ငါတို့ အရှင်ကြီး ကိုယ်လုံးတီး

by Hla Soewai - Feb 09 2026

မင်းအောင်လှိုင်သည် အဘယ် ကြောင့် ဗိုလ်‌ နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့် တို့ပင် စိတ်ကူးထဲ ပင် ထည့် မစဉ်းစား ကြသည့် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ဘွဲ့ကြီး ချီးမြှင့် ခံရဖို့ ကြံစည် ခဲ့သနည်း ဆိုသည်က စဉ်းစားစရာ ဖြစ်လာသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီ ဥက္ကဌ ဆိုသည့် သမ္မတ အထက် ရာထူး ဖြင့် တိုင်းပြည်ကို အလုံးစုံ ထိန်းချုပ် ရတော့မည် ဖြစ်သည်။ သို့သော် ထိုရာထူးသာ ယူရသည်၊ ၎င်းအဖို့က ပြီးခဲ့သည့် ရွေးကောက်ပွဲ တွင်လည်း ရွေးချယ် တင်မြှောက်ခံထားရသူ မဟုတ်၍၊ ပြည်သူများက အပ်နှင်းထားသော အုပ်ချုပ်ပိုင်ခွင့် အာဏာ မရှိ ဖြစ်နေသည်။ မည်သို့‌ သော အရည်အချင်း များ ရှိနေ၍ အတိုင်ပင်ခံ ကောင်စီ ဥက္ကဌ ကိုယ့်ဖာသာ ကိုယ် ပြန် ခန့် အပ် နေရသနည်း၊ ထို့အတွက် ကြား အဖွဲ့အစည်း တခုကနိုင်ငံရေး အရ အသိအမှတ် ပြုခံရဖို့ လိုအပ်လာသည်။

 

ထိုသို့ ဖြစ်လာဖို့ကလည်း အလုပ် နှင့် သက်သေ ပြဖို့က မည်သို့မျှ မဖြစ်နိုင်မှန်း သိနေသည်။ အတ္တစွဲ အားကြီးသော စိတ္တဗေဒ သတ္တဝါ ဖြစ်သည့် လူ ဆို‌ သော မျိုးနွယ်စုထဲတွင် ထိပ်ဆုံးက နေရာ ယူထားသော မင်းအောင်လှိုင် သည် ဖြတ်လမ်း တခု ရှာဖို့ လိုလာ၍ ဉာဏ်နီဉာဏ်နက် ထုတ်လာရသည်။ အထူးသဖြင့် တရုတ် ခေါင်းဆောင်ပိုင်းက၎င်းအား သုံးစားမရသူဟု ယူဆနေသည်ကို ရိပ်စားမိ၍ တန်ပြန် ချေဖျက်လိုနေသည်။

 

ထိုဖြတ်လမ်းသည်က ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ပါရဂူ ဘွဲ့ ဆိုသည်ကို ကြားခံ အဖွဲ့အစည်း တခုကို ချီးမြှင့် ခိုင်းခြင်းပင် ဖြစ်သည်။ 

 

ထိုအခါတွင် ပညာရှိ ကဝိ အကျော်အမော်ကြီးများ စုဝေးရာဟု အများက လက်ခံထားသည်ဟု သူ ယူဆသော ရန်ကုန် တက္ကသိုလ် ကြီးကို မျက်စိထဲ မြင်လာသည်။

 

ထိုကဲ့သို့ နိုင်ငံ၏ ထိတ်တန်း အကျော်အမော်၊ ပညာတတ်ကြီးများက ပင် ၎င်းအား ပြည်သူ့ ရေးရာ စီမံခန့်ခွဲ မှု ပါရဂူ ကြီးဟု သတ်မှတ်လိုက်ပြီး တော်လှပါသည်၊ တတ်လှပါသည် ဟု ဝေဝေဆာဆာ ချီးမွမ်း ပြောဆိုလာကြမည်ဆိုက ၎င်းအား သုံးစားမရဟု ဝေဖန် ပြောဆိုနေသူများ မြောင်းထဲ ရောက်ကုန် တော့မည် မဟုတ်ပါလား။ မည်သူကကော ၎င်းတို့ ဆိုရှယ် မီဒီယာ များ တွင် အပနာမ ဝေဖန် ပြောဆိုနေမှု များကို တက္ကသိုလ် ပညာတတ် ပါ‌ မောက္ခ ကြီးများ စကား လောက် အလေးထားကြဦးမည်လော။

