ဗိုလ်ချုပ်ကြီး ပက်ဂက် သည် ရခိုင်ဒေသဘက်မှ တိုက်ခိုက်လာနိုင်ခြေရှိသည်ကို လျစ်လျူရှုမိခဲ့သည့် အမှားကြောင့် စစ်တကောင်းအား ခုခံရမည့် စစ်အင်အား အလွန်အမင်း နည်းပါးသွားခဲ့ရကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ ထို့ကြောင့် ကာနယ် ရှပ်ပလန်း ထံသို့ စစ်ကူများကို အလျင်အမြန် ပေးပို့ခဲ့သည်။ အကယ်၍ စစ်သူကြီး မဟာဗန္ဓုလသည် သူ၏ ကျော်ကြားသည့် ဂုဏ်သတင်းနှင့်အညီ ရရှိထားသည့် အောင်ပွဲကို အခွင့်ကောင်းယူကာ လျင်မြန်စွာ ရှေ့ဆက်တိုးလာမည့် အရေးကို ယခုအခါ ဗြိတိသျှ တို့ဖက်က ထိတ်လန့်လာနေပြီ ဖြစ်သည်။
ဗန္ဓုလ သည် မြစ်အတွင်းရှိ အင်္ဂလိပ်အမြောက်တင် သင်္ဘောများကို ဖြတ်တောက်ရန် ကြိုးပမ်းမှုနှင့် ချေကေးရီးယား ဘက်သို့ မိုင်အနည်းငယ်မျှ ချီတက်ပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့သည်မှအပ၊ ဘုရင်မင်းမြတ်က ၎င်းအား ဘင်္ဂလားဒေသအတွင်းသို့ ဆက်လက်ချီတက်ရန် အမိန့်ပေးထားပါသော်လည်း ပုံမှန်မဟုတ်ဘဲ ငြိမ်သက်နေခဲ့သည်။
မေလ ၉ရက်နေ့တွင် အင်္ဂလိပ်တို့ ရန်ကုန်သို့ ရေကြောင်းမှ ဝင်ရောက်ကျူးကျော်လာပြီ ဆိုသော သတင်းသည် မြန်မာတို့၏ အလွန်လျင်မြန်သော အထောက် တော် များမှတစ်ဆင့် ဗန္ဓုလထံသို့ ရောက်ရှိသွားပုံရသည်၊ ထိုအတွက်ကြောင့်လည်း ရှေ့ဆက် မတိုးဘဲ တန့်သွားခဲ့ပုံ ရသည်။ မေလကုန်ခါနီးတွင် ဗန္ဓုလသည် ဘကြီးတော် မင်းတရားထံ စာရေးသားရာ၌ ‘အရှင်မင်းကြီးတွင် မိမိထက် သတ္တိရှိသော စစ်သူကြီးများ မရှိတော့သည်ကို ရှက်မိပါကြောင်း’ လျှောက်တင်ခဲ့သည်။ ထို့ပြင် မြန်မာစစ်သည် ၅၀ ရှိလျှင် အင်္ဂလိပ် စစ်ဗာရီတပ်သား ၁၀၀ ခန့် ကို အချိန်မရွေး အနိုင်တိုက်နိုင်သည်ဟုလည်း ကြွားဝါပြောဆိုခဲ့သည်။ သူက မိမိကို ပြန်လည်ခေါ်ယူ၍ အောက်ပြည်သို့ စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။
နောက်ပိုင်းတွင် သူ၏တောင်းဆိုချက်ကို ခွင့်ပြုလိုက်၍ ဗန္ဓုလသည် သူ၏ စစ်တပ်တစ်ခုလုံးနှင့် သုံ့ပန်းများကိုခေါ်ဆောင်ကာ တစ်ညတည်းဖြင့် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့ရာ၊ တစ်မိုင်ပင်မဝေးသော နေရာတွင် စခန်းချနေသည့် အင်္ဂလိပ်တပ်များမှာ ၎င်း ထွက်ခွာသွားသည်ကို လုံးဝမကြားလိုက်ရဘဲ ရွာသားများ လာပြောမှသာ သိရှိခဲ့ကြရသည်။
