အာဆတ် ကျ ဆုံးခန်း

by Hla Soewai - Feb 16 2026

အဆိုပါ ခေါင်းစဉ် ဖြင့် The Atlantic မဂ္ဂဇင်းကြီးတွင် Robert F. Worth မှ ဆောင်းပါးရှည်ကြီး ရေးသားခဲ့သည်ကို သံဝေဂ ယူလိုက ယူ နိုင်အောင် အပိုင်း ၆ ပိုင်း ခွဲ၍ တင်ပြသွားပါမည်။

 

အာဏာရှင် များစွာ ရှိ ခဲ့သည့် အနက် အချို့သည် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတတ်ကြသည်။ အချို့က ၎င်းတို့၏ သားကောင် ဖြစ်ခဲ့ရသည့် လူအုပ်စုကြီး၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံရပြီး တံတွေးနှင့် ထွေး ခံရဖို့အတွက် အလောင်းကို လူမြင်ကွင်းတွင် ချိတ်ဆွဲခြင်း ခံရတတ်သည်။ အချို့ကတော့ အိပ်ယာထဲမှာပဲ အေးအေးလူလူ သေဆုံးသွားတတ်ကြသည်။

 

အာဏာရှင် သမိုင်းမှတ်တမ်းတွင် ဘာရှာလ် အယ်လ်-အာဆတ် သည်သာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေသစ်တစ်ခုကို ဖန်တီးသွားနိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ၎င်းသည် အာဏာရယူထားသည့် ရာစုနှစ်တခု၏ လေးပုံတစ်ပုံကာလအတွင်းမှာပင် နိုင်ငံသားများ ဖြစ်သည့် ဆီးရီးယားပြည်သူ ရာပေါင်းများစွာကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများကို ကြီးကြပ်ကွပ်ကဲခဲ့သူ ဖြစ်သည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ အရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များသည် ဒမတ်စကတ်မြို့နားအထိ နီးကပ်လာချိန်မှာပင် အာဆတ်သည် ၎င်း၏ လက်ထောက်များ၊ လက်အောက်ငယ်သား များအား "အောင်ပွဲက လက်တစ်ကမ်းမှာပဲ ရှိတော့တယ်" ဟု အားပေးနှစ်သိမ့် နေဆဲ ဖြစ်သည်။ ထို့နောက်တွင်တော့ မည်သူ့ကိုမျှ အသိမပေးဘဲ ညတွင်းချင်း ရုရှားဂျက်လေယာဉ်နှင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့တော့သည်။

 

ထိုညနေမှာပင် အာဆတ်သည် နန်းတော်ထဲမှာပင် ရှိနေပြီး သူ့ရဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများ" ကို ထမ်းဆောင်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ကို ကျွန်တော် မှတ်မိနေသည်။ ၎င်း၏ အရင်းနှီးဆုံး လက်ထောက်တချို့ပင် အလှည့်ဖျားခံလိုက်ရပြီး တော်လှန်ရေး ပြည်သူ့စစ်တပ်ဖွဲ့များ၏ အောင်ပွဲခံ သေနတ်ပစ်ဖောက်သံများ နှင့် ကောင်းကင်တစ်ခုလုံး လင်းထိန်လာနေချိန်တွင်တော့ ၎င်း၏ လက်ထောက်များသည် တတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် နိုင်ငံထဲမှ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ကြသည်။

 

အာဆတ်၏ လက်အောက်ငယ်သားများ က ၎င်းတို့ အပေါ် ထိုသို့ ရှက်ဖွယ်လိလိ သူရဲဘော ကြောင်စွာ သစ္စာဖောက်သွားလိမ့်မည်ဟု မည်သို့မျှ ထင်မထားသည့် အတွက် အစပိုင်းတွင် မယုံကြည် နိုင်‌ အောင် ဖြစ်‌ နေကြသည်။ နောက်ပိုင်း ငြင်းကွယ်လို့မရ ဖြစ်လာသည့် အခါတွင် တော့ လူထောင်ပေါင်းများစွာ၏ သစ္စာစောင့်သိခဲ့မှု များသည် ချက်ချင်းဆိုသလို ပြင်းထန်သည့် ဒေါသအဖြစ် ပြောင်းလဲသွားခဲ့သည်။ အတော်များများက ၎င်းတို့သည် အာဆတ်ကို အမြဲလို တိတ်တဆိတ် မုန်းတီး နေခဲ့ကြသည်ဟုပင် ကျိန်ဆိုပြောဆိုလာကြသည်။ ယခုလိုမျိုး အတိတ်ကို ပြန်လည်ပြင်ဆင်ပြောဆိုတတ်သည့် မှတ်ဉာဏ်နှင့် ပတ်သက်ပြီး အာရပ်စကားပုံ တစ်ခု ရှိသည်။ ယင်းသည် "နွားလဲရင် သားသတ်သမားတွေ များလာတတ်တယ်" ဆိုသည်ပင် ဖြစ်သည်။

