရွေ့ တခုဘက်ကို ဦးတည်သွားခဲ့ပုံရသည်။ အာမတ် ၏ အဆိုအရ အာဆတ်သည် ပူတင် သို့မဟုတ် ပင်လယ်ကွေ့ အုပ်ချုပ်သူတွေလိုမျိုး "ဘုရင်တပါးလို သုံးလို့ရသည့် လက်နက်ကိရိယာမျိုး" Monarchy tools လိုအပ်သည်ဟု ကောက်ချက်ချလာခဲ့သည်။ ထိုအထဲတွင် လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့ များကို ထောက်ပံ့ဖို့နှင့် စီးပွားရေးကို စိတ်ကြိုက်ပုံဖော်ဖို့ လုံလောက်သည့် ငွေကြေးအမြောက်အမြား စုဆောင်းထားခြင်းလည်း ပါဝင်လာသည်။

 

အာဏာရရှိနေသည့် နောက်ဆုံးလ များအတွင်း ရုရှား မှ လူတွေ့မေးမြန်းသူတစ်ဦးကို အာဆတ် ပြောခဲ့သည့် စကားများထဲတွင် "ဘုရင်ဆန်သည့် အာဏာ" အပေါ် ထားရှိ သော ၎င်း၏ အယူအဆများကို တွေ့လာရသည်။ ဒီမိုကရေစီ၏ အားနည်းချက်များနှင့် ပတ်သက်ပြီး မေးမြန်းသည့်အခါ အာဆတ်က မထီမဲ့မြင် အပြုံးမျိုးနှင့် "အနောက်နိုင်ငံတွေမှာ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ သမ္မတတွေဆိုတာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဒါရိုက်တာတွေ သာ ဖြစ်တယ်၊ ပိုင်ရှင်တွေ မဟုတ်ကြဘူး။" ဟု ဖြေသွားခဲ့သည်။

 

၂၀၂၄ ခုနှစ် ဇူလိုင်လ၊ ဂါဇာစစ်ပွဲသတင်းများ သတင်းစာမျက်နှာထက်တွင် ကြီးစိုးနေခိုက် လူနာ အယ်လ်-ရှီဘဲလ် ကို ဒမတ်စကတ်မြို့ပြင် အဝေးပြေးလမ်းမကြီးပေါ်ရှိ သူမ၏ BMW ကားအတွင်းမှာ သေဆုံး နေသည်ကို တွေ့ရှိခဲ့ကြသည်။ အစိုးရသတင်းဌာန များက ယာဉ်မတော်တဆမှုဟု ဖော်ပြခဲ့ကြ သော်လည်း‌ တွေ့ရသည့် အခြေအနေများက ထူးဆန်းနေသည်။ သတင်းအချို့က ကားသည် အနည်းငယ်သာ ပျက်စီးသွားခဲ့‌ သော်လည်း သူမ၏ ဦးခေါင်းခွံသည် ရစရာမရှိအောင် ရိုက်ခွဲခံထားရသည်ဟု ဆိုသည်။ သူမအား အစ္စရေးဖက်ကို စစ်ရေး ပစ်မှတ် အချက်အလက်များ ပံ့ပိုးပေးခဲ့သည့် အတွက် အီရန်အစိုးရ၏ အမိန့်နှင့် အသတ်ခံ ရခြင်း ဖြစ်သည် ဆိုသော ကောလာဟလများလည်း ချက်ခြင်းလို ပျံ့နှံ့သွားခဲ့သည်။

 

သို့သော် အာဆတ်ကိုယ်တိုင်ကသာ ၎င်း၏ အငယ်အနှောင်း ဖြစ်သူ ကို သတ်ဖို့ အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ဟု အစ္စရေးအရာရှိဟောင်းတစ်ဦး နှင့် အစိုးရဖက်မှ လူ နှစ်ဦးက ကျွန်တော့်ကို ပြောပြခဲ့သည်။ ရှီဘဲလ်သည် ဆီးရီးယားနိုင်ငံအတွင်း အီရန်၏ လှုပ်ရှားမှု သတင်းများကို မော်စကို ဆီ ပံ့ပိုးပေးနေသည့် ရုရှား၏ အမာခံအေးဂျင့်တစ်ယောက် ဖြစ်လာခဲ့ သော ကြောင့်ဟု အစ္စရေးအရာရှိဟောင်းက ဆိုသည်။ ဖြစ်နိုင်ခြေ ရှိသည်က အာဆတ်၏ ဇာတ်သိမ်းခန်း နီးနေပြီဆိုသည်ကို ရိပ်စားမိလာ၍ သူမအတွက် နောက်ထပ် အကာအကွယ်ပေးမယ့်သူတစ်ဦး လိုအပ်လာပြီဟု ယူဆခဲ့ခြင်းကြောင့် ဖြစ်ပေမည်။ (ပုံတွင် ရှီဘဲလ် အား တွေ့နိုင်သည်)

