၂၀၂၆ - တိုင်းပြည် ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စစ်ပွဲ၏ အလှည့်အပြောင်း

by Hla Soewai - Feb 16 2026

ပူတင်မှ အစ မင်းအောင်လှိုင် ကဲ့ သို့ အာဏာရှင် ပေါက်စ အ‌ဆုံး စစ်ပွဲ တပွဲကို ရေရှည် ဆင်နွှဲရလိမ့်ဟု အတွေး ဖြင့် စတင်ခဲ့ကြခြင်း မဟုတ် အလျင်အမြန် အောင်ပွဲ ခံလိမ့်မည်ဟု ယူဆ၍သာ လုပ်ခဲ့ကြခြင်း ဖြစ်သည်။

 

ယခုလည်း မင်းအောင်လှိုင်သည် အတွက်အချက် မှားစွာ အာဏာသိမ်းခဲ့မှု မှ စတင်ခဲ့သော ပြည်တွင်းစစ်ကြီးသည် ငါးနှစ် ကျော်လာသော်လည်း ၎င်းအဖို့ အဆုံးကို မမြင် နိုင် ဖြစ်နေရသည်။

 

ယခုလည်း ရွေးကောက်ပွဲ တွင် လူထု ငါးဆယ်ရာခိုင်နှုန်း ကျော်ယုံ ဆိုသည်မျှ မဲရုံများသို့ ရောက်လာကြသည်ကို ၎င်းအား ထောက်ခံနေကြပြီဟု သွေးနားထင် ရောက်ကာ "အကြမ်းဖက်သမားများ" ကို ၎င်း၏ လက်နက်ကိုင် တပ်များသာမက လူထုအားဖြင့် ချေမှုန်းမည်ဟု လက်သီးလက်မောင်းတန်း ကြွေးကြော် နေရဆဲပင် ဖြစ်သည်။

 

ယင်းသည် ၎င်းကိုယ်တိုင် သဘောတူ ပါသည်ဆိုသော အာဆီယံ၏ ဘုံရပ်တည်ချက်တွင် ပါသည့် အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းစွာ အဖြေရှာရေး ကို လက်မခံ၊ အကြမ်းဖက် လမ်းစဉ်ကို စွန့်လွှတ်မည် မဟုတ်ဟု ပြောဆိုလိုက်ခြင်းနှင့် အလားတူပင် ဖြစ်သည်။

 

မင်းအောင်လှိုင် ပြောသည့် "အကြမ်းဖက် သမားများ" ဆိုသည်ကလည်း အာဆီယံ ဥက္ကဌ အဆက်ဆက်မှ ၎င်းတို့၏ မြို့တော်များဆီ တကူးတက ဖိတ်ကြားပြီး ဆွေးနွေးနေသူများ ဖြစ်သည်။

 

 စစ်ရေးအရ အသာစီးရယူနိုင်ခြင်းသည်သာ ၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဟု ခံယူထားဆဲပင် ဖြစ်သည်။ ထိုသို့ အသာစီး ရနိုင်မည်ဟု ယူဆနေခြင်း မှာလည်း တော်လှန်ရေး အင်အားစုများ မည်သို့မျှ ညီညွတ်လာနိုင်စရာ အကြောင်းမရှိ ဆိုသည် အပေါ် အခြေခံ တွက်ဆခဲ့ခြင်း ဖြစ်ပြီး အရိုးများကို တံတားခင်း နင်းလျှောက်သွားရန် ကြံနေကြခြင်းသာ ဖြစ်သည်။

 

တော်လှန်ရေး အင်အားစု ဖြစ်သည့် ပြည်သူ့ ကာကွယ်ရေး တပ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် လည်း ညီညွတ်သော ဖက်ဒရယ် တပ်ဦး ကြီး ပေါ်ပေါက်လာရေး အတွက် အပူတပြင်း ဆွေးနွေးနေကြပြီ ဖြစ်သည်။

 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း

ယုံကြည်မှု တည်ဆောက်ရန်၊ အငြင်းပွားမှုများကို ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းရန်နှင့် စစ်အုပ်စု ကို ဆန့်ကျင်သည့် အင်အားစုများ၏ အဓိကတောင်းဆိုချက်ဖြစ်သော ဖက်ဒရယ်တပ်တော်ကြီး ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ပြောဆိုလာခဲ့သည်။

 

ခေတ်မီ မောင်းပြန် ရိုင်ဖယ်များ၊ ပုခုံးထမ်း လောင်ချာ များ ကိုင်ဆောင်ထားသော အင်အား တထောင်ခန့် ရှိ တပ်ဖွဲ့ဝင်များ၏ စစ်ရေး ပြပွဲ တွင် ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