 

သို့သော် အများစုကတော့ အမှန်တကယ်ပင် အသည်းထဲ အူထဲ က မုန်းတီးခဲ့ကြသူများ ဖြစ်သည်။ တိုင်းပြည်တွင် ကမောက်ကမ ဖြစ်ခဲ့သမျှ အားလုံး အတွက် ၎င်းတဦးတည်း တာဝန်ရှိသည်ဟု ယုံကြည်ထားကြသောကြောင့်လည်း ဖြစ်သည်။ ကဒါဖီ နှင့် ဆက်ဒမ် ဟူစိန် တို့ အပေါ် တမ်းတ သူများ ရှိနေဆဲ ဖြစ်သော်လည်း အာဆတ်ကိုတော့ ယုံကြည် အားကိုးသူ တဦးတယောက်မျှ မရှိတော့ဟု ဆိုသည်။

 

အာဆတ် အုပ်စိုးမှုယန္တရား ရုတ်ချည်းပြိုလဲသွားခြင်းကြောင့် ဆီရီယား သည် ရက်စက်ကြမ်းကြုတ်လှသည့် စစ်ပုလိပ် များ ကြီးစိုး‌ နေသည့် နိုင်ငံအဖြစ် အဆုံးသတ် သွားခဲ့သည်။ သို့သော် အခုအချိန်မှာတော့ မြို့တော်ဒမတ်စကတ်၏ ပြင်ပတွင် ဆီးရီးယား နိုင်ငံတော်ဆိုသည့် အုပ်ချုပ်ရေးယန္တရားသည် လက်တွေ့တွင် လုံးဝမရှိတော့သလောက်နီးပါး ဖြစ်သွားခဲ့သည်။

 

ခေါင်းဆောင်သစ်ဖြစ်လာသည့် အာမက် အယ်လ်-ရှာရာ သည် ဒေါ်နယ်ထရမ့် သာမက တခြားသော ကမ္ဘာ့ခေါင်းဆောင်များကို ဆွဲဆောင်စည်းရုံးရာတွင် ထူးထူးခြားခြား အစွမ်းပြနိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း ၎င်းသည် အစ္စလာမ်ဝါဒီတစ်ဦးဖြစ်ပြီး အာဏာစက်သည်လည်း ခိုင်မာမှုမရှိသေး ပေ။ ထို့အပြင် ဆီရီယားသည် နောက်ထပ် စစ်ပွဲတစ်ခု အချိန်မ‌ ရွေး ပြန်ဖြစ် နိုင် လောက်အောင် အန္တရာယ် များလှသည့် မတည်ငြိမ်မှုများ နှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

စီအိုင်အေ သာ မက မော့ဆက် အဖွဲ့ကြီးလည်း အာဆတ် ထိုမျှ လျင်မြန်စွာ ကျဆုံးသွားလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ နောက်ပိုင်းတွင် တော့ အကြောင်းရင်းကို သိလာကြသည်။

 

အာဆတ်ကို ပံ့ပိုးနေကြသော ရုရှားသည် ယူကရိန်း နှင့် ၎င်း၊ အီရန်သည် အစ္စရေး နှင့် ၎င်း ဖြစ်ပွားနေသော ပဋိပက္ခထဲ တွင် နစ်မွန်းသည်ထက် နစ်မွန်းလာနေသောကြောင့် ၎င်းအား ကာကွယ် ပေးနိုင်စွမ်း မရှိကြတော့၊ ထိုကဲ့သို့ ရုရှား နှင့် အီရန်မှ ရုတ်တရက် ဆုတ်ခွာသွားမှု သည် နှစ်ပေါင်းများစွာကြာအောင် လူမြင်ကွင်းမှ ဖုံးကွယ်ထားခဲ့သည့် အချက်တစ်ခုကို ဗူးပေါ်သလို ပေါ်သွားစေခဲ့သည်၊ ဤသည်က အားအင်ကုန်ခမ်းပြီး၊ အကျင့်ပျက်ခြစားကာ လစာငွေ ကောင်းကောင်း မရသည့် စစ်တပ်တတပ်၏ ကြောက်မက်ဖွယ်ရာ အားနည်းချက်ပင် ဖြစ်သည်။

 

