သူ ပြန်ပေါ်လာပြီ

by Hla Soewai - Feb 09 2026

ယခု အခါ ရုရှား လုံခြုံ‌ ရေး ကောင်စီ အကြီးအကဲ ဆာဂေး ရွှိုင်ဂူ နှင့် မင်းအောင်လှိုင် တို့ လက်ဆွဲ နှုတ်ဆက်နေကြပုံ နှင့် အတူ ရုရှား နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက် ရေး ငါးနှစ် သဘောတူညီချက် လက်မှတ်ရေး ထိုး ကြောင်း သတင်း ထုတ်ပြန်လာခဲ့သည်။

 

မင်းအောင်လှိုင်သည် မကြုံစဖူး အောင် ခုနှစ်ရက်တိတိ ပျောက်ဆုံး နေမှု နှင့် ဆာဂေး ရွှ်ိုင်ဂူ သည် ၎င်း ကာကွယ်ရေး ဝန်ကြီး ဖြစ်စဉ် ၂၀၁၃, ၂၀၁၈ နှင့် ၂၀၂၂ ဇန်နဝါရီ ၂၁-၂၂ ၊ ၂၀၂၄ ‌နိုဝင်ဘာ အပါအဝင် လေးကြိမ်တိုင် လာရောက်ခဲ့ဖူးသည် သုံးသပ်ကြည့်မည် ဆိုက အဆိုပါ မြန်မာ အလင်း သတင်းစာပါ ဓါတ်ပုံ ကို မယုံတဝက် ယုံတဝက် ဖြစ်နေပြီး စောင့်ကြည်နေ ကြ လိမ့်မည်သာ ဖြစ်သည်။

 

အကယ်၍ ထိုဓါတ်ပုံသည်သာ doctored photo မဟုတ်ဘဲ အမှန် ဖြစ်သည် ဆိုက မင်းဖြစ်အံ့ဆဲဆဲ အခါသမာယ ဆိုကာ ယတြာချေခြင်းသာ ဖြစ်မည်ကား သေချာနေပေသည်။

 

ပြဿနာက ထိုသို့ ယတြာ အစီ အမံ များ နှင့် အုပ်ချုပ်နေသူ များကို ရုရှားက ယုံယုံကြည်ကြည် နှင့် စစ်ရေး ရော သံတမန်ရေးအရပါ ကူညီမည်ဟု လုပ်လာခြင်းကလည်း အံ့ဩစရာ ပင် ဖြစ်သည်။

 

ရွိုင်ဂူ က ရုရှား သတင်းဌာန Tass နှင့် အင်တာဗျူးတွင် အနောက်အုပ်စုမှ မြန်မာ ခေါင်း ဆောင်ပိုင်းကို ပြောင်းပြစ်ရန် ရည်ရွယ်နေပြီး စစ်ရေး နည်းပြများ စေလွှတ်နေသည်ဟု စွပ်စွဲ သွားခဲ့သည်၊ ဤသည်က အခြေအမြစ် မရှိ ပြောဆိုခြင်းလော၊ သို့မဟုတ်က ၎င်းတို့၏ ထောက်လှန်းရေး အစီရင်ခံစာများကို အခြေခံသည်လော ဆိုသည်ကား ဝေခွဲရ ခက်နေသည်။

 

၎င်းတို့က မြန်မာ ပြည်သူများ၏ အကျိုး အတွက် ဟု ကျယ်ကျယ်လောင်လောင် ဟစ်ကြွေး နေကြသော်လည်း တကယ်တမ်းတွင် တရုတ်၏ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ကို ပိတ်ဆို့ ဟန့်တား နိုင်ရန် ဆိုသည့် မဟာဗျူဟာ ကို ကျင့်သုံးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

 

အမေရိကန်သည် စစ်အုပ်စု၏ ရွေးကောက်ပွဲ ဆိုသည်အား တလုံးတပါဒ မျှ ဝေဖန် ရှုတ်ချခြင်း မရှိသည်မှာလည်း ထိုမဟာဗျူဟာ၏ တစိတ်တပိုင်း အဖြစ် ထည့်သွင်းထားပုံ ရသည်ဟု မိမိ ယူဆမိသည်၊ သို့သော် စစ်အုပ်စုသည် ရာသက်ပန် သမ္မတ ဖြစ်သည့် ရှီကျင့်ဖျင် အစား လေးနှစ်တကြိမ် ပြောင်းနေသော အမေရိကန် အစိုးရကို မည်သို့များ ယုံစား၍ ရပေမည်နည်း ဆိုသည့် အရေးက ရှိနေပေသည်။

 

ရွှိုင်ဂူ က စစ်အုပ်စု၏ ရွေးကောက်ပွဲ သည် "ပွင့်လင်း မြင်သာမှု ရှိပြီး ဖွဲ့စည်းပုံ မူ ဘောင်ထဲက လုပ်ခဲ့ခြင်း ဖြစ်သည်" ဟု ပြောဆိုကာ ပူတင်၏ ချီးကြူးဂုဏ်ပြုလွှာပင် ချီးမြှင့် သွားခဲ့ပြန်သည်။

 

ရပ်ကွက်ထဲက ကလေး တယောက်ပင် သိနားလည် နိုင်သည့် အကြောင်း ဖြစ်ပါလျက် မိမိတို့ မသိဘူး၊ မမြင်ဘူး၊ မကြားဘူး ဟု မျက်စိမှိတ်၊ နား ပိတ် ပြောဆိုနေကြသူများ ဖြစ်သည်။

