ဂူအောင်း ၍ မြေကသိုဏ်း ရှုနေပြီလော

by Hla Soewai - Feb 09 2026

ရုရှား လုံခြုံရေး ကောင်စီ အကြီးအကဲ ဆာဂေး ရွှိုင်ဂူ သည် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ နေပြည်ဝောာ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ၎င်းသည် မင်းအောင်လှိုင် နှင့် ‌တွေ့ဆုံဖို့ ရှိနေ၍ တကယ်တမ်း တွေ့ဆုံဖြစ် မဖြစ် ကို အားလုံးက စောင့်ကြည့်နေကြပြီ ဖြစ်သည်။

 

ယခု အချိန်အထိတော့ မင်းအောင်လှိုင် နှင့် တွေ့ဆုံသည့် သတင်း ထွက်မလာသေးပေ။ စာချုပ်များကို တင်အောင်ဆန်းက ထိုးသည် ဆိုသည်ဟုသာ သိရသည်။ အကယ်၍ ဘွားကနဲ ကိုယ်ထင်ပြလာပြီ ‌ဆိုက ခုနှစ်ရက်တိတိ ဂူအောင်း ဝဇီပိတ် ယတြာ ချေနေခြင်းသာ ဖြစ်ပေလိမ့်မည်။

 

ရုရှားသည် စစ်အေး တိုက်ပွဲ ကာလ အတွင်း မှာပင် မြန်မာ အပေါ် စိတ်ဝင်တစား မရှိလှသော်လည်း အစောင့်အရှောက်ခံ နိုင်ငံ အဖြစ် ရပ်တည် ပါရစေ ဟု ဒူးထောက်တောင်းဆိုလာပါက ရံဖန်ရံခါ အဆင့်မြင် ကိုယ်စားလှယ် အဖွဲ့စေလွှတ်ပေးခြင်း ဖြင့် ထိန်းထားမည်သာ ဖြစ်သည်။

 

ထိုခရီးစဉ် အတွင်း ရုရှား တို့ လိုအပ်နေသော ၁၂၀ မမ အမြှောက်ကျည်များ ထုတ်လုပ်ရေး ‌‌ဆွေးနွေးကြမည်ဟု ယူဆရသည်။ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံများ (ကပစ) သည် ရုရှားနည်းပညာကို အခြေခံထားသည့် ခဲယမ်းမီးကျောက် အမြောက်အမြားကို ထုတ်လုပ်နိုင်စွမ်းရှိ‌ နေသည်။

 

ရုရှားအတွက် ရေရှည်ဝင်ငွေ ရနေသော တိုက်လေယာဉ်များ ရောင်းချ ရေး၊ အပိုပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများလည်း ဆွေးနွေးဖို့ ရှိနိုင်သည်။

 

ရုရှား၊ တရုတ် တို့ မှ ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း အတွက် စစ်အုပ်စုသည် မိမိတို့ကို လက်လွှတ်မခံနိုင် ဖြစ်နေမှန်း သိ၍လည်း ရွေးကောက်ပွဲ တွင် စစ်အုပ်စု သည် ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရရေးအတွက် ရွေးကောက်ပွဲ ဥပဒေများနှင့် မဲပေးခြင်းနည်းစနစ်များ အသေအချာ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

 

သို့သော် ၎င်းတို့၏ မဟာမိတ်ကြီး ဖြစ်သော အီရန်အား ထရမ့် မှ ရေတပ်ကြီး နှင့် ဝိုင်းရံခံနေရချိန်တွင် နှစ်နိုင်ငံစလုံးက အီရန် နှင့် အတူ ရပ်တည်သွားမည်ဟု လက်သီးလက်မောင်း တန်းမလာကြသည်ကို သတိမူသင့်ပေသည်။

 

နောက်လ တွင် စစ်ဗိုလ်ချုပ်များ ယူနီဖောင်း ချွတ်ကာ ဝင်ထိုင်ကြမည့် လွှတ်တော်ထဲ တွင် တော့ အေးမောင်၊ ကိုကိုကြီး၊ စန္ဒာမင်း၊ သက်သက်ခိုင် တို့ကိုတော့ ‌တွေ့ကြရမည် ကား မဟုတ်ပေ။

