စစ်အုပ်စု သည် ပြီးခဲ့သည့် သုံးလ အတွင်း ကောလင်း နှင့် ကန့်ဘလူ ဒေသများ တွင် စစ်စခန်းကြီး လေးခု လက်လွှတ် ဆုံးရှုံးရသည်အထိ အလဲထိုးခံလိုက် ရကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။
ပြည်သူ့ ကာကွယ်ရေး တပ်များနှင့် အာရက္ခ တပ်တော် တို့ ပူးတွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ဖက်မှ ပျုစောထီး များ အပါအဝင် ၉၆ ဦး သေဆုံးသွားပြီး ၃၈ ဦး ဒဏ်ရာရကာ ၁၀၁ ဦး ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ ခဲယမ်းမျိုးစုံ နှင့် လက်နက် ပေါင်း ၁၈၇ လက်ကို သိမ်းဆည်း နိုင်လိုက်သည်ဟု သိရသည်။
သတင်းများ အဆိုအရ နောက်ဆုံး ဖြစ်ပွားခဲ့သည့် ဖေဖေါ်ဝါရီ ၇ ရက် နှင့် ၈ ရက်နေ့များတွင် စစ်အုပ်စု ဖက်မှ အင်အား ၂၀၀ ခန့်ဖြင့် ကောလင်းမှ နေ၍ သရက်ကုန်း ရွာဖက်သို့ စစ်ကြောင်း ထိုးလာစဉ် ထိတွေ့ မှု ဖြစ်ခဲ့ရာမှ အ-လောင်း များ မြင်မကောင်းအောင် ပျံ့ကြဲ ကျန်ရစ်ကာ ထွက်ပြေးသွားကြရသည်ဟု သိရသည်။
ထို့မတိုင်မီ ဇန်နဝါရီ ၃၁ ရက်နေ့က ကန့်ဘလူ မြို့နယ် အတွင်း ရှိ ကိုးထောင်ဘို ရွာရှိ အင်အား ၁၀၀ ခန့် စစ်စခန်းအားလည်း ချေမှုန်းနိုင်ခဲ့ကြသည်။
ဒီဇင်ဘာ ၂၀ နှင့် ၂၁ ရက်များကလည်း ကန့်ဘလူ နယ် အတွင်းရှိ ပေကြီး နှင့် ငှက်ပျောတိုင် ရွာ အနီးရှိ စစ်စခန်း နှစ်ခု နှင့် ကျွန်းလှ မြို့ နယ် တိုင်းရွာ စစ်စခန်းအားလည်း သိမ်းယူနိုင်ခဲ့သည်။
PDF, AA တို့ နှင့် လက်တွဲ တိုက်ခိုက်လျက် ရှိသော ကေအိုင်အေ မှ ကောလင်း၊ ကန့်ဘလူ၊ ကသာ ဆိုသည့် က သုံးလုံး အား လွတ်မြောက်နယ်မြေ ဖြစ်အောင် ကြိုးပမ်းသွားမည်ဟု ထုတ်ဖေါ်ပြောဆိုထားပြီး လက်ရှိ ကသာ နယ်မြေ အတော်များများကို ထိန်းချုပ်ထားပြီး ဖြစ်နေသည်။ ကေအိုင်အေ သည် စစ်ကိုင်းတိုင်း အတွင်းတွင်လည်း စစ်ဌာနချုပ် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် မြစ်ကြီးနား လေဆိပ်ကို အသေခံ FPV ဒရုန်းများ နှင့် တိုက်ခိုက်ခဲ့၍ လေဆိပ်ကို ပိတ်ထားလိုက်ရပြီး၊ ဝိုင်းမော်ရှိ ခလရ ၅၈ တပ်ရင်းကိုလည်း ပိတ်ဆို့တိုက်ခိုက်လျက် ရှိရာ စခန်း နှင့် မီတာ ၁၀၀ ခန့်အထိ ချဉ်းကပ်လာပြီ ဖြစ်၍ စစ်ရေး အရှိန်တင်းမာလျက် ရှိသည်။
ထိုသို့ အရေးနိမ့်လာမှု များကြောင့် "အကြမ်းဖက်သမားများ" ကို လူထု အားဖြင့် နှိမ်နှင်းမည်ဟု မင်းအောင်လှိုင်မှ ဝါဒ ဖြန့် ကြွေးကြော်လာရသည့် အထိ ဖြစ်လာခဲ့သည်။
