တိုက်ပွဲပြင်းထန်လှသည့် ပြည်တွင်းစစ်မီးသည် မြို့ကြီးပြကြီးများဆီသို့ တိုက်ရိုက်ကူးစက်ခြင်း မရှိသေးသော်လည်း၊ ပျက်စီးယိုယွင်းလာသည့် စီးပွားရေးအခြေအနေများကြောင့် မြို့ပြနေလူထု၏ ဘဝသည် ဆောက်တည်ရာ မရ ဖြစ်လာနေသည်ဟု နယူးယောက် တိုင်းမ် သတင်းစာကြီးမှ ဖွင့်ချ ရေးသားလာခဲ့သည်။
မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ် မှာ ပျက်စီးယိုယွင်းနေပြီဖြစ်သည်။ မန္တလေး တက္ကသိုလ် ဒဿနိက ဗေဒ ဌာနမှ ကထိကတဦး သည်ပင် ယခုအခါ အွန်လိုင်းမှတစ်ဆင့် ချည်ထိုးအင်္ကျီများ၊ ရုပ်သေးရုပ်လေးများနှင့် အိတ်များကို ရောင်းချပြီး ဝမ်းရေးအတွက် ဖြေရှင်းနေရသည်။
"ဒါဟာ အာဏာသိမ်းခဲ့လို့ ကျမတို့ ဒီလို ဘဝ ရောက်ခဲ့ရတာပါ၊ ကျမတို့ရဲ့ အလုပ်အကိုင်တွေကိုတင် လုယူသွားတာမဟုတ်ဘူး၊ ကျွန်မတို့ရဲ့ မည်သူမည်ဝါ ဖြစ်တယ် ဆိုတာ ကိုပါ ရိုက်ချိုးဖျက်ဆီးလိုက်တာပါ။"" ဟု ဆိုသည်။
မြို့နေ လူတန်းစားများ သည် တရိပ်ရိပ် မြင့်တက်လာ နေသော ကုန်ဈေးနှုန်း၊ အလုပ်လက်မဲ့နှုန်း မြင့်မားမှု၊ ကုန်စည်ပြတ်လပ်မှုများ၊ နေ့စဉ်လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပျက်စီးယိုယွင်းနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့၏ ဒဏ်ကို အလူးအလဲ ခံစားနေကြရပြီ ဖြစ်သည်။
လွန်ခဲ့သော ငါးနှစ် နေပြည်တော်တွင် အမျိုးသမီးငယ်လေး မမြမြသွယ်၏ ဦးခေါင်းကို ဖောက်ဝင်သွားသော ကျည်တတောင့် ဖြင့် စတင်လာခဲ့သော စစ်အုပ်စု၏ ရက်စက် ကြမ်းကြုပ်လှသည့် အကြမ်းဖက်မှု များကြောင့် ယခုအခါ မြို့နေပြည်သူ များသည် နေ့တဒူဝ အသက်ဆက်နိုင်ရေးကိုသာ အာရုံစိုက်နေကြရသည်။ မူးယစ်ဆေးဝါး သုံးစွဲမှု၊ HIV ကူးစက်မှု၊ လမ်းပေါ်တွင် လုယက်မှုနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ၊ ကျော်မကောင်း ကြားမကောင်း ရာဇဝတ်မှု များ မှာလည်း တစ်ဟုန်ထိုး မြင့်တက်နေသည်။
မြို့ပေါ်ရှိ အဆင်းရဲဆုံးသော သူများထဲတွင် အဘွားအိုများနှင့် ကလေးငယ်များမှာ လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေကြရပြီး၊ အမျိုးသမီး အများအပြားမှာ ဝမ်းရေးအတွက် လူမသိ သူမသိ ပြည့်တန်ဆာဘဝသို့ ခြေစုံပစ် ဝင်နေကြရသည်။
မြန်မာသည် အာရှတွင် အဆင်းရဲဆုံးနှင့် ပညာရေးအနိမ့်ဆုံး နိုင်ငံများစာရင်း၌ ပါဝင်နေသည်။ (မင်းအောင်လှိုင်အား ပြည်သူ့စီမံခန့်ခွဲမှု ပါရဂူ ဘွဲ့ကြီး အပ်နှင်းခဲ့သော ရန်ကုန် တက္ကသိုလ် ကြီးသည်လည်း ကမ္ဘာတက္ကသိုလ်များ နံပတ်စဉ်တွင် ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင် မသိတော့) ကုလသမဂ္ဂ၏ “ပျောက်ကွယ်သွားသော လူလတ်တန်းစား” (A Disappearing Middle Class) အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် လူဦးရေ၏ ထက်ဝက်နီးပါးသည် ကမ္ဘာက သတ်မှတ်ထားသော ဆင်းရဲမွဲတေမှု