 

အာဏာရှင်တစ်ယောက် ပြုတ်ကျသွားသည့် အခါတွင် ၎င်းတို့၏ နောက်ဆုံးအချိန်ကို စိတ်ထိခိုက်စွာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြ ပေ လိမ့်မည်ဟု ယူဆတတ်ကြသည်။ ဥပမာ ကိုယ့်မျက်လုံးကိုယ် ပြန်ဖောက်ပစ်ခဲ့သည့် အီးဒီးပတ်စ် သို့မဟုတ် လွင်ပြင်ကျယ်ကြီးထဲတွင် ဒေါသတကြီး အော်ဟစ်နေခဲ့သည့် မက်ဘတ် တို့လိုမျိုး ကိုယ့်အပြစ်ကိုယ် သိမြင်သွားသည့် နောင်တရမှုမျိုး ရှိကောင်း ရှိလာန်ိုင်သည် ။ သို့သော် တကယ့်လက်တွေ့ တွင်တော့ အာဏာရှင်များသည် ထိုကဲ့သို့ ပုံစံမျိုးနှင့် ဇာတ်သိမ်းသွားကြလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့။ ထိုသို့ မထင်ခဲ့ခြင်းမှာလည်း ကိုယ့်ကိုယ်ကိုယ် လိမ်ညာတတ်သည့် အတတ်ကို လွန်စွာ ကျွမ်းကျင်သူများ ဖြစ်နေကြသောကြောင့်ပင် ဖြစ်သည်။

 

အာဆတ်၏ ကျဆုံးခန်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့သည်။ အာမက် အယ်လ်-ရှာရာ၏ ကွပ်ကဲမှုအောက်ရှိ သူပုန်ပြည်သူ့စစ်အဖွဲ့ များသည် စစ်ဆင်ရေးတစ်ခုစတင်ဖို့အတွက် တူရကီနိုင်ငံ၏ ခွင့်ပြုချက်ရအောင် ကြိုးပမ်းခဲ့ကြပြီး နောက်ဆုံးတွင်တူရကီသမ္မတ ရီဆပ် တိုင်ယစ် အာဒိုဂန် ခွင့်ပြုလိုက်သည်။ (တူရကီအစိုးရမှ ထိုစစ်ဆင်ရေး တွင် တရားဝင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။)

 

အာဒိုဂန်သည် တကယ်တမ်းတွင် ထိုသို့ လုပ်ဖို့ ဝန်လေးနေခဲ့သူ ဖြစ်သည်။ တစ်နှစ်ပတ်လုံး ၎င်းသည် အာဆတ်ကို တွေ့ဆုံဖို့ တောင်းဆိုခဲ့သည်။ ၎င်း၏ လိုလားချက် များကလည်း အလွန်အကျွံတော့ မဟုတ်ပေ။ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ဖို့ နှင့် တူရကီနိုင်ငံထဲ သန်းနှင့်ချီ ရှိနေသော ဆီးရီးယားဒုက္ခသည် များနေရပ်ပြန်ခွင့်ပြုမည့် သဘောတူညီချက်တစ်ခု ရဖို့သာ ဖြစ်သည်။ သို့သော် အာဆတ်ကတော့ အသာစီးရနေတဲ့ သူတစ်ယောက်လို ပြုမူခဲ့ပြီး၊ ဆီးရီးယားထဲက တူရကီတပ်ဖွဲ့အားလုံးကို အရင်ဆုံး ရုပ်သိမ်းပေးရမည်၊ ဤသည်ကို အာဒိုဂန်က သဘောမတူလျင် မတွေ့နိုင်ဟု ငြင်းဆိုခဲ့သည်။ အာဒိုဂန် သည် သူပုန်များ ဆင်နွှဲမည့် စစ်ဆင်ရေးဖြင့် အာဆတ်ကို အပေးအယူလုပ်လာအောင် တွန်းအားပေးဖို့သာ ရည်ရွယ်ပြီး ခုခံစစ် တခု အဖြစ် ပုံဖေါ်ချင် ပုံရသည်။ 