၂၀၂၁ ခုနှစ် အတွင်း ပြိုလဲသွားခဲ့သည့် အမေရိကန် ကျောထောက်နောက်ခံပြု အာဖဂန်နစ္စတန် အစိုးရ ကဲ့သို့ပင်၊ အာဆတ် မင်းဆက်သည်လည်း ပိုမိုကျယ်ပြန့်သည့် ပထဝီနိုင်ငံရေး အပြောင်းအလဲများ၏ သားကောင် ဖြစ်သွားခဲ့ရသည်။ ၎င်း အနေဖြင့် မည်သို့မျှ ရှောင်လွှဲလို့မရနိုင်သည့် အခြေအနေမျိုးဟု ထင်မြင်စရာ ဖြစ်နေသည်။

 

သို့သော် ပြီးခဲ့တဲ့နှစ်အတွင်း ဒမတ်စကတ် ရှိ နန်းတော်ထဲတွင် နေထိုင်ခဲ့ကြသည့် အခြွေအရံများ၊ အရာရှိ ဒါဇင်ပေါင်းများစွာနှင့် ကျွန်တော် စကားပြောကြည့်ခဲ့ရာ တွင် တော့ တစ်မျိုးတစ်ဖုံ သိလာခဲ့ရသည်။ အများစုက အာဆတ်သည် တိုင်းရေးပြည်ရေးနှင့် ကင်းကွာနေပြီး ကာမဂုဏ် နင့် ဗီဒီယိုဂိမ်း များကိုသာ စွဲလမ်းနေသူတစ်ဦးဖြစ်ကြောင်း၊ အကယ်၍သာ အာဆတ်သည် အလွန်အမင်း ခေါင်းမာပြီး မာနကြီး မနေခဲ့ဘူးဆိုက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မည်သည့် အချိန်မှာ မဆို ၎င်း၏ အုပ်ချုပ်ရေးယန္တရားကို ကယ်တင်နိုင်ခဲ့မှာ ဖြစ်ကြောင်း ပြောပြခဲ့ကြသည်။

 

ထို အတိုင်းဆိုက အာဆတ် အစိုးရပြိုလဲသွားခြင်းသည် ပထဝီနိုင်ငံရေးကြောင့် မဟုတ်ဟု ဆိုရမည် ဖြစ်သည်။ ဒေသတွင်း နိုင်ငံများထဲက မည်သည့် နိုင်ငံကမှ အာဆတ် ပြုတ်ကျသွားမည်ကို မလိုလားခဲ့ကြသလို၊ နိုင်ငံအတော်များများကလည်း ၎င်း အသက်ဆက်နိုင်ဖို့ ကူညီကယ်တင် နိုင်မည့် လမ်းစများ ကမ်းလှမ်းခဲ့ကြသည်။ အကယ်၍သာ အာဆတ်သည် ထိုသို့သော ကမ်းလှမ်းချက်များကို လက်ခံခဲ့မည်ဆိုရလျှင် ၎င်းသည် ယခု ထိ နန်းတော်ထဲတွင် ဆက် ထိုင်နေနိုင်မည် မှာ အသေအချာပင် ဖြစ်သည်။ နောက်ဆုံးရက်များတွင်ပင် နိုင်ငံခြားရေးဝန်ကြီးများက ဖုန်းဆက်ပြီး သဘောတူညီချက်တွေ လုပ်ဖို့ ကမ်းလှမ်းခဲ့ကြသေးသည်။ သို့သော် အာဆတ်ဖက်က မတုန့်ပြန်ခဲ့။ ၎င်း အာဏာစွန့်လွှတ် ရနိုင်သည်ဆို သော အကြံပြုချက်တွေအပေါ် ဒေါသထွက်နေခဲ့ပုံရသည်။

 

နောက်ဆုံး‌တွင်တော့ အာဆတ်အပေါ် နာကျည်းသွားကြသည့် ၎င်း၏ နောက်လိုက်အမာခံများ ပြောသည်က မှန်ကောင်းမှန်နိုင်သည်။ ဖြစ်ရပ်အားလုံးသည် အာဆတ်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်သာ သက်ဆိုင်နေသည်။

 

အာဏာရှင်အားလုံးသည် ၎င်းတို့ကိုယ် ၎င်းတို့ ဘယ်တော့မှ မရှုံးနိမ့်နိုင်ဘူးလို့ ထင်မှတ်ထားတတ်ကြသည်၊ အာဆတ် အဖို့က ဒီလို မှားယွင်းသည့် ယုံကြည်မှုမျိုး ရှိနေရသည့် အကြောင်းရင်း တစ်ခုလည်း ရှိနေပြန်သည်။ ထို အကြောင်းရင်းသည်က ၎င်းသည် သေလု မျောပါး အခြေအနေတစ်ခုမှ အရင်က တစ်ကြိမ် လွတ်မြောက်ခဲ့ဖူးခြင်းကြောင့်ပင် ဖြစ်သည်။

