အသက်အရွယ် အပိုင်းအခြား၊ သက်တမ်းကန့်သတ်ချက်များ များ၊ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအားလုံး၏ အကြီးမားဆုံးသော အားနည်းချက်သည်က ယုံကြည်စိတ်ချရသည့် အရေးယူဆောင်ရွက်မှု ယန္တရား ရှိမနေခြင်းပင် ဖြစ်သည်။ မည်သည့် စည်းမျဉ်း သို့မဟုတ် စံနှုန်းမဆို ထိရောက်စွာ လိုက်နာစေရန်အတွက် အကောင်းဆုံး စီမံဆောင်ရွက်မှုသည် - ထိုစည်းမျဉ်းများကို ကြီးကြပ်အရေးယူမည့် 'တတိယအဖွဲ့အစည်း' တစ်ခု ထားရှိခြင်းပင် ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ သြဇာခံမဟုတ်ဘဲ သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခု အဖြစ် တာဝန်ယူ နိုင်ရေး ပင် ဖြစ်သည်။
သို့သော်လည်း ၁၉၈၀ ကျော် နှစ်များ အစောပိုင်းတွင် အကောင်အထည် ဖေါ်ခဲ့သော ပြုပြင် ပြောင်းလဲခဲ့မှု များတွင် တတိယ အဖွဲ့အစည်း တခု မှ လိုက်နာအောင် ကြီးကြပ် ဆောင်ရွက်ပေးရမည် ဆိုသည့် ပြဋ္ဌာန်းချက်မျိုး ပါရှိမလာခဲ့ပေ။ ၁၉၈၀ စက်တင်ဘာ နှင့် ၁၉၈၂ အောက်တိုဘာ လ အကြားတွင် နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ပြောင်းလဲရေးကို ဆွေးနွေးခဲ့ကြသော်လည်း အဓိက ပြဿနာ အဖြစ် ထွက်ပေါ်လာခဲ့သည်က ထိုသို့သော အဖွဲ့အစည်း မျိုး တည်ထောင်သင့် မသင့် ဆိုသည်ပင် ဖြစ်သည်။ ထွက် ပေါ် လာသော အဆိုပြုချက် တခုက ပြည်သူ့ ကွန်ဂရက် တွင် ဖွဲ့စည်းပုံ ဆိုင်ရာ အထူး ကော်မတီ တရပ် တည်ထောင်ရန် ဟူ၍ ဖြစ်သော်လည်း တိန့်ရှောင်ဖိန်၏ တချက်လွှတ် အမိန့်ဖြင့် ပယ်ချခံခဲ့ရသည်။ ဤသို့ဖြင့် တရုတ် နိုင်ငံ ဖွဲ့စည်းပုံတွင် မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရမည့် အပိုင်း ပါဝင်မလာခဲ့တော့ပေ။
CCP ပြုလုပ်သည့် ပြုပြင် ပြောင်းလဲရေး များ တွင် အကန့်အသတ်များ ရှိလာခြင်းသည် နောက်ကွယ်တွင် အကြောင်းရင်း နှစ်ရပ် ရှိနေသည်။ နိုင်ငံရေး အရ တိန့်ရှောင်ဖိန် နှင့် သက်ကြီး ခေါင်းဆောင်ပိုင်းသည် ၎င်းတို့ တိုင်းပြည်ကို အုပ်ချုပ်နေမှု အား စည်းမျဉ်း စည်းကမ်း များ နှင့် ချည်နှောင်ခံရမည် ကို မလိုလားကြ၊ အာဏာကို နောက်ကွယ်မှ ဆုပ်ကိုင်ထားယုံသာမက "ပါတီတွင်းဘဝ နိုင်ငံရေး အခြေခံ လမ်းညွှန်မူများ" ဆိုသည်ကိုလည်း ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်ခဲ့ကြသည်။
ဥပမာ အားဖြင့် ဆိုက တိန် ရှောင် ဖိန်သည်ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီ အစည်းအဝေး ခေါ်ယူရမည့် အစား ၎င်း၏ ပြိုင်ဖက် ကြီး ဖြစ်သူ ချန်ယွန် အား ဘေးချိတ် ထားနိုင်ရန် ညွှန်ကြားချက်များကို အဓိက ကျသည့် ခေါင်းဆောင်ပိုင်းကိုသာ နှုတ်ဖြင့် အမိန့်ပေးလာခဲ့သည်။ အရေးပါသည် လူပုဂ္ဂိုလ်များ ခန့်အပ်ရန် ဆုံးဖြတ်ချက်များကို ပါတီအထွေထွေ အတွင်းရေးမှူးချုပ်က