ယိုသူ မရှက် မြင်သူရှက်

by Hla Soewai - Feb 09 2026

မင်းအောင်လှိုင်သည် သားသမီးများ၏ အကျိုးစီးပွားကို မဖြစ်မနေ ကာကွယ်မှ ဖြစ်မည် ဆိုကာ ၎င်းအား မည်သူမျှ မထိ မတို့ နိုင်သော အနေအထားမျိုး တွင် ဆက်ရှိနေ မှ ဖြစ်မည် ဆိုပြီး နည်းမျိုးစုံ ဖြင့် ကြံစည်နေရာမှ ယခု အခါ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ ဆိုသည့် စာမျက်နှာ နှစ်မျက် နှာ ခန့်သာ ရှိသည့် စာရွက်လေး တရွက် ကို လက်မှတ်ထိုးထုတ်ပြန်လာခဲ့သည်။

 

ပြည်ပ သတင်းဌာန များက ဆူပါ ဘော်ဒီ ဟု အမည် တပ်လာကြပြီး သမ္မတ မှ အဆိုပါ အဖွဲ့၏ ဥက္ကဌ ကို ခန့်အပ် ရမည်၊ အဆိုပါ အဖွဲ့၏ လုပ်ငန်း တာဝန်များကို သမ္မတ က သတ်မှတ်ပေးပြီး၊ သမ္မတ ရုံးကပဲ စီစဉ် ပေးမည် ဆိုပြန်သည်။

 

 အစိုးရသစ်ကို တရားဝင် ဦးဆောင်ခြင်းမပြုဘဲ ဩဇာအာဏာ ဆက်လက်ထိန်းထားနိုင်မည့် တိုင်ပင်ဆွေးနွေးရေး အဖွဲ့အစည်းအသစ် တစ်ရပ်ကို ဖွဲ့စည်းခွင့်ပြုသည့် ဥပဒေ ဖြစ်နေသည်။

 

ကောင်စီသည် နိုင်ငံ လုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းများကို ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

 

သို့သော် မင်းအောင်လှိုင် အတွက် ပြဿနာ ဖြစ်လာရသည်က သမ္မတ လုပ်မည် ဆိုလျင် ၎င်းတို့ ဘုရားဟော ကျမ်းစာ အလား ကိုး ကွယ် နေသည့် စာအုပ်စိမ်း ကြီး အရ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို စွန့်လွှတ်ရတော့မည် ဖြစ်သည်။

 

စစ်တပ်ကို အပြည့် အဝ ထိန်းချုပ် ထားနိုင်စွမ်း ရှိသည်က ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နေ၍ အာဏာ ကို ကြိမ်းသေပေါက် ဆုပ်ကိုင်ထားနိုင်မည့် ရာထူး မျိုး မင်းအောင်လှိုင် စွန့်လွတ်ရဲမည် လော၊ မစွန့်လွှတ် ရဲပါက မင်းအောင်လှိုင်သည်သာ Super body ၏ ဥက္ကဌ ဖြစ်လာပေတော့မည်။

 

ထိုသို့ မရည်ရွယ်ဟု ဆိုက ထို ကောင်စီ ကို ဖွဲ့စည်း လာစရာ အကြောင်းမရှိပေ။ အပိုသက်သက် သာ ဖြစ်နေသည်။

 

၎င်းတို့ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးပြီး လုပ်သည့် ရွေးကောက်ပွဲ ရလဒ်ကိုပင် စိတ်မချ နိုင် ဖြစ်လာနေရသည့် အဖြစ်က လွန်စွာမှ သံဝေဂ ယူစရာပင် ဖြစ်သည်။

 

၎င်း ပျောက်ကွယ်နေမှုသည်လည်း ရွေးကောက်ပွဲ အတု လုပ်၍ ထွက်ပေါ်လာသော ရလဒ် အတိုင်း အာဏာ များ အပြီးသတ် ခွဲဝေ နေရ၍ ဖြစ်မည်။ တရုတ် ကိုလည်း နှစ်ပေါက်တပေါက် ရိုက်နိုင်သွားပြီ ဖြစ်သည်။

 