မေလ ၂၃ တနင်္ဂနွေ နေ့တွင် အင်္ဂလိပ်တို့ ရန်ကုန်ကို သိမ်းယူ လိုက်ပြီ ဆို သည်ကို အင်းဝ ရွှေမြို့ တော် အသစ်တွင် စံမြန်း နေသော ဘကြီးတော် မင်းတရား သိရှိသွားခဲ့သည်။ ဘကြီးတော်သည် မြို့တော်ဟောင်း ဖြစ်ခဲ့သော အမရပူရ ကို လှည့်လည် နှုတ်ဆက်တော် မူပြီး နောက် ရန်ကုန် တွင် ခေတ္တ ခဏ နေထိုင်၍ ပြန်ရောက်လာသည်မှာ မကြာလှသေးပေ။
ဗြိတိသျှတို့ ရန်ကုန်မြို့ဆီ ရေကြောင်းမှ ချီတက်လာ နေချိန် ဖြစ်သော်လည်း ဘကြီးတော်မင်းတရားသည် ထိုအရပ်ဒေသသို့ မည်သည့်အန္တရာယ်မှ ကျရောက်လာလိမ့်မည်ဟု မျှော်လင့်မထား သဖြင့် 'မျက်နှာဖြူ လူရိုင်းများ' ၏ ကျူးကျော်မှု ၏ ပစ်မှတ်ဖြစ်လာတော့မည့် မြို့တော် အတွင်း အောင်ပွဲခံ အခမ်းအနားနှင့် ဝင်ရောက်စံမြန်းနေခဲ့သည်။ ခရစ်ယာန်သာသနာပြု အဒိုနီရမ် ယုဒသန် ၏ ဇနီးဖြစ်သူ အမေရိကန် အမျိုးသမီး အမ်း ယုဒသန်သည် ထိုအခမ်းအနား၏ ခန့်ညားထည်ဝါမှုနှင့် စပ်လျင်းပြီး - '
"ခြွေရံသင်းပင်း ဘုန်းတန်ခိုးအပေါင်းနဲ့ ပြည့်စုံတော်မူတဲ့ အရှင်သခင်သည် ရွှေမြို့တော်ရဲ့ တံခါးဝတွေကို ဝင်ရောက်တော်မူလာတဲ့အခါ၊ သန်းနဲ့ချီတဲ့ ပြည်သူတို့ရဲ့ ကောင်းချီးသြဘာသံများ ကြားမှာ နန်းတော်အရှင်အဖြစ် စံမြန်းတော်မူလေပြီလို့ ကျွန်မ ဆိုချင်ပါတယ်"
"တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်ခြားဒေသက စော်ဘွားများ၊ နယ်စားများနဲ့ မူးမတ် များလည်း အဆိုပါ အခမ်းအနားအတွက် စုံစုံလင်လင် ရောက်ရှိနေကြပါတယ်။ သူတို့အားလုံးဟာ မိမိတို့ရဲ့ ရာထူးအဆင့်အတန်း အဆောင် အယောင် များ ဖေါ်ကျုး ထားသည့် ဝတ်ရုံတော်တွေကို ဝတ်ဆင်ထားကြသည်။ ရတနာအပြည့် စီခြယ်ထားတဲ့ ဆင်ဖြူတော်ဟာ ဆိုရင်လည်း စီတန်းလှည့်လည်ပွဲ တလျှောက် အလှပဆုံး မြင်ကွင်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ထူးခြားတာကတော့ ဘုရင်နဲ့ မိဖုရားနှစ်ပါးဟာ ဘာမှ ထူးထူးထွေထွေ တန်ဆာ ဆင်ယင်မထားဘဲ ရိုးရှင်းတဲ့ ဝတ်စုံကိုသာ ဝတ်ဆင်ထားကြတာပါပဲ။ သူတို့နှစ်ဦးဟာ လက်ချင်းချိတ်ပြီး ကျွန်မတို့ ထိုင်နေတဲ့ ဥယျာဉ်ထဲကို ဝင်လာခဲ့ကြပါတယ်။ အဲ့ဒီဥယျာဉ်ထဲမှာ သူတို့အတွက် စားသောက်ပွဲတစ်ခုကို ပြင်ဆင်ထားပါတယ်။ ... ဘုရင်မင်းမြတ် နန်းတော်ကို သိမ်းမြန်းစံပယ်ပြီး မကြာခင်မှာပဲ အကောက်ဝန် အဖြစ် ခန့်အပ်ထားတဲ့ စပိန် လူမျိုး လန်စီဂို ကလွဲလို့ ကျန်တဲ့ နိုင်ငံခြားသားတွေ နန်းတွင်းကို ဝင်ထွက်သွားလာခွင့် မပြုတော့ဘူးဆိုတဲ့ အမိန့်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။"