မျဉ်းအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နိုင်ငံ၏ အနာဂတ်၊ လူငယ်များ၏ အနာဂတ်သည် စစ်ဖိနပ်ဖြင့် နင်းခြေခြင်း ခံလိုက်ရပြီး အာဏာမသိမ်းမီ က မျှော်လင့်ချက်များ နှင့်ပြည့်နှက်နေပြီး နေချင်စဖွယ် ပျော်ရွှင်စရာကောင်းသည့် နိုင်ငံ အဖြစ်မှ လုံးဝဆန့်ကျင်ဘက် သို့ ရောက်သွားခဲ့ရပြီဟုလည်း ထောင် သုံးနှစ်ကျခဲ့သော ဒီဂျေ တဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ငါးနှစ်တာ အုပ်ချုပ် ရေး ကာလ အတွင်း ထိုသို့ ဖြစ်လာခဲ့ရမှုများ ကို ကြည့်၍ ကျန်ရှိနေသည့် စစ်ဗိုလ်ချုပ်များအတွက်မူ အလွန်အကျွံ ဟု ယူဆလာခဲ့သည်။
၎င်းတို့ စိတ်ကြိုက် ချုပ်ကိုင် နိုင်မည့်ခေတ်ဟောင်း စနစ် ဟောင်း ဆီသို့ ပြန်လည်ဆွဲခေါ်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် စစ်ကောင်စီသည် ဆိုရှယ်မီဒီယာနှင့် မက်ဆေ့ဂျ်ပို့သည့် အက်ပ်များအပါအဝင် လက်ကိုင်ဖုန်းဆက်သွယ်ရေးများကို စနစ်တကျ နှောင့်ယှက်ဖြတ်တောက် ခဲ့ကြပြီး၊ ဆင်းမ်ကတ် များကိုလည်း အာဏာပိုင်များထံတွင် မှတ်ပုံတင်ရန် သတ်မှတ်ထားသည်။ ထို့ပြင် ၎င်းတို့၏ ကန့်သတ်လာမှု များကို ကျော်လွှားရန် အသုံးပြုသည့် VPN များကိုလည်း တရားမဝင်အဖြစ် ပိတ်ပင်တားဆီး လာခဲ့ကြသည်။
ရန်ကုန်မြို့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ရစ်ချက်ဟော့ဆေးက "အာဏာသိမ်းရခြင်းနဲ့ အခု လုပ်ခဲ့သည့် ရွေးကောက်ပွဲရဲ့ အဓိကအကြောင်းရင်းကတော့ သမ္မတ ဦးသိန်းစိန် ကြောင့် ၎င်းတို့ တသက်လုံး ထိန်းချုပ်နိုင်ခဲ့မှု များ ပျက်ယွင်းတော့မည်ဟု ယူဆနေကြတာကြောင့်ပါပဲ။ ဒီရွေးကောက်ပွဲဟာ လုပ်ငန်းစဉ်တွေကို အစကနေ ပြန်စပြီး ဦးသိန်းစိန်ရဲ့ အမှားတွေကို ပြန်ပြင်ဖို့ ကြိုးပမ်းတာပဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
၎င်းတို့၏ အမှားပြင်ဆင်ချက် အတွက် တန်ဖိုး ကြီးကြီး ပေးဆပ်ခဲ့ရသူများက မြန်မာ ပြည်သူ များပင် ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုကရေစီလိုလားသော တပ်ပေါင်းစုများကို စစ်မြေပြင်တွင် အနိုင်မတိုက်နိုင်တော့သည့်အခါ စစ်ကောင်စီသည် ရုရှားနှင့် တရုတ်နိုင်ငံတို့ထံမှ ဝယ်ယူထားသည့် တိုက်လေယာဉ်များကို အသုံးပြုကာ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းဆောင်များ အပါအဝင် အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
လျော့လျော့ပေါ့ပေါ့ ခန့်မှန်းတွက်ချက်မှုများအရ ဆိုလျင်ပင် စစ်တပ် အာဏာသိမ်းပြီး နောက် အရပ်သား ၇,၇၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃.၆ သန်းကျော်ရှိနေပြီး၊ စစ်မှုထမ်းရမည်ကို စိုးရိမ်သည့် လူငယ်အများအပြားအပါအဝင် နောက်ထပ် လူပေါင်း ၁.၆ သန်းမှာလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