 

စစ်အုပ်စု နှင့် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားပြီး ပါးနပ်သော နိုင်ငံရေးကစားသမားတစ်ဦးအဖြစ် ကာလရှည်ကြာ ရှုမြင်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ယခုအခါတွင်မူ ပြတ်ပြတ်သားသား ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်ဟု ရိုက်တာ သတင်းဌာနက ဆိုသည်။

 

သို့သော်လည်း တိုင်းတပါး ဩဇာခံ MNDAA နှင့် TNLA တို့၏ လိမ် ညာ ခံထားရသော ပြည်သူများကမူ သတိကြီးစွာဖြင့် ကြိုဆိုကြမည်သာ ဖြစ်သည်။

 

ကချင်လွတ်လပ်ရေး တပ်တော်မှ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်းမော်က နိုင်ငံ အောက်ပိုင်းအား ထိန်းချုပ်နိုင်သည်အထိ တာဝန်ယူ တိုက်ခိုက်သွားမည်ဟု လူသိရှင်ကြား ပြောဆိုပြီးနောက်တွင် ဗိုလ်ချုပ်ကြီး ယွက်ဆစ် ကလည်း ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

 

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ကို ချီးကျူးစကားဆိုခဲ့ပြီး မင်းအောင်လှိုင် ကိုမူ မြန်မာနိုင်ငံ၏ လက်ရှိ မငြိမ်မသက်ဖြစ်မှုများသည် 'တစ်ဦးတစ်ယောက်၏ ဆန္ဒကို လူထု၏ လိုလားချက်များထက် အသာပေးကာ အတ္တ၊ မာန်မာနနှင့် လောဘတို့ ရှေ့တန်းတင်ထားသည့် ခေါင်းဆောင်မှု' ကြောင့်ဖြစ်သည်ဟု ပြစ်တင် ရှုတ်ချ သွားခဲ့သည်။

 

မင်း‌ အောင်လှိုင်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို နေ့စဉ် နှင့် အမျှ ခံနေရသော မြန်မာ လူထု အား ကမ္ဘာ ခေါင်း ဆောင်များ လျစ်လျုရှု နေ သည်ဟုလည်း ဆိုသည်။

 

အေးရှား တိုင်းမ် က သုံးသပ်ရာတွင် မင်းအောင်လှိုင် ရင်ဆိုင်နေရသည့် အကျပ်အတည်းမှာ မအောင်နိုင်သည့် စစ်ပွဲတစ်ခုကို တိုက်ခိုက်နေရသည် နှင့် အမျှ ၎င်း လက်လွှတ်မခံနိုင်သည့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း ဝေးကွာလာ နေမှု နှင့် ၊ ၎င်း ဖန်တီးလာသော ရွေးကောက်ပွဲ သည်လည်း တရားဝင်မှုရဖို့ အလှမ်းဝေးလွန်းနေပြီး အကျပ်အတည်းကို ပိုမိုဆိုးရွားအောင် ဖန်တီးနေခြင်းဖြစ်သည် ဟု ဆိုသည်။

 

ကုလ သမဂ္ဂ တွင် ဝင်ဆန့် နိုင်မှု မရှိ ဖြစ်နေခြင်း နှင့် နိုင်ငံတကာက ဖယ်ကျဉ်ခံထားရသည့် အဖြစ်ကိုလည်း မကြာ‌ သေးမီက မင်းအောင်လှိုင် ကိုယ်တိုင် တရားဝင် ဝန်ခံ ပြောဆိုခဲ့ရပြီးလည်း ဖြစ်သည်။

 

၎င်းတို့၏ ရွေးကောက်ပွဲ နှင့် ရှေ့ထွက် ခေါင်းဆောင် ဆိုသူများက နိုင်ငံ၏ ကံကြမ္မာကို အဆုံး အဖြတ် ပေးနိုင်မည် မဟုတ်၊ လျင်မြန်စွာ ပြောင်းလဲနေပြီး ပိုမိုပြင်းထန်လာသည့် စစ်မြေပြင်ကသာ အဆုံးအဖြတ်ပေးမည် ဖြစ်သည်ဟု မြန်မာ အရေး ကျွမ်းကျင်သူ အန်တိုနီ ဒေးဗီစ်က ဆိုသည်။

 

