၂၀၁၇ နှောင်းပိုင်း တွင် တော့ အာဆတ်သည် စစ်ပွဲကို အနိုင်ရသလောက်နီးပါး ဖြစ်လာခဲ့သည်။ ၎င်း၏ အုပ်ချုပ်ရေးယန္တရား အဖြစ် မြို့ကြီးများကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အတိုက်အခံများသည် အနောက်မြောက်ဘက်ရှိ အစ်ဒလစ် ပြည်နယ်ထဲမှာပင် ပိတ်မိသွားခဲ့သည်။ ထိုပြည်နယ် တွင်တော့ ယခင်က အယ်လ်ကိုင်းဒါး (ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် အာမက် အယ်လ်-ရှာရာ (ထိုအချိန်က အဘူ မူဟာမက် အယ်လ်-ဂျိုလာနီ လို့ လူသိများသူ) သည် ထိပ်သီးခေါင်းဆောင်တစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့သည်။
ထိုကဲ့သို့ လှည့်စားမှုများ နှင့် ပြည့်နှက်နေသည့် အောင်ပွဲရလာမှုသည် အရာအားလုံး စတင်လမ်းချော်သွားခဲ့သည့် အချိန်ဟု ဆီးရီးယားနိုင်ငံသား အများအပြားက ကျွန်တော့်ကို ပြောပြကြသည်။ အာဆတ်ကတော့ ၎င်း၏ အောင်ပွဲသည် အနှစ်သာရမရှိ အပေါ်ယံသက်သက်သာ ဖြစ်သည်ကို နားလည်ပုံမရခဲ့ ပေ။ နိုင်ငံ၏ အစိတ်အပိုင်း အတော်များများသည် အုတ်ပုံအတိ ဖြစ်ခဲ့ရသည်။ စီးပွားရေးသည် လည်း လုံးဝနီးပါး ချည့်နဲ့သွားခဲ့ပြီး အမေရိကန်နှင့် ဥရောပက ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု များကလည်း ပို၍ ဖိစီးနှိပ်စက်နေခဲ့သည်။
ဆီးရီးယား၏ အချုပ်အခြာအာဏာ သည်လည်း ရုရှားနဲ့ အီရန်တို့ထံမှာ တစ်စိတ်တစ်ပိုင်း ပေါင်နှံထားသလို ဖြစ်နေခဲ့ပြီး၊ ထိုနိုင်ငံများကလည်း ၎င်းတို့ စစ်ပွဲတွင် ရင်းနှီးမြှုပ်နှံထားခဲ့ရသော ငွေများကို ပြန်ရဖို့ ဒမတ်စကတ်အစိုးရကို အတင်းအကျပ် ဖိအားပေး တောင်းခံနေခဲ့သည်။
နှစ်ပေါင်းများစွာ စစ်ပွဲနှင့် ဆင်းရဲဒုက္ခများကို ခါးစည်းခံခဲ့ရသည့် အာဆတ်အား ထောက်ခံသူများသည် လည်း ထာဝရ စိတ်ရှည်သည်းခံနေကြမည့်သူများ မဟုတ် ပေ။ တိုက်ပွဲများ ပြီးဆုံးသွားပြီဖြစ်၍ သက်သာချောင်ချိမှု ရလာမည့် အရေးကို မျှော်လင့်လာခဲ့ကြသည်။
အာဆတ်အနေနှင့် ၎င်းအား ထောက်ခံသူများလိုလားတောင့်တနေသည် များကို ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အရေး ရှိခဲ့သည်။ ပင်လယ်ကွေ့ အာရပ်နိုင်ငံများသည် ၎င်းအား အထီးကျန်ဘဝကနေ ကယ်တင်နိုင်မည့် ငွေကြေးဓနနဲ့ ဩဇာအာဏာ ရှိနေကြပြီး ၂၀၁၇ တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် ဒမတ်စကတ်နှင့် စတင်ဆက်သွယ်လာခဲ့သည်။
ကန့်သတ်ချက်တစ်ခု ရှိ နေခဲ့သည်၊ ဤသည်က ပြည်တွင်းစစ် မဖြစ်ခင်ကတည်းက ၎င်းတို့ တောင်းဆိုခဲ့သည်က အာဆတ် မှ အီရန်နှင့် ခပ်ကင်းကင်း နေရမည် ဆို သော အချက် ဖြစ်သည်။ ပင်လယ်ကွေ့ အာရပ်နိုင်ငံ များသည် တီဟီရန်၏ ဘာသာရေးခေါင်းဆောင် များအား ၎င်းတို့အပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ကာလကြာမြင့်စွာ ကတည်းက ရှုမြင်ထားကြပြီး၊ အာဆတ်၏ ဖခင် ဟာဖက်ဇ် အယ်လ်-အာဆတ် လက်ထက်ကတည်းက တည်ဆောက်ထားခဲ့သော အီရန်နှင့် မဟာမိတ်ပြုထားမှုသည် တခြားအာရပ်ခေါင်းဆောင်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ အချက်တစ်ချက် ဖြစ်နေခဲ့သည်။