မဟုတ်ဘဲ ပါတီ၏ ဝါရင့်ခေါင်းဆောင်ပိုင်း ကသာ ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုကိစ္စ နှင့် ပတ်သက်၍ ကျောက်ကျိယန်က ယခုလို ထုတ်ဖေါ် ပြောဆိုခဲ့သည်။ "ကျွန်တော် နဲ့ အဆင့်တူ ခေါင်းဆောင်ပိုင်းက ရာထူး ခန့်အပ်တာတွေ နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် တွေ ချမှတ် နိုင်ခဲ့ခြင်း မရှိပါဘူး၊ ယောင်ပန်း အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်ကတည်းကပါ၊ ဒီလိုမျိုး ဆုံးဖြတ်ချက် တွေ ချဖို့ ဆွေးနွေးတဲ့ အခါမျိုးတောင် ကျွန်တော်တို့ ပါဝင်နိုင်တဲ့ အခွင့် အရေး မရခဲ့ပါဘူး၊ ဝါရင့် ခေါင်းဆောင်ပိုင်း အနည်းငယ် လောက်ကသာ ဆုံးဖြတ်ခဲ့ကြတာပါ။ ရှောင်ဖိန့် နဲ့ ချန်ယွန်း တို့ နှစ်ယောက် သဘောတူမှသာ လုပ်နိုင်တာမျိုး ဖြစ်ပါတယ်။"
ပါတီ၏ လမ်းညွှန်အခြေခံမူများအရ ပါတီဝင်များအား ကွဲပြားသည့် သဘောထားအမြင်များကို ထုတ်ဖော် ပြောဆိုခွင့်ပြုထားပြီး ထိုသို့ ပြောဆိုခဲ့မှု အပေါ် ဖိနှိပ်ညှဉ်းပန်းခြင်း မျိုးကို တားမြစ်ထားသည်ဟု အပေါ်ယံအားဖြင့် ဆိုထားသော်လည်း၊ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ တွင် 'ဓနရှင်ဝါဒီ လွတ်လပ်ခွင့် ဆန့်ကျင်ရေး' လှုပ်ရှားမှု စတင်ခဲ့ပြီး နောက်တွင်တော့ တိန့်ရှောင်ဖိန် ကိုယ်တိုင်က အပြစ်ပေး အရေးယူရမည့် လစ်ဘရယ်အယူအဆရှိသူ ပါတီဝင်အချို့၏ အမည်များကို ထုတ်ဖော်သတ်မှတ်ခဲ့သည်။ သို့သော် ကျောက်ကျိယန် က ကြားဝင်ပေးခဲ့မှု ကြောင့် အတော်များများ တိန့်ရှောင်ဖိန်၏ စာရင်း မှ ပယ်ဖျက်ခံခဲ့ရ၍ အပြစ်မှ လွတ်သွားခဲ့ရသည်။
နောက်ထပ် ပို၍ ပင် အရေးပါသော အကြောင်းတရပ်သည်က ကိုယ့်မင်း ကိုယ်ချင်း အုပ်ချုပ်ရေး စနစ် တခုတွင့် စည်းမျဉ်းစည်းကမ်း၊ စံနှုန်းများ အား လိုက်နာ ကျင့်သုံးရန် ကြပ်မတ် ဖို့ မည် သို့မျှ မဖြစ်နိုင် ခြင်းပင် ဖြစ်သည်။ အုပ်ချုပ်သူများက ထိုသို့ စည်းမျဉ်း ဥပဒေသများကို လိုက်နာပါမည်ဟု တာဝန်ခံမှု ရှိမှသာ အဖွဲ့အစည်း တခုသည် ကောင်းစွာ လည်ပတ် နိုင်စွမ်း ရှိမည်ဟု ပညာရှင်များက မှတ်ချက်ပြုထားကြသည်။ ထိုသို့ လိုက်နာရန် အထိရောက်ဆုံး ယန္တရားသည်က လွတ်လပ်သော တရားစီရင်ရေးစနစ်၊ လွတ်လပ်စွာ ရေးသား နိုင်သည့် စာနယ်ဇင်းများ၊ လွတ်လပ်စွာ လှုပ်ရှားနိုင်သော လူမှု အသင်း များကဲ့သို့ တတိယ အဖွဲ့အစည်း တခု ရှိနေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အဖွဲ့အစည်းများသည် အာဏာရှင် နိုင်ငံတွင် မည်သည့်အခါမျှ ရှိလာနိုင်မည် မဟုတ်ပေ။