ရွေးကော်မှ ယခု ကြံ့ဖွတ် အား သောင်ပြိုကမ်းပြို အနိုင်ရသွားသည့် ပါတီ အဖြစ် တရားဝင် ကြေညာသည့် နေ့မှာပင် ထိုကောင်စီ ကို ဖွဲ့စည်း ကြောင်း ဥပဒေ ဆိုကာ ထုတ်ပြန်လာခြင်း ဖြစ်သည်။ ကြံ့ဖွတ်များသည် သမ္မတ ရာထူး ယူမည် ဆိုသည့် စကားပင် မဟ ရဲရှာ ဘဲ ကျားသနားမှ နွားချမ်းသာ ဘဝ ဖြစ်နေရရှာသည်ကလည်း လွန်စွာမှ သနားဖို့ပင် ကောင်းနေရသည်။

 

ရွေးကော်မှ ကြံ့ဖွတ်သည် လွှတ်တော် နှစ်ရပ်ပေါင်း ၅၈၆ နေရာတွင် ၃၃၉ နေရာ အနိုင်ရရှိသည်ဟု ဆိုလာသည့် အတွက် စစ်တပ်မှ ထည့်သွင်းမည့် ၁၆၆ နေရာ နှင့် ပေါင်းလျင် ၅၀၅ နေရာ ရရှိပြီး လွှတ်တော်၏ ၈၆ ရာနှုန်း အုပ်စီးမိနေပြီ ဖြစ်သည်။

 

လူထု အဖို့က တော့ ၎င်းတို့ ကြောက် ကြောက် နှင့် မဲပေးခဲ့သည့် ရွေးကောက်ပွဲ သည် မင်းအောင်လှိုင်၏ hijack လုပ်ခြင်းခံလိုက်ရပြီ ဖြစ်သည်။ ၎င်းနှင့် အတူ စိုးဝင်း နှင့် အမာခံ သစ္စာရှိသူများ ပါလာပေတော့မည်။

 

စစ်ဗိုလ်ချုပ် ယောက်ျားရင့်မာကြီးများ ဖြစ်ပါလျက် အာဏာ ဆုပ်ကိုင်ထားနိုင်ရန် လူထု ကို ကလိန်ကကျစ် လုပ်ကာ နည်းမျိုးစုံ ဖြင့် လှည့်စားနေကြသည် အဖြစ်က ယိုသူ မရှက် မြင်သူ ယှက် ဟု သာ ဆိုရပေတော့မည် သာ ဖြစ်သည်။

 

ဝေခွဲမရ ဖြစ်နေသည်က ဥက္ကဌ သည် လက်ရှိရှိနေသော အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့် မည်သို့ချိတ်ဆက်ဆောင်ရွက်မည်ဆိုသည့် အသေးစိတ်အချက်အလက်များကို မသိရသေးပဲ ဖြစ်နေသည်။

 

လုပ်ပိုင်ခွင့် မည်မျှ အထိ ရှိလာမည် ဆိုသည်ကို သိရမှသာ သမ္မတ သည် ခင်ရီလော၊ မင်းအောင်လှိုင် လော ဆိုသည့် မည်သူက ကျားလဲ၊ မည်သူက နွားလည်း ဆိုသည်က ကွဲကွဲပြားပြား သိလာနိုင်မည် ဖြစ်သည်။ 

 

မည်သို့ပင် ဖြစ်စေ ၎င်းတို့ အာဏာ ဆက်၍ ဆုပ်ကိုင် ပြီး သွေးစုပ်နိုင်ခွင့် ရနေသရွေ့ တိုင်းပြည်၏ အနာဂတ်သည် မည်သို့မျှ ကောင်းလာနိုင်ဖွယ် မရှိပေ။

 

လူအများစုသည် မိမိတို့ ရှင်သန်ရမည့် ဘဝ၊ မွေးမြူသင့်သည့် စိတ်နေစိတ်ထားနှင့် ကိုယ်ရည်ကိုယ်သွေးများအား လက်ရှိ အချိန်အခါ'နှင့် အဖြစ်အပျက် တို့၏ ပုံသွင်းခံရမှု မည်မျှအထိ ရှိနေသည်ဆိုသည်ကို အပြည့်အဝ သတိထားမိကြ မှသာ မိမိတို့ လိုလားသည့် အနာဂတ်ကို ပုံဖေါ်နိုင်ကြမည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!