၎င်းတို့ လုပ် နေသည်များက အကျပ်အတည်း၏ အခြေခံကျသော လက်တွေ့ပကတိအခြေအနေကို ထင်ဟပ်နိုင်မည်မဟုတ်။နေပြည်တော်ရှိ ရှေ့ထွက် အစိုးရ အဖွဲ့၏ ရပ်တည်နိုင်စွမ်း၊ ယုံကြည်ကိုးစားမှုရရန် ရုန်းကန်နေရမှုနှင့် ပျက်စီးနေသော စီးပွားရေးကို ပြန်လည်ကုစားရန် ကြိုးပမ်းမှုများကို လေအေးပေး စက်တပ်ထားသည့် ဝန်ကြီးဌာန ရုံးခန်းများ သို့မဟုတ် ဒေသတွင်းရှိ မူဝါဒလေ့လာရေးအဖွဲ့ များ၏ စကားများဖြင့် တိုင်းတာရမည် မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ လယ်ကွင်းပြင်များနှင့် တောင်တန်းများပေါ်တွင် ဆင်နွှဲနေသည့် စစ်ပွဲ၏ အလားအလာဖြင့်သာ ဆုံးဖြတ်သွားမည် ဖြစ်သည် ဟု ထောက်ပြခဲ့သည်။

 

လက်ရှိတွင် သောင်း နှင့် ချီသည့် တပ်အင်အားကို စစ်ကိုင်း တိုင်း တွင်သာ မဟုတ်တော့ဘဲ ပဲခူး၊ မကွေး၊ မန္တလေး တိုင်းများ အတွင်းပါ ဖြန့်ချထားရပြီး ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် ဖက်ဆစ်များ တရုတ်ပြည်တွင် ကျင့်သုံးခဲ့သည့်

"Three Alls” ဟု ခေါ်သည့် — burn all, loot all, kill all —ဆိုသည်ကို သဘောရှိ လုပ်ခွင့် ပေးလာနေသည်။

 

တော်လှန်ရေးအင်အားစုများနှင့် အစွန်းကုန် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ကျေးလက်လူထုကြား သွေးခွဲသပ်လျှိုရန် ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သား ပစ်မှတ်များကို တိုက်ခိုက်ခြင်းသည် ၎င်းတို့၏ ပုံမှန်လုပ်ဆောင်မြဲ လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်လာခဲ့သည်။

 

အရပ်သားများအပေါ် အထင်အမြင်သေး ဆက်ဆံ မှုသည် အဖွဲ့အစည်းဆိုင်ရာ သွေးသား (DNA) ထဲအထိ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် စစ်တပ်ထံမှ စစ်ရေးဗျူဟာပိုင်းဆိုင်ရာ သိသာထင်ရှားသော အပြောင်းအလဲတစ်ခုခုကို မျှော်လင့်နေခြင်းသည် နုံအရာ ကျပေလိမ့်မည်ဟု ဒေးဗီစ်က ဆိုသည်။

 

နောက်ထပ် စစ်အုပ်စု အတွက် စိန်ခေါ်မှုကြီးက အင်အား ပိုမိုတောင့်တင်းပြီး ပိုမိုစနစ်ကျသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ဆင်နွှဲရမည့် အဓိက ထိုးစစ်ကြီးများအပေါ်တွင် မူတည်နေခြင်းပင် ဖြစ်သည်။

 

၎င်းတို့ အတွက် အသက် အန္တရာယ်အထိ ပေးလာနိုင်သည့် ဆူးကြီးတချောင်းလို စိုက်ဝင်နေသည်က အနောက်ဖက် စစ်မျက်နှာရှိ စနစ်တကျ လေ့ကျင့်ထားသော အင်အား ၄၀,၀၀၀ ခန့် ရှိ အာရက္ခ တပ်တော်ပင် ဖြစ်သည်။ မရမက တိုက်မည်ဆိုကလည်း အသေအပျောက် အဆမတန် များနိုင်ပြီး နေပြည်တော်ရှိ ၎င်းတို့ လက်အောက်ခံ အစိုးရ အဖွဲ့ အတွက် ပြဿနာ ပေါ်လာနိုင်သည်။

 

နောက်ထပ် ရင်ဆိုင်ရမည်က ဗိုလ်ချုပ် ဂွမ်းမော် ပြောသလို စစ်ကိုင်းတိုင်း အတွင်း အသင့် စောင့်နေသည့် ကချင် တပ်တော် နှင့် PDF တပ်များ ပင် ဖြစ်သည်။

 

