အာဆတ်၏ ထုံထိုင်းမှု သို့မဟုတ် အခြေအနေမှန်ကို နားမလည်မှုနဲ့ ပတ်သက်ပြီး အသိသာဆုံး ဥပမာတစ်ခုကတော့ ထရမ့်၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်းမှာ ပေါ်ပေါက်လာခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ဝါရှင်တန်သည် ရော်ဂျာ ကာစတင် နှင့် ကတ်ရှ် ပါတေးလ် ဆိုသည့် အရာရှိနှစ်ဦးကို လက်ဘနွန်ကို စေလွှတ်ခဲ့သည်။ ရည်ရွယ်ချက် သည်ကား ၂၀၁၂ အတွင်း ဆီးရီးယားတွင် ပျောက်ဆုံးသွားခဲ့ပြီး အာဆတ်အစိုးရ၏ လက်ထဲမှာ ရှိနေသည်ဟု ယူဆရသော အမေရိကန်သတင်းထောက် အော်စတင် တိုက်စ် ကို ရှာဖွေရန် အတွက် ဖြစ်သည်။ ထိုအချိန်က လက်ဘနွန် အထွေထွေလုံခြုံရေးဌာန အကြီးအကဲ အဘတ်စ် အီဘရာဟင် သည် ၎င်းတို့ နှစ်ဦးအား ဒမတ်စကတ် ထိ ခေါ်သွား ပေးခဲ့ပြီး၊ အာဆတ်၏ ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးဖြစ်သလို လူအများက ကြောက်ရွံ့ကြသည့် အလီ မမ်လွတ် နှင့် တွေ့ဆုံပေးခဲ့သည်။
အမေရိကန်များဘက်က တိုက်စ်၏ အကြောင်းကို စတင်ပြောဆိုတဲ့အခါ တွင်တော့၊ မမ်လွတ်က အမေရိကန်၏ မည်သည့်တောင်းဆိုချက်ကိုမဆို မဆွေးနွေးခင် အမေရိကန်အနေနှင့် ပိတ်ဆို့အရေးယူမှုများ ကို ရုပ်သိမ်းပေးရမှာဖြစ်သလို ဆီးရီးယားကနေ တပ်တွေ ရုပ်သိမ်းပေးရမည်ဟု ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ကာစတင်က ကျွန်တော့်ကို ပြောပြခဲ့သည်။ ထို အကြောင်းအသေးစိတ်အချက်အလက် အချို့ကို မှတ်မိနေသည့် အီဘရာဟင်ကတော့၊ မမ်လွတ်ရဲ့ အပြောကို အပေးအယူလုပ်ဖို့ စတင်စကားပျိုးခြင်းလို့ပဲ ယူဆခဲ့ သော်လည်း၊ အမေရိကန်တွေဘက်က ဒီလောက်အထိ အလုံးစုံ အလျှော့ပေးမှုမျိုး လုပ်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြောင်း ကျွန်တော့်ကို ပြောပြခဲ့သည်။
အီဘရာဟင်ကော မမ်လွတ်ပါ အံ့အားသင့်သွားရသည် ကတော့၊ အမေရိကန်အစိုးရသည် တိုက်စ် အသက်ရှင်နေသေးကြောင်း အထောက်အထားပြနိုင်ရင် အပေးအယူလုပ်ဖို့ သဘောတူသည်ဟု အရိပ်အယောင် ပြလာခြင်းပင် ဖြစ်သည်။ ထို့နောက် အီဘရာဟင်သည် ဝါရှင်တန်ကို ကိုယ်တိုင် သွားခဲ့ရာမှ ထရမ့်ကိုယ်တိုင်က အမေရိကန်၏ သဘောထား ထိုသို့ ရှိကြောင်း အတည်ပြုပေးသည်ကို သိလာခဲ့ရသည်။ သို့ သော် အာဆတ်ဆီက အကြောင်းပြန်ကြားချက်ကို ရသည့် အခါတွင်တော့ အီဘရာဟင်သည် ပို၍ပင် အံ့ဩသွားခဲ့သည်။ အာဆတ်က "အပေးအယူလည်း မလုပ်နိုင်သလို၊ နောက်ထပ် ဆွေးနွေးမှုတွေလည်း မလုပ် တော့ဘူး" ဆိုလာခြင်း ကြောင့် ဖြစ်သည်။ အီဘရာဟင်က ဘာကြောင့်လဲလို့ မေးသည့်အခါတွင် တော့ မမ်လွတ်က "လွန်ခဲ့တဲ့ နှစ်တွေက ထရမ့်က အာဆတ်ကို 'တိရစ္ဆာန်' လို့ ခေါ်ခဲ့ဖူးလို့ပဲ" လို့ ပြန်ဖြေခဲ့သည်။