 

၂၀၁၁ တွင် အာရပ်နွေဦး တော်လှန်ရေးလှိုင်းလုံးကြီးသည် ဆီးရီးယားနိုင်ငံဆီ ရောက်ရှိလာပြီး ပြည်တွင်းစစ်မီးအဖြစ် အရှိန်အဟုန်နဲ့ တောက်လောင်လာခဲ့သည်။ နိုင်ငံသား အများအပြားသည် ၎င်းကို ဆန့်ကျင်ဖို့ လက်နက်စွဲကိုင်ခဲ့ကြ၍ အာဆတ် အသက်ဆက်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သူ အလွန်နည်းပါးခဲ့သည်။ 

 

၂၀၁၂ အရောက်တွင် ဘာရက် အိုဘားမားက "အပြောင်းအလဲရဲ့ အင်အားစုတွေကို နောက်ပြန်လှည့်လို့ မရနိုင်ဘူးဆိုတာ အာဆတ်အစိုးရ မကြာခင် သိရှိသွားလိမ့်မယ်ဆိုတာ ကျွန်တော် မသံသယဖြစ်မိပါဘူး" လို့ ကြေညာခဲ့သည်။ အိုဘားမားက မည်မျှအထိ ယုံကြည်မှုလွန်ကဲခဲ့သလဲ ဆိုက ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးဌာနအား ဆီးရီးယား နိုင်ငံသစ်အတွက် အသင့်ဖြစ်နေစေရန် "Day After Project" နောက်တစ်နေ့ စီမံကိန်း ဟု ဆိုကာ ရန်ပုံငွေ ထောက်ပံ့ကူညီရန် ညွှန်ကြားခဲ့သည်။ The New York Times က ကျွန်တော့်၏ အယ်ဒီတာများကလည်း အာဆတ်မင်းဆက်၏ နာရေးသတင်းကို ကြိုတင်ရေးသားထားဖို့ နားပူ နားဆာ တောင်းဆိုလာခဲ့ကြသည်။

 

အကယ်၍သာ ဗလာဒီမာ ပူတင် ဆိုသူသာ မမျှော်လင့်ဘဲ ကယ်တင်ရှင်အဖြစ် ရောက်ရှိမလာခဲ့က၊ ထိုနာရေးသတင်းသည် ၂၀၁၅ ခုနှစ်လောက်ကတည်းက ပုံနှိပ်ထုတ်ဝေပြီးသား ဖြစ်နေလောက်ပြီ။ ထိုနှစ် စက်တင်ဘာလမှာ စတင်ခဲ့သည့် ရုရှား၏ ကြားဝင်စွက်ဖက်မှုသည် အာဆတ်အတွက် အရာအားလုံးကို ပြောင်းလဲပေးခဲ့သည်။ ရုရှား၏ ဆူခွိုင်း နှင့် တူပိုလက်ဗ် ဂျက်လေယာဉ်များ၏ ပြင်းထန်လှသည့် လေကြောင်းတိုက်ခိုက်မှုများသည် အီရန်၏ ရှီယိုက် ပြည်သူ့စစ်များနှင့် ဟန်ချက်ညီညီ ပူးပေါင်း နိုင်ခဲ့သည့် အတွက် တိုက်ပွဲအရှိန်အဟုန်ကို တမဟုတ်ချင်း ပြောင်းလဲစေခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့သည်။ 

 

ထိုသို့ ဖြစ်လာသည့် အခါတွင်တော့ တစ်ချိန်က အကြမ်းမဖက် ဆန္ဒပြသူများ ဦးဆောင်ခဲ့သည့် ဆီးရီးယား အတိုက်အခံအင်အားစုများသည် အစ္စလာမ်ဝါဒီများ၏ လက်အောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းတို့ အချင်းချင်းလည်း အစိတ်စိတ်အမွှာမွှာ ကွဲပြားနေပြီး အစွမ်းအစ မရှိကြသလို၊ ISIS လို့ လူသိများသည့် အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့၏ ရုပ်သံများထဲတွင် မြင်တွေ့လာရသည့် ရက်စက်ကြမ်းကြုတ်မှု များနှင့်လည်း အလွယ်တကူပင် ရောထွေး သတ်မှတ်ခြင်း ခံခဲ့ရသည်။