ထိုသို့ ရင်ဆိုင်ရဖို့ ရှိသော်လည်း စစ်တပ်အတွင်းရှိ တိုက်ခိုက်ရေးတပ်ရင်းအဆင့်များတွင် လူအင်အားမလုံလောက်မှု နာတာရှည် ရောဂါ သဖွယ် ဖြစ် ပေါ် နေခြင်း နှင့် အခြားတစ်ခုမှာ 'အရည်အသွေး' ပိုင်းဆိုင်ရာ ပြဿနာဖြစ်သည် - နယ်စပ်ဒေသများရှိ အနိမ့်စား ပြောက်ကျားစစ်ပွဲများ (Brush wars) ကိုသာ ဆယ်စုနှစ်ပေါင်းများစွာ အာရုံစိုက်ခဲ့သည့် စစ်တပ် တတပ် အနေဖြင့် အဆင့်မြင့်ပြီး ရှုပ်ထွေးသော စစ်လက်နက်ပေါင်းစုံ ပူးပေါင်းစစ်ဆင်ရေး (Combined-arms operations) များတွင် အတွေ့အကြုံ အားနည်းနေခြင်းပင် ဖြစ်သည်။

 

လူငယ် ကိုးသောင်းခန့် အတင်းစစ်ထဲခေါ်ထည့် ထားသော်လည်း ယခုအခါ တိုက်ပွဲ ဝင်နိုင်သည့် အရည်အတွက်သည် ၁၂၀,၀၀၀ ခန့်သာ ရှိနေဆဲ ဖြစ်သည်။

 

၎င်း အတင်းအကျပ် တိုက်ခိုင်း နေသောစစ်မြေပြင်မှ တပ်မှူးများအတွက် အလွန်အမင်းလိုအပ်နေသော အသက်ရှူချောင်မှု ရသွားခဲ့ပြီး စစ်ပွဲ၏ ပုံသဏ္ဌာန်ကို ပြောင်းလဲပစ်ရန် ရည်ရွယ်သည့် ထိုးစစ်ကြီးများကို ဆက်လက်ဆင်နွှဲနိုင်မည့် လူသားအရင်းအမြစ် — သို့မဟုတ် 'အမြောက်စာ' များ — ကို ရရှိစေခဲ့သည်။

 

သို့သော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် ထွက်‌ ပေါ်လာသည့် 'နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့' (Spring Revolution Alliance - SRA) နှင့် ရင်ဆိုင်ကြရဦးမည် ဖြစ်သည်။ တော်လှန်ရေး အဖွဲ့ ၁၉ ဖွဲ့ ပေါင်းထား‌ သော ထိုမဟာမိတ် အဖွဲ့သည် လက်တွေ့ကျသော အမြင်သစ်များ ပေါ်ပေါက်လာခြင်း၏ အထင်ရှားဆုံး သက်သေသာဓက လည်း ဖြစ်သည်။

 

၂၀၂၆ ခုနှစ်၏ စစ်မြေပြင်အခြေအနေကို အလှည့်အပြောင်းဖြစ်စေနိုင်သည့် နည်းဗျူဟာမြောက် အဖြစ် ဖိုင်ဘာအော့ပတစ် (Fiber-optic) စနစ်သုံး FPV ဒရုန်းနည်းပညာ များကို တော်လှန်ရေး အဖွဲ့များက တွင်ကျယ်စွာ အသုံးပြုလာကြဦးမည် ဖြစ်သည်။

 

ကီလိုမီတာ ၂၀ ခန့်မှနေ၍ အန္တရာယ် ကင်းစွာ နှင့် လောင်စာဆီ သိုလှောင်ရုံများ၊ ခဲယမ်းမီးကျောက် သိုလှောင်ရုံများနှင့် အခြားသော အဓိက စစ်ရေးအခြေခံအဆောက်အအုံများကို ထိုးနှက်တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

 

ယခုအခါ အမေရိကန် လွှတ်တော် အမတ်များလည်း မနေသာတော့ဘဲ မင်းအောင်လှိုင်၏ ရက်စက် ကြမ်းကြုပ်မှု များကို ဟန့်တားရေး သမ္မတ ၏ အထူး သံတမန် ခန့်အပ်ရန် အပါအဝင် လက်ရှိ အရေးယူ ပိတ်ဆို့ထားမှု များကို ၂၀၃၂ အထိ သက်တမ်းတိုးရန်၊ ထပ်၍လည်း အရေးယူရန် အစီအစဉ် များ ပါသည့် Brave Burma Act ကို အောက်လွှတ်တော်က ဖေဖေါ်ဝါရီ ၁၀ ရက်က အတည်ပြုလိုက်ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့က မရှုံးသေးသည်သာ ရှိမည်၊ မည်သို့မျှ မနိုင် နိုင်သော စစ်ပွဲကို မည်မျှ အထိ ပေ ပြီး တိုက်သွားမည်ကိုကား စောင့်ကြည့်ရမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!