ဒါဟာ ရူးသွပ်ခြင်း သက်သက်ပဲဟု အီဘရာဟင်က မာမွတ်ကို ပြောခဲ့သည်။ တိုက်စ် သေဆုံးသွားခဲ့ပြီဆိုရင်တောင်မှ ဘာဖြစ်ခဲ့သလဲဆိုတာကို သိရှိပြီး "ဒီကိစ္စကို အဆုံးသတ်" နိုင်အောင် အမေရိကန် ဘက်က ပေးထားတဲ့ ကတိအတိုင်း အပေးအယူကို လုပ်ဆောင်သွားမည်သာ ဖြစ်သည်။ (တိုက်စ် ဘာဖြစ်သွားသလဲဆိုသည်နှင့် ပတ်သက်ပြီး သတင်း အမျိုးမျိုး ထွက်ပေါ်ခဲ့ဖူးပြီး၊ အထောက်အထား မခိုင်လုံ သော်လည်း အာဆတ်အစိုးရ အရာရှိတစ်ဦးက သူ့ကို သတ်လိုက်တာ ဖြစ်နိုင်တယ်ဆိုသည့် ခန့်မှန်းချက်များလည်း ပါဝင်သည်။)
အမေရိကန် များ ဖက်က သတင်းတခုခု ရနိုင်ဖို့ အလွန်အမင်း စိတ်အားထက်သန်နေခဲ့သည်ဟု အီဘရာဟင်က ကျွန်တော့်ကို ပြန်ပြောပြခဲ့သည်။ - "တစ်ခါက ပွန်ပီယို ကျွန်တော်ကို ဖုန်းဆက်လာတယ်။ သူက 'ကျွန်တော် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဆီးရီးယားကို ပျံသန်းလာဖို့ အသင့်ပဲ၊ ဘယ်သူနဲ့မဆို လက်ဆွဲနှုတ်ဆက်ဖို့ အသင့်ပဲ' လို့ ပြောခဲ့ဖူးသည်ဟု ဆိုသည်။ (ပွန်ပီယိုနဲ့ ပါတေးလ်တို့ကတော့ မှတ်ချက်ပေးဖို့ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။)
ယင်းသည် အာဆတ်အတွက်တော့ "ရွှေလိုအခွင့်အရေး" တစ်ခုပင် ဖြစ်သည်။ ထိုအချိန်က သာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် တွေ့ဆုံပြီး တိုက်စ် ဘာဖြစ်သွားခဲ့သည် ဆိုတာကို မိမိတို့ အစိုးရအနေနှင့် မသိရှိကြောင်း အားနာပါးနာ နှင့် ပြောခဲ့လည်း ဖြစ်တာပဲဟု အီဘရာဟင်က ဆိုသည်။ တွေ့ဆုံ ဖြစ်ခဲ့မည် ဆိုက အာဆတ်အတွက် အုပ်ချုပ်မှုဆိုင်ရာ တရားဝင်မှု အသစ်တစ်ခုကို ရရှိစေမှာဖြစ်ပြီး၊ တခြားနိုင်ငံများကလည်း ၎င်းကို ပြန်လည်ဆက်သွယ်ဖို့ ပိုပြီး စိတ်အားထက်သန်လာကြမည်သာ ဖြစ်သည်။
ဘိုင်ဒန်အစိုးရကလည်း ၂၀၂၃ ခုနှစ်တွင် ထရမ့်၏ ကမ်းလှမ်းချက်ကို ထပ်မံပြင်ဆင်ခဲ့ပြီး အော်စတင် တိုက်စ် ကိစ္စနှင့် ပတ်သက်၍ ဆီးရီးယားအရာရှိ များနှင့် တွေ့ဆုံရန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို အိုမန်နိုင်ငံဆီ စေလွှတ်ခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ အာဆတ်သည် စော်ကားရာရောက်တဲ့အထိ ပြုမူခဲ့ပြီး အမေရိကန် များနှင့် တွေ့ဆုံရန် ထိပ်တန်းအရာရှိတစ်ဦးကိုတောင် စေလွှတ်ဖို့ ငြင်းဆန်ခဲ့သည်ဟု အီဘရာဟင်က ဆိုသည်။ ထိုအစား သံအမတ်ဟောင်းတစ်ဦးကိုသာ စေလွှတ်ခဲ့ပြီး၊ သံအမတ်ကိုလည်း တိုက်စ်၏ အကြောင်းကို စကားစပ်မိရုံတောင် မပြောဖို့ တင်းကြပ်သည့်ညွှန်ကြားချက်များ ပေးထားခဲ့သည်။