ယခင်က ဘကြီးတော်မင်းတရားကြီးသည် ဥရောပတိုက်သား များ အပေါ် ခင်မင်ရင်းနှီးမှုရော၊ ရက်ရောမှုပါ ပြသခဲ့သော်လည်း ယခုအခါတွင်တော့ ပစ်ပယ်လာခဲ့ပြီ ဖြစ်သည်။ အကြောင်းရင်းသည်က ရန်ကုန်မြို့ ကျဆုံးသွားခြင်းကြောင့် ဖြစ်သည်။ ဒီဖြစ်ရပ်သည် ဘကြီးတော်အား တိုက်ချင် ခိုက်ချင် စိတ်နှင့် ကလဲ့စားချေလို စိတ်များ ပိုမိုပြင်းထန်လာစေခဲ့သည်။ ဝန်ကြီးချုပ်ဖြစ်သူ ကင်းဝန်ကြီးကို စစ်သည်အင်အား ၁၂,၀၀၀ နဲ့အတူ တောင်ပိုင်းဒေသတစ်ခုလုံး ကျူးကျော်သူများကို ချေမှုန်းရန် ချက်ချင်း စေလွှတ်ခဲ့သည်။ ( ပထမစစ်ပွဲကာလ ဖြစ်၍ နာမည်ကျော် ကင်းဝန်မင်းကြီးဦးကောင်း မဟုတ်ဘဲ ထိုခေတ်က ဝန်ကြီးတစ်ဦးကို ဆိုလိုတာ ဖြစ်နိုင်သည်။)
ဗြိတိသျှကုန်သည် ဟင်နရီဂူဂါ ၏ အဆိုအရ ဗြိတိသျှတပ်များ ကုန်းပေါ်တက်လာသည်ကို မင်းတရားကြီးက ဝမ်းမြောက်နေသည်ဟု သိရသည်။ ဗြိတိသျှများ ကျော့ကွင်းထဲကို သက်ဆင်းလာကြပြီဖြစ်၍ မလွဲမသွေ ဖမ်းဆီးခံရမည့် သားကောင် များ ဘဝ ရောက်သွားပြီ ဟု ယူဆခဲ့ခြင်း ကြောင့် ဖြစ်သည်။ ၎င်းတို့ထံမှ သိမ်းဆည်းရမိမည့် လက်နက် များကိုလည်း မင်းတရားကြီး ကြံရွယ်ထားသည့် ယိုးဒယား အား တိုက်ခိုက်ရေးတွင် အသုံးဝင် လာလိမ့်မည်ဟု လည်း မှတ်ချက်ချခဲ့သည်။
ကူဂါ က ယခုလို ဆက်လက် ရေးသားခဲ့ပြန်သည်။
"မိမိတို့၏ အရေးပါလှသော ဆိပ်ကမ်းမြို့တော်ကြီး ဆုံးရှုံးလိုက်ရမှုအပေါ် တစ်မြို့လုံး အမျက်ဒေါသ ချောင်းချောင်းထွက်ကာ တုန်လှုပ်ချောက်ချားသွားခဲ့ကြသည်။ သို့သော်လည်း တစ်ဖက်တွင်မူ မျက်နှာဖြူ များသည် မည်သို့မျှ ရုန်းထွက်၍မရနိုင်သော ကျော့ကွင်းအတွင်းသို့ သက်ဆင်းသွားကြပြီဖြစ်ရာ ၎င်းတို့အား ပိုးမွှားတိရစ္ဆာန်များ အလား မလွဲမသွေ သုတ်သင်နိုင်တော့မည်ဟူသော ကျေနပ်အားရမှုနှင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများလည်း ရှိနေခဲ့သည်။ ထိုသို့ အမှန်တရားနှင့် ကင်းကွာသော အယူအဆ များ စွဲကပ်နေကြလွန်းသဖြင့် ယခုအခါတွင် သူတို့ တစ်ခုတည်းသော စိုးရိမ်နေသည့်အချက်မှာ တော်ဝင်တပ်မတော်ကြီး ရောက်ရှိလာပြီး စစ်ခင်းခြင်းမပြုမီ ရန်သူများသည် မြို့ကို လုယက်ဖျက်ဆီးကာ ထွက်ပြေးလွတ်မြောက်သွားမည်ကိုသာ ဖြစ်သည်။
အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကို သားကောင်ကဲ့သို့ လိုက်လံဖမ်းဆီး၍ သူ၏ အရေခွံကို ခွာယူရန် ကြံစည် နေကြ ပြန်သည်။ အကယ်၍ ရရှိလာသော အရေခွံကို သားရေနယ်၍ အိမ်ရှေ့မင်းသားအတွက် ခြေနင်း ဖိနပ် ချုပ်လုပ် ပေးရန်ပင် ဖြစ်လေတော့သည်။
အန်း ယုဒသန်ကလည်း မြန်မာတို့၏ ဝါကြွားပြောဆိုမှု လေ လှိုင်းလုံးကြီး ကို သတိပြုမိခဲ့သည်။
