Brave Burma Act ၏ နောက်ကွယ်

by Hla Soewai - Feb 16 2026

၂၀၂၆ ဖေဖေါ်ဝါရီ လ ၉ ရက် တနင်္လာနေ့တွင် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှ BRAVE Burma Act (H.R. 3190) ကို ကန့်ကွက်သူမရှိ အသံမဲဖြင့် အတည်ပြုလိုက်သည်။

 

BRAVE Burma Act ၏ အဓိကရည်ရွယ်ချက်များ မှာ မြန်မာ စစ်အုပ်စု ၏ ဘဏ္ဍာရေး အရင်းအမြစ်များကို ဖြတ်တောက်ရန်အတွက် စစ်ကောင်စီပိုင် လုပ်ငန်းများ၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် အထူးသဖြင့် စစ်တပ်က အသုံးပြုနေသည့် လေယာဉ်ဆီ တင်သွင်းမှုတွင် ပါဝင်နေသူများကို ပိတ်ဆို့အရေးယူရန် ပြဋ္ဌာန်းထားသည်။

 

၂၀၂၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် BURMA Act ပါ အရေးယူပိတ်ဆို့မှုဆိုင်ရာ အာဏာတည်မြဲခွင့်ကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးလိုက်သည်။

 

မြန်မာ့အရေးနှင့် ပတ်သက်၍ အမေရိကန်၏ မူဝါဒများကို ပိုမိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းနိုင်ရန် အထူးသံတမန် တစ်ဦးကို သမ္မတက ခန့်အပ် ပေး ရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသည်။

 

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့သော အဖွဲ့အစည်းများတွင် စစ်အုပ်စု၏ ပါဝင်မှုကို ကန့်သတ်ရန်နှင့် ရုရှား၊ တရုတ်တို့မှ စစ်ကောင်စီအား ထောက်ပံ့နေမှုများကို ရပ်တန့်စေရန် ဖိအားပေးသည့် လုပ်ငန်းစဉ်များ ပါဝင်သည်။

 

အောက်လွှတ်တော်တွင် အတည်ပြုပြီးနောက် ဤဥပဒေကြမ်းသည် အထက်လွှတ်တော် ဆီးနိတ် သို့ ဆက်လက်ရောက်ရှိမည်ဖြစ်ပြီး အထက်လွှတ်တော်ကပါ အတည်ပြုပြီး သမ္မတက လက်မှတ်ရေးထိုးမှသာ အာဏာတည်သည့် ဥပဒေတစ်ရပ် ဖြစ်လာပေမည်။ 

 

ယင်းသည် ကမ္ဘာတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ကြားဝင်စွက်ဖက်မှုများ ပြုလုပ်ရန် အမေရိကန်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများထဲက နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်သည်ဟု Adam Dick ယူရေရှား ရီဗြူးတွင် ရေးသားထားသည်။

 

Brave ဆိုသည့် စကားလုံးသည် Bringing Real Accountability Via Enforcement in Burma Act ဆိုသည့် ဥပဒေ အမည်၏ ရှေ့စကားလုံး တခုစီ ကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး အဓိပ္ပါယ်အားဖြင့် မြန်မာနိုင်ငံအား အရေးယူဆောင်ရွက်ခြင်းမှတစ်ဆင့် အစစ်အမှန် တာဝန်ယူမှု၊ တာဝန်ခံမှုများ ဖော်ဆောင်ရေး အက်ဥပဒေ ဟူ၍ ဖြစ်သည်။

 

အမေရိကန်အစိုးရမှ မြန်မာကို 'Burma' ဟု တစိုက်မတ်မတ် ခေါ်ဆိုနေခြင်းသည်ကပင် လက်ရှိအစိုးရကို တရားမဝင်ကြောင်း ဖော်ပြဖို့ ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု ဆိုသည်။ ယခုလို ဝေါဟာရအသုံးအနှုန်းဆိုင်ရာ ကစားကွက်သည် မြန်မာအပေါ် အမေရိကန်မှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အတွက် အထောက်အပံ့ လာခဲ့သည်ဟု ဆောင်းပါးရှင်က ထောက်ပြခဲ့သည်။

 

ပြီးခဲ့တဲ့လက ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခေါ်ဆောင်ရန်အတွက် စစ်တပ်စေလွှတ်မှုကို အထောက်အပံ့ဖြစ်စေဖို့ အမေရိကန်အစိုးရသည် အလားတူ ဝေါဟာရအသုံးအနှုန်းဆိုင်ရာ ကစားကွက်များကို အသုံးပြုခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည် သမ္မတမဟုတ်ဘဲ 'မူးယစ်ဆေးဝါး အကြမ်းဖက်မှု'(Narco-terrorism ကို ကြီးကြပ်နေသည့် မူးယစ်ရာဇာတစ်ဦးဟုထပ်တလဲလဲ စွပ်စွဲပြောဆိုခဲ့သည်။ ထိုစွပ်စွဲချက်နှစ်ခု နှင့်ပင် ၎င်းအား ဖမ်းဆီးပြီးတရားဥပဒေရှေ့မှောက် ပို့ဆောင်ပေးသည့် တရားဝင် လုပ်ဆောင်ချက်တစ်ခုဖြစ်အောင် ပုံဖော်ရာမှာ အထောက်အကူ ဖြစ်စေခဲ့သည်ဟု နှိုင်းယှဉ် ရေးသားထားသည်။

