အာဆတ် ကျဆုံးခန်း (၄)

by Hla Soewai - Feb 16 2026

ဘာရှာလ် အာဆတ်သည် မတော်တဆ အာဏာရလာခဲ့ခြင်းသာ ဖြစ်သည်။ ဆီးရီးယား၏ "ရွှေရောင်မြင်းစီးသူရဲ" ဟု လူသိများပြီး စစ်အရာရှိနှင့် မြင်းခုန်အားကစားသမား ဘာဆေးလ် သည်သာ ဖခင်၏ အရိုက်အရာကို ဆက်ခံဖို့ သတ်မှတ်ထားခြင်းခံရသူ ဖြစ်သည်။ သို့သော် ဘာဆေး သည် ၁၉၉၄ တွင် ယာဉ်မတော်တဆမှု တခုနှင့် သေဆုံးသွားခဲ့သည်။ ထိုအခါတွင်တော့ ဟာဖက်ဇ်သည် လန်ဒန်တွင် မျက်စိအထူးကုဆရာဝန်ဖြစ်ရန် ပညာသင်ကြားနေသည့် ဘာရှာလ် အာဆတ် ကို ချက်ချင်းပြန်ခေါ်ခဲ့ပြီး ခေါင်းဆောင်သစ်အဖြစ် စတင်ပျိုးထောင်ပေးခဲ့သည်။

 

ဆီးရီးယား အတိုက်အခံအသိုင်းအဝိုင်းရှိ အတော်တော်များများသည် အစပိုင်းတွင် ဘာရှာလ်၏ အနေရခက်သည့် ပုံစံနှင့် ရှက်တတ်သည့် အမူအရာကို သဘောကျခဲ့ကြသည်။ ၎င်းသည် အာဏာရှင်တစ်ယောက်နှင့် မတူ ဖြစ်နေခြင်းကပင် ပိုပြီးကြင်နာတတ်သူ၊ ပိုပြီးသည်းခံတတ်သူ ဖြစ်လိမ့်မည်ဆိုသည့် မျှော်လင့်ချက်ကို မီးမွှေးပေးခဲ့သည်။ ခဏတာ ကာလတစ်ခု အထိတော့ မှန်ကန်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် ဘာရှာလ် အာဏာရလာချိန်တွင် ပေါ်ပေါက်လာသည့် "ဒမတ်စကတ် နွေဦး" ကာလအတွင်း လွတ်လပ်စွာ ပြောဆိုခွင့် နယ်ပယ်သည် ပိုမိုကျယ်ပြန့်လာသ‌ယောင် ဖြစ်လာခဲ့သည်။

 

သို့သော် မကြာခင်မှာပင် ဖြိုခွင်းမှုများ ထွက်ပေါ် လာခဲ့မှု နှင့် အတူ အာဆတ်၏ စိတ်နေစိတ်ထားသည် ထင်ထားသည်ထက် ပြောင်းပြန်ဖြစ်လာခဲ့သည်။ ၎င်းသည် လူအများ၏ အမြင်တွင် အားနည်းသူတစ်ယောက်အဖြစ် အထင်ခံရမည်ကို အလွန်အမင်း စိုးရိမ်လာခဲ့သဖြင့် လူတွေမျှော်လင့်ထားသလို ရက်စက်ကြမ်းကြုတ်မှုမျိုး တကယ်လုပ်ရဲသည် ဆိုသည်ကို အဖန်တလဲလဲ သက်သေပြနိုင်မှ ဖြစ်မည်ဟု ယုံကြည်လာပုံရသည်။

 

ကျွန်တော်သည် အာဆတ်ကို သိကျွမ်းခဲ့သူ အနည်းဆုံး တစ်ဒါဇင်လောက်နှင့် စကားပြောခဲ့ဖူးသည်။ အားလုံးက ခေါင်းမာသူ ဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။ အာဆတ်သည် တခြားသူ၏ အကြံဉာဏ်ကို နားမထောင်သည့် အပြင် အကြံပေးလာ သည်ကိုပင် မကျေမနပ်ဖြစ်ပုံရသည်ဟု အတော်များများက ပြောပြကြသည်။

 