သူမက "အင်္ဂလိပ်တို့ ရှုံးနိမ့်တော့မည်ဆိုသည်ကို မည်သူကမျှ သံသယမရှိကြချေ" ဟု မှတ်ချက်ပြုခဲ့သည်။ မြန်မာဘုရင်၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ ၎င်း၏ တပ်တော် ကြီး ချီတက်လာသည်ကို ကြားသိရပါက နိုင်ငံခြားသားတို့သည် အလွန်တရာ ထိတ်လန့်သွားပြီး၊ ၎င်းတို့ကို ကျွန်အဖြစ် မဖမ်းဆီးနိုင်မီမှာပင် သင်္ဘောများပေါ်သို့ တက်၍ ထွက်ပြေးလွတ်မြောက်သွားကြမည့် အရေးကို ဖြစ်သည်။ နန်းတွင်းမှ သွေးကြွနေသော လူငယ်တစ်ဦးက "ကျွန်တော့်လှေကို လှော်ခိုင်းဖို့ ကုလားဖြူ ခြောက်ယောက်လောက် ဖမ်းခဲ့ပေးပါ" ဟု ဆို၏။ ဝန်ကြီးကတော် တစ်ဦးကလည်း "သူတို့က ယုံကြည်စိတ်ချရတဲ့ အစေခံတွေလို့ ကြားမိတယ်၊ ဒါကြောင့် ကျွန်မအိမ်က ကိစ္စအဝဝကို စီမံခန့်ခွဲဖို့ ကုလားဖြူ လေးယောက်လောက် ပို့ပေးပါဦး" ဟု ပြောဆိုခဲ့ကြသည်။
စစ်တိုက်လှေများသည် အလွန်တရာ ပျော်ရွှင်မြူးထူးစွာဖြင့် ကျွန်ုပ်တို့အိမ်ရှေ့မှ ဖြတ်သန်းသွားကြသည်၊ လှေပေါ်ရှိ စစ်သည်တော်များသည် သီချင်း များ သီဆို ကခုန် နေကြပြီး အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် အမူအရာများကို တွေ့နေကြရသည်။ ထိုအခါ ကျွန်ုပ်တို့က "သနားစရာကောင်းလိုက်တဲ့ လူတွေ၊ နောင်တစ်ခါ မင်းတို့ ဒီလို ကခွင့်ရတော့မှာ မဟုတ်ဘူး" ဟု တိုးတိုးလေး ပြောမိခဲ့ကြသည်။"
အင်္ဂလိပ်တို့ ရန်ကုန်သို့ ဝင်ရောက်လာကြောင်း ကြားသိရသည့်အခါ ဘကြီးတော်မင်းတရားသည် အနည်းငယ်မျှပင် တုန်လှုပ်ချောက်ချားခြင်း မရှိခဲ့ပေ။ ဘကြီးတော်မင်းတရားနှင့် နေ့စဉ်နီးပါး တွေ့ဆုံခဲ့သူဖြစ်သော ဆရာယုဒသန်၏ အဆိုအရ... အကယ်၍ အင်္ဂလိပ်အရာရှိကြီးများသည် လက်အောက်ငယ်သားများကိုသာ ကိုယ်စားလှယ်လွှဲ စေလွှတ်ခြင်းမျိုး မပြုဘဲ မင်းတရားကြီးနှင့် ကိုယ်တိုင်ကိုယ်ကျသာ တွေ့ဆုံဖြစ်ခဲ့ပါက မင်းတရားကြီးအား အတော်ပင် နှစ်သက်သဘောကျကြလိမ့်မည်ဟု သရုပ်ဖော်ထားပါသည်။ မင်းတရားကြီးသည် လူပုံအလယ်တွင် ခန့်ညားထည်ဝါပြီး ယဉ်ကျေးသိမ်မွေ့သော အမူအရာရှိသော်လည်း၊ ဆရာယုဒသန်နှင့် သီးသန့် တွေ့ဆုံချိန်များတွင်မူ ပေါ့ပေါ့ပါးပါးရှိကာ ကလေးငယ်တစ်ဦးကဲ့သို့ပင် ပျော်ပျော်ပါးပါး နေတတ်သူ ဖြစ်သည်ဟု သိရသည်။ ထို့ပြင် မိမိ၏ ပတ်ဝန်းကျင်ရှိသူတိုင်းပျော်ရွှင်နေသည်ကို မြင်တွေ့လိုစိတ် ပြင်းပြသူလည်း ဖြစ်သည်။