ပြန်ပြောင်းကြည့်မည်ဆိုက အာဆတ်၏ မာနထောင်လွှားမှုနှင့် အမြော်အမြင် ကင်းမဲ့မှုများကြောင့် ပြုတ်ကျ သွားခဲ့ခြင်းသည် အဘယ့်ကြောင့် ဒီလောက်ကြာကြာ အာဏာ မှာ မြဲနေခဲ့သလဲ ဆိုသည့် မေးခွန်း လောက် ထူးဆန်းအံ့သြဖို့ မကောင်း ပေ။ ယခုလို အချိန်အကြာကြီး အာဏာမြဲနေခဲ့ရသည့် အကြောင်းရင်းကတော့ ဖခင် ဖြစ်သူ ထံမှာ သာ အဖြေရှိ နေခဲ့သည်။ ၎င်း၏ ဖခင်သည် သားဖြစ်သူ၏၂၅ နှစ်ကြာ စီမံခန့်ခွဲမှု အမှားအယွင်းများကို ခံနိုင်ရည်ရှိလောက်အောင် ခိုင်မာပြီး ရက်စက်ကြမ်းကြုတ်လှသည့် အုပ်ချုပ်ရေးယန္တရားကြီးတခုကို တည်ဆောက်ပေးနိုင်ခဲ့၍ပင် ဖြစ်သည်။
အာဆတ်၏ ကျဆုံးခန်း ကနေ ရရှိနိုင်သည့် သင်ခန်းစာတစ်ခု သည်က အလွန်ဟောင်းနွမ်းလှသည့် အမှန်တရားတစ်ခုသာ ဖြစ်သည်။ ယင်းသည်- "နိုင်ငံရေး မင်းဆက်အားလုံး၏ အကြီးမားဆုံးသော အားနည်းချက်သည် ဆက်ခံသူ ရွေးချယ်မှု ပြဿနာပဲ ဖြစ်တယ်" ဆိုသည်ပင် ဖြစ်သည်။ အာဏာရှင် ဖခင်က တည်ဆောက်ပေးခဲ့သည့် စနစ်က သားဖြစ်သူ၏ ညံ့ဖျင်းမှု များကို ဆယ်စုနှစ် နှစ်ခုကျော် ဖုံးကွယ်ပေးထားနိုင်ခဲ့ သော်လည်း၊ နောက်ဆုံးတွင်တော့ အပြောင်းအလဲအား မတားဆီးနိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။
ဖခင် ဖြစ်သူ ဟာဖက်ဇ် အယ်လ်-အာဆတ်သည် ပုံစံခွက်ထဲက အာဏာရှင်တစ်ဦး ဖြစ်သည်။ ၎င်းသည် ကျေးလက်ဒေသတွင် ဆင်းဆင်းရဲရဲ ကြီးပြင်းလာခဲ့ရပြီး စစ်တပ်အတွင်း ဝင်ရောက်ခဲ့ရာမှ ရာထူး အဆင့်ဆင့်တက်လာကာ ပါးနပ်ပြီး စိတ်ဓါတ် ခိုင်မာသူ တဦး ဖြစ်သည့် အားလျှော်စွာ ၁၉၇၀ ပြည့်နှစ် တွင်အာဏာသိမ်းယူ နိုင်ခဲ့သည်။
ပြိုင်ဘက်များကို အကွက်ချချောက်တွန်းဖို့နှင့် ဉာဏ်ကစားပြီး အနိုင်ယူသည့် နေရာတွင် ထူးခြားသည့် ပါရမီရှိခဲ့သလို၊ အာဏာရှင်စနစ်ကိုလည်း သဘာဝကျသည့် အရာတစ်ခုလို ဖြစ်အောင် ဖန်တီးနိုင်ခဲ့သည်။ ၁၉၄၆ ခုနှစ် တွင် ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရသည့် ဆီးရီးယား၏ ဖရိုဖရဲနှစ်များကို ဖြတ်သန်း ခဲ့ရသည့် ဆီးရီးယားနိုင်ငံသား အတော်များများ သည် အာဆတ်၏ အာဏာသိမ်းမှုအား လိုလိုလားလား လက်ခံခဲ့ကြသည်။