အပေးအယူလုပ်ရာမှာ အလျှော့မပေးတတ်သူဟု နာမည်ကြီးသည့် ဖခင်ဖြစ်သူအားလည်း ယခုလိုပင် ပြောဆိုခဲ့ကြသည်။ "သူတို့နှစ်ယောက်စလုံး ဒီလို နားလည်ရခက်တဲ့ စနစ်အတွင်းမှာ အများသဘောတူညီချက်ရဖို့အတွက် အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေကို အပေးအယူတွေ၊ ခြိမ်းခြောက်မှုတွေနှင့် လှည့်ကွက်တွေ သုံးပြီးမှ "ကဲ... ငါတို့အားလုံး ဒီအတိုင်းပဲ သွားကြမယ်" ဆိုတဲ့ အခြေအနေမျိုး ရောက်အောင် ဖန်တီးယူကြရတာ ဖြစ်တယ်" ဟု ၂၀၀၀ ပြည့်လွန်နှစ်တွေအတွင်း ဘာရှာလ်ကို အကျယ်တဝင့် လူတွေ့မေးမြန်းခဲ့တဲ့ Trinity တက္ကသိုလ်မှ ပညာရှင် ဒေးဗစ် လက်ရှ် က ကျွန်တော့်ကို ပြောပြခဲ့သည်။ သို့သော်လည်း အာဆတ်တွင် ဖခင်လိုမျိုး မွေးရာပါ ကြံ့ခိုင်သန်စွမ်းမှု မရှိခဲ့။ သိကျွမ်းသူ များ နှင့် လေ့လာသူတချို့၏ အဆိုအရ ခေါင်းမာတင်းခံနေခြင်းအားဖြင့် ၎င်း၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် အပေါ် ယုံကြည်မှု ကင်းမဲ့နေသည်ကို ဖုံးကွယ်ထားပုံရသည်ဟု သိခဲ့ရသည်။

 

ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းကြောင့် သူတစ်ပါး ၏ ဩဇာလွှမ်းမိုးခြင်းကို ခံရလွယ်သူ ဖြစ်စေခဲ့သည်ဟု အချို့က ကျွန်တော့်ကို ပြောပြခဲ့သည်။ အထူးသဖြင့် ဟစ်ဇဘိုလာ အဖွဲ့ ခေါင်းဆောင်၊ လူကြိုက်အလွန်များပြီး ဩဇာတိက္ကမကြီးမားသည့် ဟာဆန် နာစရဲလ်လာ ကို အထူးတလည် အထင်ကြီး အားကျခဲ့သူ ဖြစ်သည်။ နာစရဲလ်လာက ၎င်းကို ရိုက်သွင်းပေးခဲ့သည့် ဝါဒဖြန့်စကားများကိုလည်း အာဆတ်က အဟုတ်မှတ်ပြီး ယုံကြည်ခဲ့ပုံရပါသည်။ 

 

နာစရဲလ်လာ ပြောသည်များကလည်း သူကြားချင်နေသည့် စကားများ ဖြစ်နေသည်။ နာစရဲလ်လာက "ခုခံရေးဝင်ရိုးတန်း" သည် အစ္စရေးကို ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခု ပေးနိုင်လိမ့်မည်၊ ထိုအခါ အာဆတ်အနေနှင့် ငြိမ်းချမ်းရေးအတွက် နှစ်သက်ရာ ဘယ်လိုအခြေအနေမျိုးကိုမဆို စိတ်ကြိုက် သတ်မှတ်နိုင်လိမ့်မည် ဆိုတာမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် အာဆတ်အနေနှင့် ခက်ခဲသည့် ရွေးချယ်မှုများ ဒါမှမဟုတ် စွန့်လွှတ်အနစ်နာခံမှုများ ဘာတခုမှလုပ်စရာ မလိုတော့ဘဲ၊ အရာအားလုံးသည် သူ့လက်ထဲကို အဆင်သင့် ရောက်လာတော့မည် ဆိုသော အဓိပ္ပာယ်မျိုးပင် ဖြစ်သည်။

 