 

အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို ဟစ်တလာက ဩစတီယား၊ ချက်ကိုစလိုဗက်ကီယား ကို သိမ်းယူသလိုမျိုး လိမ်ညာ အကြောင်းပြ ကာ ဝင်ရောက် ကျူးကျော်ခဲ့ကြသူများ ပါးစပ်မှ ထိုသို့ စကားမျိုး ထွက်လာသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

ယခု အခါ စစ်အုပ်စုနှင့် ကြံ့ခိုင်ရေး အကြား အာဏာလွန်ဆွဲပွဲ ဖြစ်လာပုံရသည်။ ခင်ရီအား ရာထူးတနေရာ သတ်မှတ် ပေးပြီး ချွေးသိပ်နိုင်စေရန် ရည်ရွယ်ပုံရပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေကို ယနေ့ ပြဋ္ဌာန်းလိုက်ကြောင်း မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။ ယင်းကောင်စီကို နိုင်ငံတော်သမ္မတက သင့်လျော်သည့်ပုဂ္ဂိုလ်များဖြင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်ငါးဦးထက်မနည်း ပါဝင်ဖွဲ့စည်းရမည်ဟု ပါရှိပြီး ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား သမ္မတက ခန့်အပ်ပေးရမည်၊ လုပ်ငန်း တာဝန်များကိုလည်း သမ္မတ ကပင် သတ်မှတ်‌ ပေးရမည်ဟု ဆိုထားသည်။ လုပ်ငန်း ကိစ္စ အဝဝ ကို သမ္မတ ရုံးက စီစဉ် ဆောင်ရွက်ရမည်ဟု ပါရှိသည်။

 

ကြံ့ဖွတ် လွှတ်တော်ကိုလည်း မတ်လ တတိယ ပတ်တွင် ပြုလုပ်မည်ဟု ဆိုသည်။ မေးစရာ ရှိနေသည်က ထိုလွှတ်တော်ထဲသို့ စစ်တပ်မှ ၂၅ ရာနှုန်း ထုတ်နှုတ် ထည့်ဖို့ အင်အားရှိပါမည်လော ဆိုသည်ပင် ဖြစ်သည်။

 

လက်ရှိတွင် နိုင်ငံတကာက ရွေးကောက်ပွဲ အလွန် အခြေအနေများကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြပြီ ဖြစ်သည်၊ တော်လှန်ရေး အင်အားစုများ ခြေကုန်လက်ပမ်း ကျလာနေပြီ ဖြစ်၍ ငြိမ်းချမ်းရေး ခြေလှမ်းစဖို့ စစ်အုပ်စု နှင့် ဆက်ဆံဖို့ အချိန်ကောင်းဟု အချို့က တွက်ဆကောင်း တွက်ဆလာနိုင်သည့် အနေအထား ရှိလာနေသည်ကို သတိထားရတော့မည် ဖြစ်သည်။ စစ်ရေး အနေအထားသည်လည်း ဆက်တိုက် ဆိုသလို ဖြစ်မလာဘဲ ရပ်လိုက်၊ နားလိုက်၊ တိုက်လိုက် နှင့် ဖြစ်နေသည်။

 

အာဆီယံ သည်လည်း မြန်မာ စစ်ဗိုလ်ချုပ် များသည် အာဏာကို ဆုပ်ကိုင်ထားဖို့ အကြမ်းဖက် သည်က လွဲ၍ ဘာမှ မလုပ်တတ်၊ မကိုင်တတ် ဖြစ်ကာ ၎င်းတို့ အာဏာ မြဲနေသည်ကို သဘောကျနေကြသော အင်အားကြီး နိုင်ငံများ ၏ ဩဇာခံ ဘဝ ရောက်လာနေသည့် အဖြစ်ကို ကြည့်ပြီး စိုးရိမ်တကြီး ဖြစ်လာနေသည်။

 

အာဆီယံ အဖွဲ့ဝင် အသစ် ဖြစ်လာသော တီမော လက်စလေး ၏ အကြီးတန်း ရှေ့နေချုပ်သည် ချင်း လူ့အခွင့်အရေး အဖွဲ့က စစ်အုပ်စု ၏ ရာဇဝတ်မှု များကို နယ်မြေမခြား တရားစီရင်ပိုင်ခွင့် Universal Jurisdiction ပိုင်ခွင့် ဖြင့် ရုံးတင် စစ်ဆေးပေးရန် တင်သွင်းလာသော သက်သေ အထောက်အထားများကို စတင် စီစစ်နေပြီဟုလည်း သိရသည်။

 

စစ်အုပ်စု သည် နိုင်ငံ ဖွံ့ဖြိုးတိုးတက် တည်ငြိမ်လာရေးကို ၎င်းတို့ အာဏာ တည်မြဲရေး နှင့် ပြောင်းပြန် အချိုးကျသည်ဟု ယူဆထားကြပြီး ဖြစ်သည်ကို တီမော မှ ကောင်းစွာ သိရှိနားလည် ထားပြီး ဖြစ်၍ မြန်မာပြည်၏ အနာဂတ် အတွက် ၎င်းတို့ကို မဖြစ်မနေ ဖယ်ရှား နိုင်မှ ဖြစ်တော့မည်ဟု ခံယူထားသော တခုတည်းသော နိုင်ငံလည်း ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!