 

‌‌ဤသည်က သူ၏ ကလေးကလား နိုင်လှသောအတွေးများ ဖြစ်နိုင်သည်။

 

ရန်ကုန်တက္ကသိုလ် ရှိ ပညာတတ် အကျော် အမော် ကြီး များကလည်း လူသေ ကောင် ကို ဖုတ်သွင်းသည့် အတတ်ပညာကို ကျွမ်းကျင် ပုံ ရှိသည့် အားလျှော်စွာ ပြီးခဲ့သည့် ငါးနှစ်အတွင်း တိုင်းပြည်ကို အဆုံးအစ မရှိသော အသူရာ ချောက်ကြီး ထဲသို့ ဆွဲ ခေါ်ချခဲ့သည့် အဓိက တရားခံ ဖြစ်နေသူအား တိုင်းပြည်ကို ကသောင်းကနင်း ဖြစ်အောင် ဖန်တီးလာချိန်တွင် မှန်ကန်စွာ ပဲ့ကိုင် ထိန်းကျောင်း နိုင်ခဲ့သူ၊ စီးပွားရေး ပိတ်ဆို့ခံထားရသော်လည်း ဦးမော့အောင် လုပ်နိုင်ခဲ့ သူ၊ ရွေးကောက်ပွဲ ကိုလည်း အောင်မြင်စွာ လုပ်ပေးနိုင်ခဲ့သူ အစရှိသည် တို့ ကို ကြံဖန် ပြောဆိုသွားယုံမက၊ ထိုသို့ ဖြစ်လာအောင် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ပေးခဲ့ခြင်း ဖြစ် ပြီး၊ များပြားလှသည့် တာဝန်များကြားမှပင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ခဲ့သည်များ ပါမကျန် ထည့်သွင်း ပြောခဲ့ကြရသည်။

 

သို့သော်လည်း ၎င်းကြောင့် နိုင်ငံတွင်းရှိ လူပေါင်း ၃.၆ သန်း ခန့် အိုးအိမ်မဲ့ ဖြစ်နေရမှုများ၊ လူဦးရေ၏ သုံးပုံတပုံ ခန့် ငတ်မွတ် ခေါင်းပါးလုနီး ဖြစ်နေသည်များ၊ နိုင်ငံ အလယ်ပိုင်း၊ ရခိုင် နှင့် ကရင်နီ ဒေသများ ရှိ စာသင်ကျောင်းများကို ဗုံးခိုကျင်းများ အဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည့် စွမ်းဆောင်မှု များ၊ တိုင်းပြည် အတွက် အနစ်နာခံ နေကြရရှာသည် ဆိုကာ နိုင်ငံ၏ အသီးအပွင့်များ နှင့် အကျိုးအမြတ်ကို တော့း ၎င်းတို့ အုပ်စုတစုတည်းကသာ အုပ်စား ယူငင်နေကြသည်များကိုတော့ ချန်လှပ်ထားခဲ့သည်။

 

မြန်မာ လွတ်လပ်‌ ရေး တိုက်ပွဲ နှင့် အာဏာရှင် ဆန့်ကျင်‌ ရေး ရုန်းကန်လှုပ်ရှားမှု များ၏ နှလုံးသည်းပွတ် ပမာ ဖြစ်ခဲ့ရသော ရန်ကုန် တက္ကသိုလ် ကြီးသည် ၎င်းတို့ ကျောင်းတိုက်ကြီးမှ ဘွဲ့တခုပင် မရရှာ၊ တနှစ်ခန့်သာ ခြေချ ခဲ့ဖူးသည့် အာဏာရှင်တဦးအား ထိုကဲ့သို့ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ ပေးအပ်ခဲ့ခြင်း အပေါ် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများ၊ ပညာရှင်များနှင့် ပြည်သူလူထုက သမိုင်း အစဉ်အလာ ကြီးမားခဲ့သည့် တက္ကသိုလ်ကြီးအတွက် အရှက်ရသိက္ခာကျစေသည့် လုပ်ရပ်အဖြစ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