၂၀၂၃ အောက်တိုဘာလ ၇ ရက်နေ့ တွင် တော့ နာစရဲလ်လာ၏ ဟောကိန်းများ တကယ်ဖြစ်လာပြီဟု အာဆတ်တစ်ယောက် နာရီအနည်းငယ်ကြာအောင် စိတ်ကူးယဉ်မိမည်မှာ သေချာလှသည်။ ဟားမတ်စ် များသည် ဂါဇာနယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက်လာပြီး လူပေါင်း ၁,၀၀၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ ထိုအချိန်တွင် ဒေသတွင်း "ဆမ်ဆန်" (Samson) ဟု ခေါ်ရလောက်အောင် အင်အားကြီးလှပါသည် ဆိုသော အစ္စရေးသည် အားနည်းနေပြီး အဆင်သင့်မဖြစ်သေးသည့် ပုံစံမျိုး ပေါက်နေခဲ့သည်။ (ဆမ်ဆန် ဆို သည်က ကျမ်းစာလာ ခွန်အားကြီးမားသည့် သူရဲကောင်းတစ်ဦးဖြစ်ပြီး၊ အစ္စရေး၏ စစ်ရေးအင်အားကြီးမားမှုကို တင်စားသုံးနှုန်းထားခြင်း ဖြစ်သည်။)

 

သို့သော် သိပ်မကြာခင်မှာပင် အစ္စရေးသည် ဂါဇာကို တင်မကဘဲ လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံများ ထဲကိုပါ လေကြောင်းတိုက်ခိုက်မှုပေါင်း ထောင်နဲ့ချီပြီး စတင်လုပ်ဆောင်လာခဲ့သည်။ နောက်ဆုံးတွင် နာစရဲလ်လာကိုယ်တိုင် သေဆုံးသွားခဲ့ရသည်အထိ ၎င်း၏ မဟာမိတ်များ အပေါ် ပစ်မှတ်ထားသည့် အဆိုပါစစ်ဆင်ရေးများနှင့် ပတ်သက်ပြီး အာဆတ်သည် ဘာတစ်ခွန်းမှ မဟဘဲ နှုတ်ဆိတ်နေခဲ့သည်။ ဖြစ်နိုင်သည်က အစ္စရေး၏ ပစ်မှတ် ထဲ သူမပါရ အောင် ရှောင်ရှားခဲ့တာမျိုး ဖြစ်နိုင်သည်။ ဆီးရီးယားအစိုးရနှင့် နီးစပ်သည့် လက်ဘနွန်နိုင်ငံရေးသမား ဝီယမ် ဝါဟတ်ဘ် ၏ အဆိုအရ အာဆတ်၏ နှုတ်ဆိတ်နေမှု ကြောင့် သူကိုယ်တိုင်ကပဲ အစ္စရေးကို သတင်းပေးနေသလားဆိုသည့် သံသယကို အီရန် တို့အကြား ပိုပြီးကြီးထွားလာစေခဲ့သည်။ "ခုခံရေးဝင်ရိုးတန်း" ကြီးသည်လည်း တစစီ ပြိုကွဲပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

 

ထို အနေအထားသည် အာဆတ်အတွက် စိုးရိမ်စရာ ဖြစ်လာသင့်သည်။ အထူးသဖြင့် ၎င်းအား နောက်ထပ် အကာအကွယ်ပေး နေသည့် ရုရှားသည် ယူကရိန်းစစ်ပွဲတွင် နွံနစ်နေသည့် အချက်ကို ထည့်တွက်လျင် ပို၍ပင် စိုးရိမ်ရမည် ဖြစ်သည်။ ကျွန်တော် စကားပြောခဲ့သည့် ဟစ်ဇဘိုလာ အေးဂျင့်ဟောင်းတစ်ဦး၏ အဆိုအရ အာဆတ်သည် သူ၏ အချိန်အတော်များများကို ဖုန်းထဲမှာ Candy Crush နဲ့ တခြား ဗီဒီယိုဂိမ်းများ ကစားရင်း ကုန်ဆုံးနေခဲ့သူ ဖြစ်သည်။ ဖခင်လက်ထက်က ဝါရင့် အကြံပေးပုဂ္ဂိုလ်ကြီးများကို ဖယ်ထုတ်ထားပြီး၊ ထိုအစား အရည်အချင်း မရှိသည့် လူငယ်တစ်စုကိုသာ အားကိုးခဲ့သည်။ 