 

အချို့သော နိုင်ငံရေးလေ့လာသူများကမူ ဤဥပဒေသည် အမေရိကန်၏ အာရှ-ပစိဖိတ်ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန်နှင့် ၎င်းတို့၏ ပထဝီနိုင်ငံရေး အကျိုးအမြတ်အတွက် မြန်မာ့အရေးကို အသုံးချနေခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။

 

လက်ရှိတွင် အမေရိကန်၏ မြန်မာ့အရေး ဆောင်ရွက်ချက်များသည် နိုင်ငံခြားရေးဌာန၊ဘဏ္ဍာရေးဌာန နှင့် USAID စသည့် ဌာနအသီးသီးတွင် ပြန့်ကျဲနေပါသည်။ အထူးသံတမန် ခန့်အပ်လိုက်ခြင်းဖြင့်-အဖွဲ့အစည်းအားလုံးကို တိုက်ရိုက် ဦးဆောင်မည့်သူ ရှိလာမည်။ ပိတ်ဆို့အရေးယူမှုများ နှင့် လူသားချင်းစာနာမှု အကူအညီများကို ပိုမိုမြန်ဆန် ထိရောက်စွာ ဆောင်ရွက်လာနိုင်မည်။

 

အထူးသံတမန်သည် NUG ၊ NUCC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရမည့် တာဝန်ရှိလာသည်။ ယင်းသည် အမေရိကန်အစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများကို "တရားဝင်မှု" ပိုမိုပေးအပ်လာခြင်း ဖြစ်သည်။ စစ်အုပ်စုကို ဖယ်ကြဉ်ပြီး အခြားသော နိုင်ငံရေး အင်အားစုများနှင့် ပိုမိုနီးကပ်သော မဟာဗျူဟာများ ချမှတ်လာနိုင်သည်။

 

အမေရိကန်သည် ၎င်း၏ အထူးသံတမန်မှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများကို စစ်ကောင်စီနှင့် ဆက်ဆံရေးဖြတ်တောက်ရန် သို့မဟုတ် ပိတ်ဆို့မှုများတွင် ပူးပေါင်းပါဝင်ရန် ပိုမိုပြင်းထန်စွာ ဖိအားပေးလာဖွယ် ရှိပါသည်။ ၎င်းသည် မြန်မာနိုင်ငံအရေးကို အကြောင်းပြ၍ ဒေသတွင်း၌ အမေရိကန်၏ ခြေလှမ်းကို ပိုမိုကျယ်ပြန့်စေမည့် ခြေလှမ်းလည်း ဖြစ်သည်။

 

ထို့ပြင် အထူးသံတမန်သည် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရုရှားနှင့် တရုတ်တို့၏ စစ်ရေးထောက်ပံ့မှုများကို အနီးကပ် စောင့်ကြည့်ပြီး လွှတ်တော်သို့ ပုံမှန် အစီရင်ခံစာ တင်ပြရမည် ဖြစ်သည်။ ၎င်းသည် နောက်ထပ် ပြင်းထန်သော ဥပဒေများ ထွက်ပေါ်လာရေးအတွက် အခြေခံအချက်အလက်များ စုဆောင်းပေးခြင်းလည်း ဖြစ်သည်။

 

ဝေဖန်သူများ၏ အမြင်အရ အထူးသံတမန် ခန့်အပ်ခြင်းသည် မြန်မာ့အရေးကို ကူညီရန်ထက် အမေရိကန်၏ ပထဝီနိုင်ငံရေး ဗျူဟာ ကို အကောင်အထည်ဖော်ရန်နှင့် ဒေသတွင်းရှိ တရုတ်၏ ဩဇာကို တန်ပြန်ရန်အတွက် "ကိုယ်စားလှယ်" တစ်ဦး ထားရှိခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

 

မည်သို့ပင် ဖြစ်စေ အထူး သံတမန် ခန့်အပ် သည်အထိ ဖြစ်လာမည် ဆိုက မြန်မာ အရေး တွင် အမေရိကန်၏ ပါဝင် ပတ်သက်မှု နက်ရှိုင်းလာစေမည်သာ ဖြစ်သည်။

 

ဤသည်ကိုလည်း ပြည်သူများက ကြိုဆိုနေကြမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!