 

စစ်တပ်နှင့် စစ်တပ်ပါတီသာလျှင် အာဏာချုပ်ကိုင်မည့် စစ်ကျွန်ဇာတ်သွင်းသော ရွေးကောက်ပွဲမှန်းသိသိနှင့် စစ်တပ်နှင့်ပူးပေါင်းခဲ့ကြသူများ အဖို့ လွှတ်တော်ထဲတွင်ပင် ဝင်ထိုင်ခွင့် မရကြတော့ဘဲ ခွက်ခွက်လန်အောင် အရေးနိမ့်သွားခဲ့ရသည်။ စစ်တပ်နှင့် သဟဇာတဖြစ် အောင် ပေါင်းသင်း ဆက်ဆံနိုင်မှ နိုင်ငံရေးလုပ်ခွင့်ရမည့် လူ့ဂုဏ်သိက္ခာအမဲ့ဆုံး၊ ဒီမိုကရေစီ စံတန်ဖိုးအမဲ့ဆုံး နိုင်ငံရေး အခင်အကျင်းကို စစ်တပ်နှင့်ပေါင်းပြီး ပုံဖော်ခဲ့ကြခြင်းသာ ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် စံတန်ဖိုးမဲ့ နိုင်ငံရေးသမားများဘဝ သက်ဆင်းခဲ့ရပြီ ဖြစ်သည်ဟု မြန်မာနောင်းက ရေးသားလာခဲ့သည်။

 

ဒီတကြိမ်လည်း ကြံခိုင်ရေး ပါတီ၏ မဲလိမ် မဲခိုးခြင်း ခံရပါသည် အသံထွက် ဝန့်ကြပါ၏ လောဟု လည်း မေးခွန်းထုတ်ထားသည်။

 

၎င်းတို့ကို အဘယ်ကြောင့် ပြည်သူများက ၎င်းတို့ကို ထောက်ခံမဲပေး မရွေးချယ်ခဲ့ကြသနည်းဟု ကိုယ့်ဖာသာ ပြန်မေးခွန်းထုတ်ကြဖို့သာ ရှိသည်။

 

ပြည်သူ့နှလုံး မသိမ်းကျုံးနိုင်ခဲ့၍ နိုင်ငံရေး ဘဝ နိဂုံးချုပ်သွားခဲ့ရ သည့် အဖြစ်ကို အထင်အရှား တွေ့မြင်နိုင်ပေသည်ဟု ရေးသားထားသည်။

 

အထူးသဖြင့် ကိုကိုကြီးသည် အိမ် ပေါက်ဝ မှ ဆီးကြိုပြီး "အဖေကြီး နိုင်လား" ဟု မေးခွန်းထုတ်လာကြမည့် ၎င်း၏ ဇနီး နှင့် သမီး ကို ဘယ်လိုမျက်နှာထား နှင့် အဘယ်သို့များ ပြောမည်နည်း ဆိုသည်ကိုတော့ သိချင်မိသည်။

 

စစ်အုပ်စု သည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူထု အား စနိုက်ပါနှင့် နဖူးတည့်တည့် ကို ပစ်ခြင်း၊ လက်နက်ကြီးများ သုံး၍ ဖြိုခွင်းခြင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံများကို တမင်တကာ ရည်ရွယ်၍ ဗုံးကြဲ တိုက်ခိုက်ခြင်းများ လုပ်ခဲ့သော၊ လုပ်နေဆဲ ဖြစ်သော စစ်အုပ်စု သည် တိုင်းပြည်ကို အဘယ်သို့များ ရေရှည် ဆက်၍ အုပ်ချုပ် သွားနိုင် မည်နည်း ဆိုသည်က စိတ်ဝင်စားစရာ ကောင်းနေသည်။

 