မင်းအောင်လှိုင် နှင့် အဖွဲ့ သည် ရွေးကောက်ပွဲ လုပ်ပြခဲ့သော်လည်း အခြေအနေများက မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်လာယုံမျှမက မည်သို့မျှ ထူးခြား တိုးတက်လာခြင်း မရှိသည့် အတွက် ဂမူးရှုးထိုး ဖြစ်လာပြီး အရှက်ပြေ ကြိမ်းဝါးလာခြင်းလည်း ဖြစ်သည်။
ရွေးကောက်ပွဲ ဖြင့် တရားဝင် အစိုးရ ဖွဲ့စည်းလာပြီ ဖြစ်၍ လူထု၏ ထောက်ခံမှု ရရှိတော့မည်၊ တော်လှန်ရေး အင်အားစု များ သည် လူထု အစိုးရကို ပုန်ကန်နေသည့် သူပုန်များ အဖြစ် ရှူမြင်ပြီး ဝိုင်းဝန်း ဆန့်ကျင်လာကြတော့မည်ဟူသော ရူးနှမ်းနှမ်း အတွေးအခေါ်မျိုးဖြင့် လုပ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် တဖက်တွင် မင်းအောင်လှိုင်သည် မည်သို့မျှ စစ်တပ်ကို လက်မလွှတ်ရဲ ဖြစ်လာပြန်၍ အတိုင်ပင်ခံ ကောင်စီ ဥက္ကဌ ရာထူးကို ဖန်တီး ယူလာရသည်အထိ ရုပ်ပျက်ဆင်းပျက် လုပ်လာခဲ့သည်။
ရွေးကောက်ပွဲအပြီး တင်မြှောက်လာမည့် အစိုးရသစ် ဆိုသည်ကလည်း မင်းအောင်လှိုင် ၏ လွှမ်းမိုးမှုအောက်တွင်သာ ရှိနေမည် ဆိုသည်က ထင်ရှားသွားပြီ ဖြစ်၍ အုပ်ချုပ်ရေးယန္တရား သည် ယခင်အတိုင်း ဆက်ရှိနေတော့မည် ဖြစ်သည်။ တော်လှန်ရေး အင်အားစုများဖက်က လူထု သဘောထား ယိမ်းယိုင်သွားမည်လား ဆိုသည့် စိုးရိမ်မကင်း ဖြစ်ခဲ့သည်များကို မင်းအောင်လှိုင်ကပင် ဖြေဖျောက်ပေးခဲ့ပြီ ဖြစ်သည်။
မင်းအောင်လှိုင် အဖို့ကား ပြည်တွင်းစစ်ကြီး ကို အနိုင်တိုက် နိုင်ရန် တနိုင်ငံလုံးရှိ လူငယ်လူရွယ် တသိန်းခန့်အား အတင်းအဓမ္မ စုဆောင်းပြီး သေတွင်း ပို့ခဲ့ပြီး ယခုအခါ အလိမ်အညာ ရွေးကောက်ပွဲမျိုး ဖြင့် ၂၀၁၀ ကဲ့သို့ အမည်ခံ အရပ်သား အစိုးရမျိုး တည်ထောင်ပြီး ထွက်ပေါက် ရှာဖို့ ဆိုသည်ကလည်း နောက်ဆုံး အချိန် ကပ်၍ ကြောက်စိတ် မွှန်လာကာ မတော်မတရား လုပ်လာမှု ကြောင့် ဒုံရင်းဘဝ ပြန်ရောက်သွားရသည်၊ နောက်တက်လာမည့် အစိုးရသည်လည်း စစ်တပ်၏ လက်ဝေခံသာသာ ဖြစ်၍ နိုင်ငံတကာကလည်း သံအမတ် ခန့်အပ်လွှာ ပေးဖို့လောက်က လွဲ၍ မည်သူမျှ တလေးတစား ဆက်ဆံကြတော့မည် မဟုတ်။
ရှေ့လျောက်လည်း တရုတ်၊ ရုရှား တို့ ထံမှ လက်နက်များကို နိုင်ငံဘဏ္ဍာများ ဒလဟော ထုတ်သုံးကာ ဝယ်ယူ နေရဦးမည် ဖြစ်သည့်အပြင် မိမိတို့အား အလိုရှိသလို ခိုင်းစေနိုင်မည့် ကျေးတော်မျိုး ကျွန်တော်မျိုး ကဲ့သို့ သဘောထားပါရန် ခယ ဝပ်တွားရင်း အသက်ဆက် ကြရပေဦးမည်။