မင်းတရားကြီးသည် နန်းတွင်းရေးရာ ကိစ္စရပ်များမှလွဲ၍ ကျန်ရှိသောအချိန်များကို မြင်းစီးခြင်း၊ ဆင်စီးခြင်း၊ တေးဂီတနားဆင်ခြင်း သို့မဟုတ် ကပွဲသဘင်များကို ကြည့်ရှုခြင်းဖြင့် ကုန်လွန်စေခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင်လည်း ‘အလွန်အကျွံ စွဲလမ်းရူးသွပ်သည်အထိ ချစ်မြတ်နိုးလှသော’ နန်းမတော်မိဖုရားခေါင်ကြီးနှင့် အမြဲတစေ အတူတူရှိနေတတ်သည်။
မင်းတရားကြီးသည် တရားဝင်အားဖြင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ၏ သာသနာ့ဒါယကာ ဖြစ်သော်လည်း ဆရာယုဒသန်ကမူ မင်းတရားကြီးသည် ဘာသာတရား အပေါ် စိတ်ဝင်စားမှု မရှိဘဲ လျစ်လျူရှုထားသူဖြစ်သည်ဟု ယူဆခဲ့သည်။ ဆရာယုဒသန်သည် မင်းတရားကြီး ဘာသာရေးလိုက်စားသည့် ‘ဝတ်ပြု ကိုးကွယ်သည်"ကို တစ်ကြိမ်တစ်ခါမျှသာ မြင်တွေ့ခဲ့ရဖူးသည် ဟု ဆိုသည်။
ညီလာခံခန်းမ နံရံ တွင် လှိုဏ်ဂူ လေးတစ်ခု သဖွယ် ဖြစ် နေသော နေရာတွင် သပ္ပါယ်လှသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပယ် နေသည်။ ညီလာခံ ပြီးဆုံးသွားသည့် အခါတိုင်း မှူးမတ်အရာရှိ တော်တော်များများသည် ထို ဗုဒ္ဓရုရုပ်ပွားတော်ရှေ့တွင် ဝတ်ပြုဆုတောင်းလေ့ရှိကြသော်လည်း ယုဒသန် ကတော့ ဘုရင်မင်းမြတ်ကိုယ်တိုင် ဝတ်ပြုတာကို တစ်ကြိမ်ပဲ မြင်ဖူးခဲ့သည်။
တစ်နေ့ ယုဒသန် တယောက်တည်း ညီလာခံခန်းမထဲ ရှိနေခိုက် ဘကြီးတော်မင်းတရားသည် 'သူ့၏ထုံးစံအတိုင်း သွက်လက်တက်ကြွသည့် အမူအရာနှင့်' လမ်းလျှောက်ဝင်လာသည်။ မင်းတရားကြီးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး တခြားထွေထွေထူးထူး လုပ်စရာမရှိပုံရသည်နှင့် ရုပ်ပွားတော်ရှေ့မှာ ဒူးထောက်ထိုင်ကာ ခပ်သွက်သွက်ပဲ ဆုတောင်းဂါရဝပြုလိုက်သည်။ ပြီးတာနှင့် ချက်ချင်းပင် ပြန်ထပြီး သူအနှစ်သက်ဆုံး မြင်းများအား အစာကျွေးသည်ကို ကြည့်ရန် မြင်းဇောင်း များဆီကို တန်းတန်းမတ်မတ် ကြွမြန်းသွားခဲ့သည်။
သို့သော်လည်း ပျော်ပွဲ ရွှင်ပွဲ များ၌သာ မွေ့လျော်ပြီး စိတ်သဘောထား နူးညံ့သူ၊ မိမိနှင့် နီးစပ်သူတို့၏ ဆန္ဒကို မလွန်ဆန်လိုသူ ဖြစ်သည့် မင်းတရားကြီးသည် အာဏာမက်မောသော စစ်ဗိုလ်ချုပ်များ၏ တိုက်တွန်းမှုကြောင့် အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ရန် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။
အင်္ဂလိပ်တို့၏ ကျူးကျော်မှုကို ကြုံ တွေ့နေကျသာမန် သူပုန်ထ မှု လောက်သာ ထင်မှတ်ထားခဲ့သော်လည်း၊ အမှန်တကယ်တွင်မူ မင်းတရားကြီးသည် အနောက်ကမ္ဘာ၏ အခဲမကျေ တတ်သော သဘော သဘာဝ အစစ်အမှန် ကို မကြာမီ မှာပင် တုန်လှုပ်ဖွယ်ရာ ကောင်းလောက်အောင် ကြုံတွေ့ရတော့မည် ဖြစ်သည်။