အာဏာရှင်များ ဖက်မှ ၎င်းတို့၏ ကတိကဝတ်များကို မိမိဖာသာ ပြန်လည်ထိန်းသိမ်း လိုက်နာ လိမ့်မည်ဟု မျှော်လင့်အားကိုးနေ၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် စည်းမျဉ်းစည်းကမ်းများနှင့် စံနှုန်းများကို ချိုးဖောက်ခြင်းဖြင့် ရရှိလာမည့် နိုင်ငံရေးအသာစီးရမှုနှင့် အာဏာစက်အပေါ် မက်မောမှုမှာ ၎င်းတို့အတွက် တွန်းလှန်ရန် ခက်ခဲလွန်းလှသောကြောင့် ဖြစ်သည်။ အာဏာရှင်စနစ်တစ်ခုတွင် စည်းမျဉ်းများနှင့် စံနှုန်းများသည် အားပြိုင်နေကြသော အုပ်စုများအကြား အာဏာချိန်ခွင်လျှာ ညီမျှနေချိန်တွင်သာ အသက်ဝင်လာ နိုင်ပေသည်။ အကြောင်းမှာ ထိုသို့ အာဏာချင်း တူညီနေမှသာ အုပ်စုတစ်စုစု အနေဖြင့် စည်းမျဉ်းများကို ချိုးဖောက်ပါက ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန်ကြီးမားနေမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
တိန့်ရှောင်ဖိန်သည် ပါတီ၏ အာဏာ လက်ဝါးကြီး အုပ်ထားမှု ကို ထိခိုက်ပျက်ပြားစေမည့် ဒီမိုကရေစီ လိုလားသော အင်အားစုများကို နှိပ်ကွပ်ရန် သံဓိဋ္ဌာန် ချထားခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ၎င်း မျှော်မှန်းခဲ့သည့် CCP အား ယခင်ကထက် ပိုမိုတည်ငြိမ်စေပြီး ကြိုတင် ခန့်မှန်းတွက်ဆ၍ ရမည့် အဖွဲ့အစည်း တခု ဖြစ်လာရန်ပံ့ပိုးပေးနိုင်မည့် တတိယ အဖွဲ့အစည်း တခု ပေါ်ပေါက်လာပြီး စည်းမျဉ်းစည်းကမ်းများနှင့် စံနှုန်းများ လိုက်နာစေရန် ကြပ်မပ် ဆောင်ရွက်ဖို့ ဆိုသည်က ဖြစ်မလာနိုင်တော့ပေ။
တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် ခိုင်မာအောင် တည်ဆောက်လိုသော တိန့်ရှောင်ဖိန်၏ ရည်မှန်းချက်နှင့်၊ ပါတီ၏ အာဏာကို အားနည်းသွားစေမည့် မည်သည့် ပြုပြင်ပြောင်းလဲမှုကိုမဆို တွန့်ဆုတ်ငြင်းပယ်တတ်သော ၎င်း၏ သဘောထားတို့အကြား ဖြစ်ပေါ်နေသည့် ဝိရောဓိများက... နောက်ဆုံးတွင် ၎င်း၏ ပြုပြင်ပြောင်းလဲရေးများကို တစ်စိတ်တစ်ပိုင်းသာ အောင်မြင်စေခဲ့ပြီး၊ ထိရောက်မှုမရှိဘဲ သက်တမ်းတိုစေ ဖို့သာ ဖြစ်သွားခဲ့ရသည်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒအမြင်များ ပဋိပက္ခဖြစ်ခြင်း
**************
တရုတ်ပြည်၏ အနာဂတ် စီးပွားရေး အပေါ် ချန်ယွန်း ခေါင်းဆောင်သော ကွန်ဆာဗေးတစ် အဖွဲ့ နှင့် တိန့်ရှောင်ဖိန် ၏ ညွှန်ပေါင်း အဖွဲ့ကြား အခြေခံအားဖြင့် ကွဲလွဲသော အမြင်များ ထွက်ပေါ်လာခဲ့သည်။ တိန့်ရှောင်ဖိန်သည် ပြင်ပကမ္ဘာကို တံခါး ဖွင့်ပေးပြီး ဈေးကွက် ပြုပြင် ပြောင်းလဲရေးများကို အကောင်အထည် ဖေါ်လိုသည်။ ကွန်ဆာဗေးတစ်များက ၁၉၅၀ ကျော် ကာလများကတည်းက ချမှတ်ခဲ့သော အမိန့်ပေး အမိန့်ခံ စီးပွားရေး စနစ်မျိုးကို သာ ဆက်၍ ထိန်းသိမ်းထားလိုသည်။ အနောက်အုပ်စု နှင့် ပေါင်းစပ်ပြီး ကမ္ဘာစီးပွားရေး စနစ်ထဲ ဝင်ရန် လိုအပ်သည့် ဈေးကွက် စီးပွားရေး စနစ် ဆိုသည်ကို သံသယ ရှိနေကြသည်။