 

မျက်မမြင်တဦးက အခြားသော မျက်မမြင် များကို ရှေ့ဆောင် လမ်းပြ နေသည့် အဖြစ်မျိုး နှင့် ကြုံရပေတော့မည်။

 

အလျင်းသင့်၍ "ပြည့်ရှင်မင်းကြီး က ကိုယ်လုံးတီးကြီး” Emperor has no clothes ဟူသော အီဒီယမ် ပေါ်ပေါက်လာပုံ ၁၈၃၇ ခုနှစ်က ဒိန်းမတ် လူမျိုး Hans Christian Anderson ရေးသားခဲ့သည့် ပုံပြင် ကို အကြောင်းပြု၍ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

 

ရှေးအခါက တိုင်းပြည်တပြည်တွင် အဝတ်အစား အသစ်အဆန်းများကို အလွန် ခုံမင် နှစ်သက်စွာ ဝတ်တတ် သည့် ဘုရင်ကြီး တပါး က စိုးစံ အုပ်ချုပ်နေသည်။ ကောင်းပေ့ညွန့်ပေ ဆန်းသစ်ပေ့ ဆိုသည့် အဝတ်အစားများ အတွက် ငွေမည်မျှ အကုန်ခံရ ခံရ လုံးဝမမှုသူ ဖြစ်ပြီး ထိုအဝတ်အစားသစ်များ ရလာတိုင်း ဗိုလ်ရှုခံ ပြုလုပ်ပြီး တိုင်းသူပြည်သားများ မလာမနေရ အမိန့်ထုတ်ကာ ကြွားဝါလေ့ရှိသည်။

 

တနေ့တွင် ထိုအကြောင်းကို ကြားလာသည့် အခြား တိုင်းပြည်မှ လူလိမ်နှစ်ဦးက ဘုရင်ကြီး နေထိုင်ရာ ရွှေမြို့ တော်သို့ ရောက်ရှိလာပြီး သူတို့သည် ရက်ကန်း သမားများ ဖြစ်ကြောင်း၊ "အလွန်လှပတဲ့ အထည်တွေကို ရက်လုပ်နိုင်ကြောင်း၊ ဒါပေမဲ့ အဲဒီအထည်ကို မိုက်မဲတဲ့သူတွေနဲ့ မိမိရာထူးနဲ့ မထိုက်တန်တဲ့သူတွေကသာ မမြင်နိုင်ဘဲ၊ ပညာရှိသူတွေသာ မြင်နိုင်တယ်" ဆိုသော မုသားစကား ပြောပြီး ဘုရင်ကို ချဉ်းကပ်ခဲ့ကြသည်။

 

ဘုရင်ကြီးက “ ငါကိုယ်တော် အလိုရှိနေတဲ့ ရက်ကန်းသမားများ ပေပဲ၊ သူတို့ ချုပ်ပေးတဲ့ အဝတ်အစားကို ဝတ်လိုက်ရုံနဲ့ ဘယ်သူဟာ ရာထူးဌာန္တရ နဲ့ မထိုက်တန်သူ ဆိုတာ လည်း သိခွင့်ရပေမည်၊ မည်သူသည် ပညာရှိ၊ မည်သူသည် ရူးသွပ်နေသူများ ဖြစ်သည်ကိုလည်း ခွဲခြား သိမြင် နိုင်စွမ်း ရှိပေဦးမည်” ဆိုကာ အဝတ်စများ နှင့် ငွေအသပြာများ ကို လူလိမ်များ တောင်းသလောက် ထုတ်ပေးလိုက်သည်။

 

လူလိမ်နှစ်ဦးလည်း ရက်ကန်းစက် နှစ်လုံး ထောင်ကာ အဝတ်အစားများကို ချုပ်နေလေဟန် ဟန်ဆောင်ကြ တော့သည်။ ဘုရင်ကြီး ဆီမှ ရလာသော ကောင်းပေ့ညွန့်ပေ ဆိုသည့် ပိုးထည်စများ၊ ရွှေချည် ငွေချည်များ သည်လည်း သူတို့ နှင့် အတူ ပါလာသော အိတ်များထဲ ရောက်ကုန်ကြတော့သည်။