၎င်းတို့ အဖို့က မက်ကီယာ ဗယ်လီ၏ မင်းသားကျမ်း ပါ အတိုင်း မိမိ အုပ်ချုပ်ခံရသူများ၏ ချစ်ခင်မှုကို ရရှိရန်ထက် မိမိကို ကြောက်ရွံ့နေစေရန် ပြုလုပ်ခြင်းက အာဏာမြဲဖို့ ပို၍ စိတ်ချရသည်ဟု ယူဆနေကြသည်။ သို့သော် တဖက်တွင် ပြန်၍ ထိန်းထားဖို့ လိုသည်ဟု မီးမောင်းထိုးပြသွားသည့် အချက်ကိုတော့ ၎င်းတို့ မည်သို့မျှ လိုက်နာ၍ မရ ဖြစ်နေသည်။

 

မက်ကီယာ ဗယ်လီက အုပ်ချုပ်ခံရသူများက "ကြောက်ရွံ့ခြင်း" သည် လူတို့ကို ငြိမ်သက်စေသော်လည်း မုန်းတီး ခံရသည် အထိ မဖြစ်အောင် ရှောင်ကျဉ်ရမည်၊ "မုန်းတီးသွားခြင်းသည် လူများ ကို ရဲရင့်သွားစေပြီး အာဏာရှင်ကို ဖြုတ်ချရန် ဝန်မလေး ကြတော့၊ မိမိ၏ အာဏာ သည်လည်း မည်သို့မျှ ခိုင်မြဲတော့မည် မဟုတ် ဟု ဆိုထားသည်။

 

လူထု ကို လိုက်လျောပါက မိမိတို့ အားနည်းသွားမည်ဟု လှေနံဓါးထစ် မှတ်ယူထားကြသူများ အဖို့ ၎င်းတို့၏ လားရာ ကား မဝေးလှတော့ပေ။

 

၎င်းတို့ ဖန်တီးထား‌ သော စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခများ ကြောင့် စီးပွားရေးပြိုလဲမှု သည် လှိုက်စားလာနေပြီး ယခင်က အလွယ်တကူ ဝယ်ယူရရှိနိုင်သော နိုင်ငံတကာ အမှတ်တံဆိပ် Coca-Cola ၊ ကြောင်စာ နှင့် အမျိုးသမီးသုံး ပစ္စည်းများ ပင် စူပါမားကတ် စင်များ ပေါ်မှ ပျောက်ဆုံး သို့မဟုတ် ဈေးနှုန်း အဆမတန် မြင့်တက်နေပြီဟု ဝါရှင်တန် ပို့စ် သတင်းစာကထောက်ပြ ထားသည်။ ၎င်းသည် လူလတ်တန်းစားများနှင့် သာမန်ပြည်သူများ၏ နေ့စဉ်ဘဝ မည်မျှ ခက်ခဲလာသည်ကို ပြသနေသည်ဟု ဆိုသည်။

 

ကုလသမဂ္ဂ၏ တွက်ချက်ထားမှု အရ ငါးနှစ် အတွင်း တိုင်းပြည် စီးပွားရေးသည် ဒေါ်လာ ၁၀၀ ဘီလီယံ အခန့် ဆုံးရှူံးသွားခဲ့ရပြီး ၂၀၂၀ မတိုင်မီ ကာလ အနေအထားသို့ ပြန်ရောက်ရန် နှစ်ပေါင်း အတန်ငြာ ထိ စောင့်ရလိမ့် မည် သိရသည်။

 

လေ့လာသုံးသပ်သူ များ အားလုံးကမူ ၎င်းတို့၏ ငါးနှစ်တာ ရီပို့ကပ် တွင် ဆိုးသည်ထက် ဆိုးလာနေပြီဟု ကြက်‌ခြေခတ်ခဲ့ကြပြီ ဖြစ်သည်။

 

တဖက်တွင်လည်း ငါးနှစ်သား ရောက်လာပြီ ဖြစ်သော် ပြည်သူတော်လှန်ရေး သည် ကိုယ်လက်အင်္ဂါ တောင့်တင်း ခိုင်မာ သန်စွမ်းလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!