ဘာရှာလ် အာဆတ် သည်က ဖခင်နှင့် တခြားစီဖြစ်သည်။ ဆီးရီးယားသို့ ပထမဆုံးအကြိမ် ရောက်လာသည့် ဧည့်သည်များသည်ပင် ၎င်း၏ ရုပ်ရည်သည် ခေါင်းဆောင်တစ်ယောက်၏ အင်္ဂါရပ်နှင့် မကိုက်ညီသည်ကို အလွယ်တကူ မြင်နိုင်ကြသည်။ ၎င်းတွင် သေးငယ် ချည့်နဲ့ သည့် မေးစေ့နှင့် ထိတ်လန့်တုန်လှုပ်နေတတ် သော မျက်လုံးများ ရှိပြီး၊ ခေါင်းနှင့် လည်ပိုင်သည် လည်း မွေးလမ်းကြောင်းထဲမှာ အညှစ်ခံထားရသလိုမျိုး ထူးထူးခြားခြား ရှည်မျောမျော ဖြစ်နေသည်။ ဆီးရီးယားတစ်ခွင် နေရာအနှံ့တွင် တွေ့ရသည့် ဆိုင်းဘုတ်ကြီးများပေါ်က ၎င်း၏ ပုံရိပ်ကို မြင်ရသည့်အခါ တစုံတယောက်ကများ နောက်ပြောင်သည့် အနေနှင့် ခေါင်းဆောင်တစ်ယောက်၏ ကိုယ်ထည်တွင် စိုးရိမ်ပူပန်နေသည့် ကျောင်းသားလေးတစ်ယောက်၏ ဦးခေါင်းကို လာရောက် အစားထိုးထားသလားဟုပင် ထင်မှတ်မှားစရာ ကောင်းနေသည်။
၎င်း စကားပြောသည်ကို ကြားလိုက်ရသည့်အခါတွင်တော့ အထင်အမြင်များက ပို၍ပင် ဆိုးဝါးသွား တော့သည်။ အသံသည် သေးသိမ်ပြီး နှာသံပါနေသလို၊ မိန့်ခွန်းပြောနေစဉ်အတွင်းမှာလည်း အမြန်ဆုံး အဆုံးသတ်ချင်နေသည့် ပုံစံမျိုးနှင့် အမြဲလို စိတ်မသက်မသာ ဖြစ်နေတတ်သည်။ နှုတ်မှုစွမ်းရည် ကြွယ်ဝခြင်းနှင့် ဩဇာအာဏာရှိခြင်းကို အလေးအနက် တန်ဖိုးထားသည့် လူ့အဖွဲ့အစည်းတခု၏ မျှော်လင့်ထားသော အရည်အချင်းမျိုး တခုမှ မရှိခဲ့။
ဘာရှာလ် အာဆတ် ကို သိကျွမ်းသူ အတော်များများကတော့ ၎င်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့ခြင်းသည် ငယ်ဘဝကတည်းက မြစ်ဖျားခံခဲ့တာ ဖြစ်သည်ဟု ကျွန်တော့်ကို ပြောပြခဲ့ကြသည်။ အစ်ကိုကြီး ဘာဆေးလ် သည် ညီအစ်ကို မောင်နှမများကို ၎င်းတို့၏ ပင်ကိုယ်စရိုက်များ ထာဝရ ပျက်စီးသွားခဲ့ရသည် အထိ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့သည်ဟု နန်းတော် နေ အတွင်းလူဟောင်းတစ်ဦးက ကျွန်တော့်ကို ပြောပြခဲ့သည်။
၁၉၉၃ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့သည့် နာမည်ကျော် ဓာတ်ပုံတပုံတွင် မိသားစု၏ ဆက်ဆံရေး ပုံစံကို အထင်အရှား မြင်တွေ့နိုင်သည်။ ထိုပုံထဲတွင် ဘာဆေးလ်သည် မိဘနှစ်ပါး၏ အနောက်၊ ပုံ၏အလယ်ဗဟိုတွင် မောက်မာသည့်အသွင်၊ အနည်းငယ် ငြီးငွေ့နေသည့် ပုံစံနှင့် မတ်တတ်ရပ်နေပြီး ၎င်း၏ ညီအစ်ကို မောင်နှမ များကတော့ ဘေးတဖက်တချက်တွင် ရှိနေကြသည်။ ဘာရှာလ်ကတော့ ဘယ်ဘက်အစွန်မှာ ရှိနေပြီး ၎င်း၏ ကိုယ်နေဟန်ထားသည် အနည်းငယ် စောင်းနေသလို မျက်နှာကလည်း စိတ်မသက်မသာ ဖြစ်နေသည်။ တခြားသူ များ နှင့် မတူသည်က ဓာတ်ပုံဆရာကို ကြည့်မနေဘဲ တစ်နေရာရာကို လှမ်းမျှော်ကြည့်နေပြီး ထွက်ပြေးဖို့ လမ်းကြောင်း ရှာနေသလိုမျိုး ဖြစ်နေသည်။