 

သူတို့ထဲမှ တစ်ဦးဖြစ်သည့် အယ်လ်ဂျာဇီးယား သတင်းထောက်ဟောင်း လူနာ အယ်လ်-ရှီဘဲလ် ဆိုသူသည် အာဆတ်၏ ချစ်သူအဖြစ်ရော၊ ဆီးရီးယား အရာရှိကြီးများ၏ ဇနီးသည်များ အပါအဝင် တခြားအမျိုးသမီးများ ကိုပါ အာဆတ်နှင့် ပျော်ပါးဖို့အတွက် ရှာဖွေပေးရသူအဖြစ်ပါ လုပ်ဆောင်ခဲ့သူ ဖြစ်သည်ဟု နန်းတော် အတွင်း လူဟောင်းများ နှင့် အစ္စရေးအရာရှိဟောင်းတစ်ဦးက ဆိုသည်။

 

အစိုးရအသိုင်းအဝိုင်းမှ အတွင်းလူတစ်ဦးနှင့် အိမ်ထောင်ကျထားသည့် ရှီဘဲလ် သည် အာဆတ်၏ ပြည်သူများကို အထင်မြင်သေးတတ်သည့် စရိုက်ကို အားပေးခဲ့ပုံရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက ထွက်ပေါ်လာ‌ သော အသံဖိုင်တစ်ခုထဲတွင် အာဆတ်နှင့် ရှီဘဲလ်တို့ ဟစ်ဇဘိုလာ အဖွဲ့၏ ဟန်ကြီးပန်ကြီး လုပ်ရပ်များ အပေါ် လှောင်ပြောင်ရယ်မောနေကြသည်ကို ကြားရပြီး၊ ဒမတ်စကတ် ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဖြတ်မောင်းသွားစဉ် သူတို့ကို အလေးပြုနေကြသည့် စစ်သားများကိုလည်း သရော်ခဲ့ကြသည်။ ကားမောင်းနေသည့် အာဆတ်က လမ်းပေါ်တွင် တွေ့ရသည့် ဆီးရီးယား ပြည်သူများကို ရည်ညွှန်းပြီး တစ်နေရာတွင် ယခုလို ပြောခဲ့သည် - "သူတို့က ဗလီတွေဆောက်ဖို့ ပိုက်ဆံသုံးကြတယ်၊ စားဖို့ကျတော့ အလုံအလောက် မရှိကြဘူး။"

 

ဆီးရီးယား ပြည်သူ အတော်များများ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရချိန်တွင် သူကိုယ်တိုင်ကတော့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်း က တဆင့် ကြွယ်ဝချမ်းသာ အောင် အကြီးအကျယ် စုဆောင်း နေခဲ့သူ အာဆတ်၏ ပြောစကားသည် လွန်စွာမှပင် စက်ဆုပ် ရွံရှာဖွယ်ကောင်းလှ ပေသည်။

 

သာမန် စစ်သားတစ်ယောက်၏ လစာသည် တလကို ၁၀ ဒေါ်လာလောက်သာရှိပြီး ၎င်းတို့ မိသားစု အသက်ရှင်ရပ်တည်ဖို့ လိုအပ်သည့်ပမာဏထက် အများကြီး လျော့နည်းနေသည်။ တစ်ချိန်က တစ်ဒေါ်လာကို ၄၇ ပေါင်သာ ရှိခဲ့သည့် ဆီးရီးယားငွေတန်ဖိုးသည် ၂၀၂၃ တွင်တော့ တဒေါ်လာကို ၁၅,၀၀၀ ပေါင်အထိ ဖြစ်သွားခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်လွှတ်တော်မှ "ဆီဇာ ဆီးရီးယား အရပ်သားများ အကာအကွယ်ပေးရေး အက်ဥပဒေ" (Caesar Syria Civilian Protection Act) အရ ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှု များကို ထပ်မံချမှတ်ခဲ့ပြီးနောက်ပိုင်း ဆင်းရဲမွဲတေမှုသည် ပို၍ပင်နက်ရှိုင်းလာခဲ့ရသည်။