တိုက်ပွဲများ တိုက်ရိုက်ဖြစ်ပွားခြင်း မရှိသည့် ဒေသများတွင် နေထိုင်သူများပင်လျှင် စစ်အုပ်ချုပ်ရေးအောက်က ၎င်းတို့၏ ဘဝများသည် မှောင်မိုက် ခြောက်ကပ်လျက် ရှိနေသည်။
အကောင်းမြင် လို စိတ် များ၏ နေရာတွင် ကြောက်ရွံ့ထိတ်လန့်မှု များက အစားထိုးဝင်ရောက်လာခဲ့ပြီ လူများသည် အနာဂတ်အတွက် အစီအစဉ်များကို မပြော နိုင် ကြတော့ဘဲ အသက်ရှင်သန်နိုင်ရေး အတွက် မည်သို့ ဆက်၍ ရုန်းကန် ကြရမည် ဆိုသည်သာ ခေါင်းထဲတွင် ရှိ နေ ကြတော့သည်။
လက်ရှိ အာဏာသိမ်း မှု ကြောင့် တင်ကျန်ရစ်ခဲ့ရသည်က အမြဲလို ကြောက်လန့်တကြား နေထိုင်နေရသည့် နိုင်ငံ ဖြစ်လာခဲ့ခြင်းပင်။မျှော်လင့်ချက် ထားဖို့ ဆိုသည်ကပင် စွန့်စားရမည့် အန္တရာယ် တစ်ခု ဖြစ်လာခဲ့ရသည်။
တနေ့လုပ်မှ တနေ့စားကြရ သော်လည်းအသေးအဖွဲ စည်းကမ်းဖောက်ဖျက်မှုများမှအစ လာဘ်ငွေ တောင်း နေကြရသော ရဲနှင့် စစ်သားများအားလည်း ပေးကြရပြန်ပြီး အဂတိလိုက်စားမှုများသည် နေရာအနှံ့ ပျံ့နှံ့နေပြီဖြစ်ကြောင်း မြို့ခံအများအပြားက ပြောပြကြသည်။
ဆရာဝန်ညွှန်ကြားစာဖြင့် ဝယ်ယူရသည့် ဆေးဝါးများကို ရှာဖွေရန် ပိုမိုခက်ခဲလာ နေသည့် အတွက် နာတာရှည်လူနာများ၏ အသက်အန္တရာယ်ပင် စိုးရိမ်ရသည့် အနေအထားဖြစ်လာသည်။ ဆေးဆိုင်ဖွင့်ထားခြင်းသည် အသက်ကယ်နေခြင်း မဟုတ်တော့ဘဲ၊ လူနာများ လိုအပ်နေသည့် ဆေးဝါးများ အဘယ်ကြောင့် ဆိုင်တွင် မရှိရသနည်းဆိုသည်ကို ဝယ်သူ များအား အမြဲလို ရှင်းပြနေရသည့် အလုပ်သာ ရှိတော့သည်ဟု မန္တလေးရှိ ဆေးဆိုင်ပိုင်ရှင် တဦးက ဆိုသည်။
ကာကွယ် ကုသလို့ ရသည့် ရောဂါများဖြင့် မသေသင့် ပဲ သေဆုံးနေရသည်ကို ကြည့်နေရသည့် အဖြစ် ဟု ဆရာဝန်တဦးက ပြောပြခဲ့သည်
မြန်မာ့ရိုးရာ အနုပညာလောက၏ ထိပ်ဆုံးတွင် တစ်ချိန်က ရပ်တည်ခဲ့ဖူးသည့် သဘင်ပညာရှင်တဦးကလည်း လမ်းဘေးတွင် ခေါက်ဆွဲ ကျော် ရောင်းနေကြရသည်။ ထိုကဲ့သို့ ဘဝမျိုး ရောက်လိမ့်မည်ဟု တစ်ခါမှ အိပ်မက်ပင် မမက်ခဲ့ဖူးပါ ဟု ၎င်းက ဆိုသည်။ စင်ပေါ်က ဘဝကို မေ့ပစ်ခဲ့ရပြီး၊ တစ်နေ့ချင်းစီ အသက်ရှင်သန်နိုင်ဖို့ ရုန်းကန်နေရမှု တွေ နဲ့ပဲ နပမ်းလုံးနေရသည်ဟု ပြောခဲ့သည် ဟု ကောက်နှုတ် တင်ပြလိုက်ရပါသည်။
ကမ္ဘာတွင် စောင် ရေ အများဆုံး ထုတ် ဝေ နေသော နယူးယောက် တိုင်းမ် သတင်းစာကြီးမှ စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာတွင် တကယ်တမ်း ဘာတွေ ဖြစ်နေသည်ကို မှန်ကန်စွာ နားလည်နိုင်စွမ်း မရှိသူများကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။
မင်းအောင်လှိုင် ကတော့ နိုင်ငံ တော် အတိုင်ပင်ခံ ဥက္ကဌ လော၊ သမ္မတ လော မည်သိူ့ပင် ဖြစ် စေ ၎င်း၏ စိတ်အာရုံ ခြောက်ခြားမှု များ၊ သံသယများ၊ အလိမ်အညာများ၊ အကြောက်တရားများ ဖြင့် လူထု ကို ဆက်၍ ဒုက္ခပေးနေ ဦး မည်သာ ဖြစ်သည်။
ယခုအခါ တော်လှန်ရေး တွင် လူထုက တတပ်တအား ပါဝင်ရန် အခြေအ နေများက တောင်းဆိုလာ နေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!