မင်းအောင်လှိုင် အဖို့က အနိုင်မတိုက်နိင်သရွေ့ စနစ်တကျ နှင့် ခိုင်မာ တောင့်တင်းသည်ထက် တောင့်တင်းလာသော တော်လှန်ရေး အင်အားစု များ မွေးထုတ်ပေးသလို ဖြစ်လာနေသည့် အန္တရာယ်ကြီး ကို လွယ်ထားနေရပြီ ဖြစ်သည်
၎င်းအစိုးရိမ်ဆုံး ဖြစ်သည့် တော်လှန်ရေး အင်အားစုများဖက်က ၎င်းတို့ အချင်းချင်း ညီညွတ်မှု ရှိလာမည် ဆိုသည့် အရေးပင် ဖြစ်သည်။ ၎င်းတို့ဖက်က အစိုးရိမ်ဆုံး ဖြစ်နေစသည်များက မကြာမီ အကောင်အထည် ပေါ်လာတော့မည် အရေးကိုလည်း တွေ့လာနေရပြီ ဖြစ်သည်
ဂမူးရှူးထိုး နှင့် ပို၍ အကြမ်းဖက်လာလေ လေ အနည်းငယ်မျှ ကျန်ကောင်း ကျန်နိုင်သေးသည့် နိုင်ငံတကာ၏ စိတ်ရင်းစေတနာကောင်း residual goodwill ကို အပြီးအပိုင် ရိုက်ချိုးလိုက်ခြင်းသာ အဖတ်တင် သွားတော့မည် ဖြစ်သည်။ ၎င်းတို့အား ကဒါဖီ၊ ဆက်ဒမ် ဟူစိန် ကဲ့သို့ သော လူမိုက်များ၏ နောက်တိုး အဖွဲ့ဟု ရှု မြင်ကာ ရွေးကောက်ပွဲ အပြီး ဆက်ဆံလိုသူ အားလုံး နောက်တွန့်ကုန်ကြပေတော့မည်။
ထို့အတွက် ကမ္ဘာနိုင်ငံပေါင်း ၁၉၃ နိုင်ငံ အနက် ၅ နိုင်ငံလောက်သာ ဗြောင်ကျကျ ထောက်ခံနေသည့် အဆင့်မှ တက်လာနိုင်စရာ မရှိပေ၊ အမျိုးသား ညီညွတ်ရေး အစိုးရအား တရားဝင် အသိအမှတ် မပြုသေးသော်လည်း ဆက်ဆံနေသည့် နိုင်ငံများက ဒု နှင့် ဒေး ရှိနေပြီ ဖြစ်သည်။
ထရမ့်မှ ၎င်းတို့နှင့် ပြန်၍ ဆက်ဆံလာကောင်း လာနိုင်သည် ဆိုသော် မျှော်လင့်ချက်များကိုလည်း အမေရိကန် ဥပဒေပြု အမတ်များက တညီတညွတ်တည်း Brave Burma Act ဖြင့်ပိတ်ဆို့ အရေးယူမည့် ဥပဒေပြဋ္ဌာန်းကာ လက်ဦးမှု ယူ ရိုက်ချိုးလိုက်ပြန်သည်။
အီကော်နော်မစ် မဂ္ဓဇင်းကြီးကား မင်းအောင်လှိုင်သည် မည်မျှပင် ရက်စက် ကြမ်းကြုပ်သော နည်းလမ်း ဖြင့် နှိမ်နှင်းရန် ကြိုးပမ်းလာစေကာမူ နောက်ဆုံးတွင် မြန်မာပြည်တွင် ဒီမိုကရေစီ မလွဲမသွေ ဖြစ်ထွန်းလာလိမ့်မည်ဟု ဟောကိန်းထုတ် ရေးသားလာခဲ့သည်။ ၎င်းကြောင့် မြန်မာပြည်တွင် လွန်စွာ ပြင်းထန်သည့် ဒီမိုကရေစီ နှင့် လွတ်လပ်ခွင့်များ အတွက် မိမိတို့ အသက်ကိုပင် စွန့်လွှတ်ရန် ဝန်မလေးကြတော့သည့် တွန်းထိုး ရုန်းကန်မှုကြီး ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခုခေတ်သည် အကျင့်ပျက် ကိုယ်ကျိုးရှာ အာဏာရှင် တယောက် အဖြစ် ယခင်ကလို ရေရှည် ရပ်တည်သွားဖို့ အခြေအနေများ မပေးတော့ ဟု လည်း ပါရှိသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!