 

ဘုရင်ကြီးသည် ချုပ်လုပ်နေဆဲ အဝတ်စများကို သွားကြည့်ချင်လှသော်လည်း မမြင်ရ က ခက်ပေတော့မည် ဆိုကာ မူးမတ်များကို စေလွှတ်၍ ကြည့်ခိုင်းလိုက်သည်။ ဤသို့ဖြင့် ဘုရင်ကြီး အတွက် ချုပ်နေသော အဝတ် သည် မည်သို့ စွမ်းပကား ရှိသည်ကို တမြို့လုံးသို့ သတင်းပျံ့နှံ့သွားတော့သည်။ အားလုံးကလည်း သူတို့ အိမ်နီး နားချင်း များထဲမှ မည်သူသည် အသိဉာဏ်နည်းပါးသူ ဖြစ်သည်ကို ဗိုလ်ရှုခံ ပွဲတွင် သိခွင့်ရပေတော့မည် ဆိုကာ စိတ်အား တက်ကြွလာကြသည်။

 

ဘုရင်ကြီး စေလွှတ်၍ ရောက်လာသော သက်တော်ရှည် အမတ်ကြီးလည်း ရက်ကန်းရုံသို့ ရောက်လာရာ ရက်ကန်းပေါ်တွင် ဘာဆို ဘာမျှ မမြင်ရ၍ ငယ်ထိပ်မြွေပေါက်သလို ဖြစ်သွားပေတော့သည်။ ရက်ကန်း သမားအား ထုတ် ပြရန် တောင်းတောင်းပန်ပန် ပြောရာတွင် ရက္ကန်းစင်တွင် ရှိသည်ဟု ဆိုပြန်သဖြင့် မျက်လုံးကို ပွတ်သပ်ကြည့်သော်လည်း အဝတ်စနှင့် တူသည်အရာ ဟူ၍ ဘာဆို ဘာမျှ မတွေ့ရ ဖြစ်နေသည်။

 

စိတ်ထဲတွင်လည်း ဘာမှ မတွေ့ဟု ပြောပါက ရက်ကန်းသမားများ မှတဆင့် ငါသည် ရာထူးနှင့် မထိုက်တန်သူ ဟု ဘုရင့်နား ပေါက်ကြားပေတော့မည် ဆိုသည်ကို တွေးနေမိသည်။

 

“အမတ်ကြီး ဘုရား ကျွန်တော်မျိုးတို့ ချုပ်တဲ့ လက်ရာလေး ကောင်းမကောင်း ပြောတော်မူပါ”

 

“အိုး..ကောင်းမှကောင်း၊ အကောင်းလွန်နေပါပကောလား” ဟု ပြန်ပြောလိုက်သည်။ လူလိမ်များကလည်း မည်သို့မည်ပုံ ဒီဇိုင်းထုတ်ကာ အကောင်းဆုံး ပိတ်စများ နှင့် ချုပ်ထားပုံကို ပါးစပ်ထဲ တွေ့ရာ ပြောနေပြန်သည်။

 

သက်တော်ရှည် အမတ်ကြီးလည်း လူလိမ်များ ပြောသည့်အတိုင်း ဘုရင်ကြီး ပြန်သံတော်ဦး တင်ပြီး သူ့မျက်စိနှင့် တပ်အပ် မြင်ခဲ့ရကြောင်း လျှောက်တင်လေသည်။

 

ဤသို့ဖြင့် ဘုရင်ကြီး အတွက် ချုပ်လုပ်နေသော အဝတ်သည် မည်မျှ ခမ်းနားကြောင်း တမြို့လုံးသို့ သတင်းပျံ့နှံ သွားတော့သည်။

 

ဗိုလ်ရှုခံ ပွဲချိန် ရောက်လာသောအခါ လူလိမ်နှစ်ဦးသည် အဝတ်အစားကို လက်က ကိုင်ကာ သယ်မလာဟန်ပြု၍ ဘုရင်ကြီးထံ ရောက်လာခဲ့သည်။

 