ဆီးရီးယားနိုင်ငံအတွက် မရေရာလှသည့် အီရန်နှင့် ပေါင်းဖော် နေမှုကို စွန့်လွှတ်ပြီး ပင်လယ်ကွေ့နိုင်ငံများ၏ ကြွယ်ဝချမ်းသာမှုနဲ့ လဲလှယ်လိုက်ခြင်းသည် များစွာ အကျိုးရှိစေမည့် ကိစ္စဖြစ်သည်။ သို့သော် အခက်အခဲတစ်ခု ရှိနေသည်က ထိုသို့ လုပ်မည် ဆိုလျင် အာဆတ်မိသားစုအတွက် အကောင်းဆုံး ဖြစ်ချင်မှ ဖြစ်လာနိုင်မည့် အရေးပင် ဖြစ်သည်။
ပင်လယ်ကွေ့နိုင်ငံများ၊ အနောက်နိုင်ငံများ နှင့် မတူဘဲ အီရန်နိုင်ငံကတော့ အာဆတ် အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်ပေးမည် ဆိုသည်ကို အမြဲလို ရှင်းရှင်းလင်းလင်း ပြသထားခဲ့သည်။ အာဆတ်ဘက်က အပြန်အလှန်အနေ ဖြင့် လုပ်ပေးရဖို့ ရှိသည်က တီဟီရန်၏ "ခုခံမှုဝင်ရိုးစွန်း" Axis of Resistance တွင် အဓိကအကျဆုံးဖြစ်သော လက်ဘနွန် ပြည်သူ့စစ်အဖွဲ့ ဟစ်ဇဘိုလာ ထံသို့ဆီးရီးယား နယ်မြေ မှ တစ်ဆင့် လက်နက်နှင့် ငွေကြေးများ ထောက်ပံ့ပေးပို့နိုင်အောင် ဆက်လက် ကူညီပေးဖို့ပင် ဖြစ်သည်။
အာဆတ်သည် ၂၀၁၈ တွင် ဒမတ်စကတ်မြို့မှာ သံရုံးပြန်ဖွင့်ခဲ့သည့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် အသင့်အတင့် ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ခဲ့သည်။ သို့သော် အီရန်နှင့် အဆက်အသွယ်ဖြတ်ရန် ကိုမူ ငြင်းဆန်ခဲ့သည်။
အာဆတ်၏ လူယုံအသိုင်းအဝိုင်းထဲမှ ပါးနပ်သည့် နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး UAE နဲ့ သဘောတူညီချက်ရအောင် ညှိနှိုင်းပေးခဲ့သူ ခါလက် အယ်လ်-အာမတ် က စစ်မှန်သည့် နိုင်ငံရေး အပြောင်းအလဲတစ်ခု ဖြစ်နိုင်တယ်လို့ တခဏတာမျှ ယုံကြည်ခဲ့ဖူးသည်။ နောက်ဆုံးတွင် တော့ အာဆတ်သည် လမ်းကြောင်းဟောင်းမှ ပြောင်းလဲနိုင်စွမ်း မရှိဘူးဆိုသည်ကို သိလာခဲ့သည်။ "သူဟာ အခန်းထဲမှာရှိနေတဲ့ ဆင်သေတစ်ကောင်ပဲလို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်" လို့ အာမတ်က အာဆတ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ပြောပြခဲ့သည်။ (အာမတ်သည် အခုအခါမှာတော့ ဆီးရီးယား အစိုးရသစ်၏ အကြံပေးတစ်ဦး ဖြစ်နေပေပြီ)
ထိုအချိန် လောက်က အစ္စရေးအမျိုးသားလုံခြုံရေးအရာရှိ လူငယ်တစ်ဦးသည်လည်း အလားတူကောက်ချက်ကိုပဲ ချမှတ်ခဲ့ပြီး အာဆတ်ကို ဖြုတ်ချဖို့ ပြည်တွင်းအာဏာသိမ်းမှုတစ်ခု စီစဉ်ပေးဖို့ အထက်လူကြီးများကို စတင်တိုက်တွန်းခဲ့သည်။ အစ္စရေးသည် အာဆတ်ကို ထိန်းကျောင်းရလွယ်သည့် ရန်သူတစ်ယောက်အဖြစ် ကာလကြာမြင့်စွာ ရှုမြင်ထားခဲ့ကြသည်။ ၎င်းသည် ဇီယွန်ဝါဒ ၏ ရန်သူ ဆိုသည် နှင့်အညီ ကြွေးကြော်သံများကို အော်ဟစ်နေတတ် သော်လည်း နှစ်နိုင်ငံကြား နယ်စပ်ကိုတော့ ငြိမ်သက်အောင် ထိန်းထားပေးသူ ဖြစ်သည်။