မူဝါဒပိုင်းအရ အဆိုပါ အုပ်စုနှစ်စုသည် ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် နှင့် နယ်ပယ်အတိုင်းအတာ၊ ပြည်တွင်းစီးပွားရေး ဖြေလျှော့မှု (ဥပမာ- ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော ကိစ္စရပ်များ) နှင့် စီးပွားရေး တိုးတက်မှုနှုန်း အ စရှိသည့် အချက်များ အပေါ် အမြင်ကွဲလွဲမှုများ ရှိနေကြသည်။
နိုင်ငံခြားရေး မူဝါဒ တွင်လည်း ချန်ယွန်း နှင့် တိန့်ရှောင်ဖိန်တို့ သဘောချင်း မတိုက်ဆိုင် ဖြစ်နေကြပြန်သည်။ (ချန်ယွန်းသည် ဆိုဗီယက် ယူနီယံကို သဘောကျပြီး အမေရိကန် အပေါ် ယုံကြည်မှု မရှိ ဖြစ်နေသည်။) တိန့်ရှောင်ဖိန် ကတော့ အမေရိကန် နှင့် ဆက်ဆံရေး ကောင်းလာသည်ကို လိုလားပြီး ဆိုဗီယက် ယူနီယံ အပေါ် တင်းမာသည့် သဘောထား ရှိသူ ဖြစ်သည်။
ချန်ယွန်း ၏ ခံယူချက် သဘောတရား အရ စီးပွားရေး ကို ဗဟို မှ စီမံကိန်း ချ၍ ဆောင်ရွက်ရမည်၊ ဈေးကွက် စီးပွားရေး ဆိုသည်က ဒုတိယ နေရာ တွင် သာ ရှိရမည် ဟူ၍ ဖြစ်သည်။ ၎င်းက စီမံကိန်း စီးပွားရေး စနစ်သည် ငှက်လှောင် အိမ် ဖြစ်ပြီး ဈေးကွက် စီးပွားရေး ဆိုသည်က ထိုလှောင်အိမ်ထဲက ငှက်သာ ဖြစ်ရမည်ဟု နှိုင်းယှဉ် ပြောဆိုခဲ့သည်။
ဈေးကွက် စနစ်အား လွတ်လပ်စွာ လှုပ်ရှားခွင့် ရှိရမည် ဆိုသော်လည်း ချမှတ်ထား သော စီမံကိန်း စီးပွားရေး စနစ် ၏ ဘောင်အတွင်းမှသာ ရှိရမည် ဟု ဆိုသည်။ တိန့်ရှောင်ဖိန် နှင့် လစ်ဘရယ် သမားများကမူ ဈေးကွက် ဦးတည်သော စီးပွားရေး စနစ်မျိုးသည်သာ တရုတ်ပြည်၏ အနာဂတ် ဖြစ်သည်ဟု ခံယူထားကြသည်။
၁၉၈၀ ကျော် နှစ်များ၏ အစပိုင်းတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် ချန်ယွန်း ၏ ဆန့်ကျင်ကန့်ကွက်မှုများသည် အစွန်းမရောက် အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်လိုသည့် အနေအထားမျိုး ဖြစ်လာခဲ့သည်။ ဘဏ္ဍာရေး အရ အထူးစီစစ် ချွေတာလိုသူ ဖြစ်၍ အသုံးရိတ် လိုငွေ ပြပြီး သုံးစွဲနေရ မည့် အစား တိုးတက်မှု နှုန်း နှေးကွေးသည်ကို ပို၍ လိုလားသူ ဖြစ်သည်။ ထို့အတွက် စီမံကိန်း စီးပွားရေးသည်သာ ပဓာန နေရာ တွင် ရှိကြောင်း မိန့်ခွန်းများ တွင် ထပ်ခါတလဲလဲ ထည့်သွင်း ပြောဆိုခဲ့ပြီး ဘဏ္ဍာရေး ကို အပိုအလို မရှိအောင် ထိန်းသိမ်းကြရန် နှင့် ပြုပြင်ပြောင်းလဲရေး များကို အလျင်စလို မလုပ်ကြရန် တိုက်တွန်းလာခဲ့သည်။
တခါတရံတွင်လည်း ကျောက်ကျိယန်၏ ပြုပြင် ပြောင်းလဲရေး မူဝါဒ များကို ထောက်ခံခဲ့ပြန်သည်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ အောင်မြင်စ ပြုလာနေသော်ငြားလည်း ချန်ယွန်းသည် စီမံကိန်း စီးပွားရေး စနစ်သည်သာ အဓိက ဖြစ်သည်ဟု ဆက်၍ ပြောဆို နေခဲ့ပြီး နောက်ပိုင်းတွင် စီးပွားရေး ပြုပြင် ပြောင်းလဲမှု များကို ဆန့်ကျင်နေမှု နှင့် ပြုပြင်ပြောင်းလဲလိုသူများ နှင့် သဘောထား ကွဲလွဲမှုများသည် ပို၍ ပြင်းထန်လာခဲ့သည်။