 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ သူပုန်တပ်ဖွဲ့များသည် အလက်ပို မြို့ဆီသို့ အရှေ့မြောက်ဘက်မှ ချီတက်လာချိန် တွင် အာဆတ်သည် ရုရှားတွင် ရှိနေခဲ့သည်။ မော်စကိုတက္ကသိုလ်တွင် သားဖြစ်သူ၏ "ကိန်းဂဏ္ဍန်းဗေဒနှင့် ပိုလီနိုမီယမ် ဖော်ပြချက်များ" ဆိုင်ရာ ပါရဂူဘွဲ့အတွက် ကျမ်းပြု နေသည်ကို သွားရောက်အားပေးနေခဲ့ခြင်း ဖြစ်သည်။ အလက်ပိုမြို့၏ ခံစစ်စည်း ပြိုလဲပျက်စီးနေချိန်မှာပင် အာဆတ်သည် မော်စကိုမှာပင် ဆက်ရှိနေခဲ့သည့်အတွက် နိုင်ငံ အတွင်း ကျန်ရစ်ခဲ့သည့် ၎င်း၏ စစ်ဗိုလ်ချုပ်များ တုန်လှုပ်ခြောက်ခြားပြီး စိတ်ပျက်ကုန်ကြသည်။ ရုရှားတွင် ရှိနေစဉ် ပူတင်ကို ၎င်းအား ကယ်တင်ပေးဖို့အတွက် ဖျောင်းဖျနိုင်လိမ့်မည်ဟု မျှော်လင့်နေပုံရသည်။

 

သို့သော် ရုရှားသမ္မတသည် အာဆတ်ကို ရက်အတော်ကြာအောင် စောင့်ခိုင်းထားခဲ့ပြီး နောက်ဆုံး မှ တွေ့ဆုံခွင့်ပေးခဲ့သည်၊ တွေ့ခွင့် ပေးခဲ့သည့် အချိန်သည်လည်း လွန်စွာ မှ တိုတောင်း နေသည်။ 

 

ကျွန်တော် စကားပြောခဲ့သည့် အစ္စရေးအရာရှိဟောင်း၏ အဆိုအရ ပူတင်က အာဆတ်ကို "မောင်ရင်ရဲ့စစ်ပွဲကို ကျုပ် ဝင် တိုက်ပေးလို့ မရဘူး" လို့ ပြောခဲ့ပြီး ဆီးရီးယားခေါင်းဆောင်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်သည် အာဒိုဂန်ဆီကို သွားပြီး အပေးအယူလုပ်ဖို့ပဲ ရှိတော့တယ်ဟု ပြောခဲ့သည်။ 

 

ရုရှားသည် ဆီးရီးယားနှင့် ဆက်ဆံရေးထက် တူရကီနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို အစဉ်အမြဲ ပိုပြီး တန်ဖိုးထားခဲ့ကြသူ များ ဖြစ်သည်။ အာဆတ်အနေနှင့် ထိုအချက်ကို သဘောပေါက်ရဲ့လားဆိုသည်က သိဖို့ မဖြစ်နိုင် သော်လည်း ပူတင်ကတော့ ၎င်း၏ စစ်သားများကပင် စွန့်ခွာထွက်ပြေးနေသည့် အာဏာရှင် ပေါက်စလေး ကို ကယ်တင်ဖို့အတွက် တူရကီ ကျောထောက် နောက်ခံပြု သူပုန်မဟာမိတ်များနှင့် စစ်ပွဲအသစ်တစ်ခု ဆင်နွှဲပြီး တိုက်ခိုက်ပေးဖို့ အစီအစဉ် မရှိခဲ့သည်က ထင်ရှားလှပေသည်။