သို့သော် ယခုအခါ အစိုးရဝန်ထမ်းအဖြစ်မှ အနားယူသွားပြီဖြစ်ပြီး အမည်မဖော်လိုသည့် အခြေအနေနှင့် ကျွန်တော့်ကို စကားပြောခဲ့သည့် အဆိုပါ အစ္စရေးအရာရှိသည် ၂၀၁၉ ခုနှစ်ဝန်းကျင်မှာပင် အာဆတ်သည် ယုံကြည်ကိုးစားဖို့အတွက် အစွမ်းအစ မရှိလွန်းသူ ဖြစ်နေပြီလို့ စတင်စိုးရိမ်လာမိကြောင်း ပြောပြခဲ့သည်။ "အာဆတ်၏ အစိုးရယန္တရားသည် အခွံသက်သက်ပဲ ကျန်တော့သည်" ဟု ဆိုသည်။
အစ္စရေး စစ်ဘက်ခေါင်းဆောင်ပိုင်းကတော့ အာဏာသိမ်းဖို့ အဆိုပြုချက်ကို ငြင်းပယ်ခဲ့သည်။ ထို အကြံအစည်ကို တဲလ်အဗီး နှင့် ဝါရှင်တန်တို့ တွင် နှစ်ပေါင်းများစွာကြာအောင် အခါအားလျော်စွာ ဆွေးနွေးခဲ့ကြဖူးသော်လည်း အကောင်အထည်ဖော်နိုင်သည့်အဆင့်အထိ မရောက်ခဲ့။ အကြောင်းရင်းသည်က အာဆတ်၏ ဖခင်သည် ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိသူများကို အမြဲလို စောင့်ကြည့်ထိန်းချုပ်ထားနိုင်မည့် အုပ်ချုပ်ရေး ယန္တရားမျိုးဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပေသည်။
"ဒေသတွင်းမှာရှိတဲ့ လူတိုင်းက အာဆတ် အဲဒီနေရာမှာ ရှိနေတာကိုပဲ စိတ်အေးလက်အေး ရှိခဲ့ကြတာပါ" လို့ အစ္စရေးအရာရှိဟောင်းက ပြောသည်။ "သူက အင်အားချည့်နဲ့နေတော့ ဘယ်သူ့ကိုမှ ခြိမ်းခြောက် မလာနိုင်လို့ပါဘဲ"
အာဆတ်ကတော့ ၎င်းအပေါ် အားလုံးက မကြိုက်သော်လည်း လက်ခံထားကြသည့် အဖြစ်ကို တကယ် အာဏာရှိနေသည်ဟု အထင်မှားခဲ့ပုံရသည်။ "အာဆတ်ဟာ စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေထိုင်နေခဲ့တာပါ" လို့ ထိုနှစ်များ အတွင်း ဆီးရီးယားကို မကြာခဏ ရောက်ရှိခဲ့သည့် ဟစ်ဇဘိုလာ နိုင်ငံရေးလှုပ်ရှားသူ ဟောင်းတစ်ဦးက ကျွန်တော့်ကို ပြောပြခဲ့သည်။ "အီရန်တွေက ငါ့ကို လိုအပ်တယ်။ ရုရှားတွေမှာလည်း ရွေးချယ်စရာ မရှိဘူး။ ငါကတော့ ဘုရင်ပဲ" ဆိုတဲ့ စိတ်မျိုးနဲ့ ဖြစ်သည်ဟု ဆိုသည်။
၎င်း၏ ကျောထောက်နောက်ခံများက မကျေမနပ် နှင့် စတင် ညည်းညူလာကြသော်လည်း အာဆတ်ကတော့ နားမထောင်ခဲ့။ ဟစ်ဇဘိုလာ အရာရှိဟောင်း၏ ပြောပြချက်အရ ၂၀၁၉ ခုနှစ်တွင် ရုရှားနှင့် အီရန်တို့ဟာ အနောက်နိုင်ငံများ စိတ်ပြေလျော့စေဖို့ နှင့် ဆီးရီးယား၏ စီးပွားရေးအရ အထီးကျန်ဖြစ်နေသည့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ရန် အတွက် အပေါ်ယံသက်သက်ဖြစ် စေ ပြုပြင်ပြောင်းလဲမှုများလုပ်ဖို့ ၎င်းကို စတင်တိုက်တွန်းခဲ့ကြသည်။
သို့သော် အာဆတ်သည် လိမ်ညာလှည့်ဖြားပြီး အချိန်ဆွဲနေခဲ့သည်ဟု အဆိုပါ အရာရှိက ဆိုသည်။ ထိုအချိန်က အီရန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မိုဟာမက် ဂျာဗတ် ဇာရစ် ကလည်း အာဆတ်အနေ နှင့် "အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့" တိုက်တွန်းခဲ့ဖူးကြောင်း၊ သို့သော် ဆီးရီးယားခေါင်းဆောင်သည် "အောင်ပွဲယစ်မူးနေတာကြောင့်" အချိန်ဆွဲနေခဲ့ကြောင်း အယ်လ်ဂျာဇီးယား နှင့် မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။