ဘုရင်ကြီးလည်း လူလိမ်နှစ်ဦး သယ်မလာသည့် အဝတ်အစားကို မမြင်ရဘဲ လက်ချည်းသက်သက်သာ တွေ့ လိုက်ရသဖြင့် ထိတ်လန့် တုန်လှုပ်သွားပြီး မမြင်ဟု ဆိုလျှင် မိမိသည် တိုင်းပြည် အုပ်ချုပ်ရန် မသင့်တော်ဟု ပြည်သူပြည်သားများက ကဲ့ရဲ့ပြစ်တင်ကြတော့မည်ဟု တွေးမိပြီး “လှလိုက်တာကွယ်၊ ငါကိုယ်တော် အားရ တော်မူတယ်” ဟု ပြောလိုက်သည်။ ဘုရင်ကြီး နောက်လိုက် နောက်ပါများကလည်း ဘုရင်ကြီး အတိုင်းပင် ဝိုင်းဝန်းချီးမွမ်းကြပေတော့သည်။

 

ထို့နောက် လူလိမ်များက ဘုရင်ကြီး အား အဝတ်သစ်ကို ဆင်မြန်းရန် အင်္ကျီ အဝတ်အစားများ ချွတ်ခိုင်းပြီး ကူညီ ဝတ်ဆင်ပေးဟန် ပြင်လာကြသည်။ ဘာမှ မရှိသည့် နေရာကို လက်ဟု ပြောပြီး လက်နှင့်ထိုးခိုင်း၊ ပုဆိုးဟု ဆိုကာ ဝတ်ခိုင်း၊ ခါးပတ်တော်ဟု ဆိုကာ ခါးကို ပတ်လေဟန်ပြ လုပ်ကုန်ကြသည်။ ထို့နောက် ပြီးပြီဆိုကာ မှန်ကြည့်ခိုင်းရာ ဘုရင်ကြီးလည်း ကိုယ်လုံးတီးနှင့်ပင် ခေါင်းတငြိမ့်ငြိမ့် လုပ်နေရရှာသည်။

 

ထို့နောက် ဗိုလ်ရှုခံ ပွဲသို့ ထွက်လာရာ လမ်းတလျှောက်တွင် ဘုရင်ကြီး၏ အဝတ်အစားသစ်ကို ကြည့်ရန် အလု အယက် တိုးဝှေ့ စောင့်ဆိုင်းနေကြသော တိုင်းသူပြည်သားများ နှင့် လမ်းတဖက် တချက် ပြည့်နှက်နေပေသည်။ ဘုရင်ကြီး၏ နောက်ပါခြွေရံများကလည်း ဝတ်ရုံကြီး နှင့် မြေကြီး မထိစေရန် နောက်က ကိုင်မ လိုက်လာဟန် ပြုကြပြန်သည်။

 

စောင့်ကြည့်နေသူများကလည်း ၎င်းတို့ မမြင်ရသည့် အကြောင်း အချင်းချင်း သိကုန်ကြမည် စိုး၍ ဝိုင်းဝန်း ချီးမွမ်းကုန်ကြတော့သည်။

 

သို့သော် ထိုအထဲမှ ကလေးငယ်တဦးသည် “ပြည့်ရှင်မင်းကြီး က ကိုယ်လုံးတီးကြီး” ဟု အော်ဟစ်လိုက်သံ ထွက်လာသည်။

 

Emperor has no clothes သည် အမှန်တရားကို ထုတ်ဖေါ်ပြောဆိုရဲခြင်း မရှိပဲ အာဏာရှိသူ တို့၏ လုပ်သမျှသည် မှန်ကန်မှု မရှိမှန်း သိသော်လည်း မိမိတို့ အကျိုးအတွက် မျက်စိစုံမှိတ်ကာ ထောက်ခံနေသည့် အဖြစ်ကို ပြောဆိုရာတွင် ထိုစကားရပ်ဖြင့် ခိုင်းနှိုင်း သုံးနှုံးလာကြခြင်း ဖြစ်၍ ရန်ကုန် တက္ကသိုလ် ရှိ ပါမောက္ခ ဆိုသူများကို ပြေးမြင်မိ၍ ၂၀၂၂ က တင်ခဲ့သော ပို့စ်ကို ပြန်လည် တင်ပြလိုက်ရခြင်း ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!