မင်းအောင်လှိုင် သည် ယခု အခါ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ပါရဂူကြီး ဖြစ်သွားခဲ့ လေပြီ။၎င်း အား အဆိုပါ ပါရဂူ ဘွဲ့ကို တက္ကသိုလ် မှ ပါမောက္ခ ပညာရှင်ကြီး မှ ဆွေးနွေး ဆုံးဖြတ် ပေးအပ်ခြင်း မဟုတ်ဘဲ ၎င်း ခန့်ထား သော ပညာ ရေး ဝန်ကြီး ချောချောစိန် မှ ပေး အပ် ခဲ့ခြင်း ဖြစ်သည်။
ချောချောစိန် မှ ၎င်း၏ စွမ်းဆောင်ရည်များကို တသီကြီး မမောနိုင် မပမ်းနိုင် ဖတ်ကြားပြခဲ့ပြန်သည်ဟု သိရပြန်သည်။
ဤသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်လို အောက်စဖို့စ် တက္ကသိုလ်ကြီး မှ ဂုဏ်ထူးဆောင် ဘွဲ့ မရရှာသော်ငြားလည်း ချောချောစိန် ပေးသည့် ဘွဲ့ကိုတော့ ရသွားခဲ့ပြီ ဖြစ်သည်။
ဤသည်ကလည်း ၎င်းတို့ နည်းမျိုးစုံ ဖြင့် သတင်းလွှင့် ခြိမ်းခြောက်ကာ မဲရုံထဲ မောင်းသွင်းခဲ့သော လူထု ကျေနပ်စေရန် အချင်းချင်း ဇာတ်တိုက်ပြီး ဟဒယ ရွှင်ဆေး တိုက်ကျွေး ပြီး ပျော်တော်ဆက်ခဲ့ခြင်းပေလော။
ပြီးခဲ့သည့် ခုနှစ်ရက်ကလည်း လူမြင်ကွင်း မှ အပျောက်ခံပြီး လူထု စိတ်ချမ်းသာသွားအောင် လုပ်ပေးခဲ့ပြီး ဖြစ်သည်။
သို့ဆိုက ၎င်းတို့၏ လုပ်ရပ်သည် လူထု ကို အမှန်တကယ် အကျိုးရှိစေခဲ့သည်ဟု ဆိုရမည်သာ ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော ပြည်သူ့ စီမံခန့်ခွဲမှု ပါရဂူ ဘွဲ့ရ သွားပြီ ဆိုသည့် သတင်းကြောင့် လ္ဘက်ရည် ဆိုင်ထဲ၊ တက္ကဆီ ကားများ ပေါ်တွင် ကြားရသူ အပေါင်းဝါးလုံးကွဲ ရယ်မောကုန်ကြမည်ကား ဧကန်မုချ ပင် ဖြစ်သည်။
အချို့ကတော့ ငါတို့ ခေါင်းဆောင်ကြီးသည် ထိုမျှလောက် ပေါကြောင်ကြောင် မနိုင်လောက်ဟု သံသယ ဝင်ကောင်း ဝင်နိုင်ပေသည်။
ရွေးကောက်ပွဲ လေ့လာရန် မြန်မာ ပြည်တွင်းသို့ ရှားရှားပါးပါး ဝင်ခွင့် ရခဲ့ကြသော နိုင်ငံခြား သတင်း ထောက် များကမူ ၎င်းတို့ မြင်တွေ့ ခဲ့ရသည် များ ကြောင့် မင်းအောင်လှိုင်သည် အဘယ်သို့များ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ပါရဂူ ကြီး ဖြစ်သွားရပါလိမ့်ဟု ဆိုကာ ခေါင်းတကုတ်ကုတ် နှင့် စဉ်းစားခန်း ဝင်နေကြပေရောမည့်။
ထိုအထဲတွင် ဝါရှင်တန် ပို့စ် သတင်းထောက်သည်လည်း ထိပ်ဆုံးက ပါဝင်နေမည်သာ ဖြစ်သည်။
၎င်းတွေ့လာခဲ့ရသည်က ကိုကာကိုလာ ကုမ္ပဏီကြီးသည် ၎င်းတို့၏ ဖေါ်မြူလာ အတွက် လိုအပ်သည်များ ပြည်ပ မှ တင်သွင်းခွင့် မရ ဖြစ်နေမှု၊ KFC ဆိုင်များသည် sauce များကိုပင် ပလပ်စတစ် အိပ်လေးများဖြင့် ထုတ်ထားသော ပြည်တွင်းဖြစ် sauce အထုတ်ကလေးများအား ဝယ်ယူသူများ ကို ပေးနေရသည့် အဖြစ် များကို ဝါရှင်တန် ပို့စ် သတင်းစာကြီး တွင် ရေးသားထားသည်။
၎င်းက ဆက်လက် ရေးသားရာတွင် လက်သည်းဖျက်ဆေး၊ မျက်ကပ်မှန်ဆေးရည်၊ ကြောင်စာ ၊ အမျိုးသမီးသုံး ပစ္စည်းများ ရရှိဖို့ တစ်ခုတည်းသောနည်းလမ်းသည်ကား ပြင်ပမှ ရောက်လာသူများ ကတစ်ဆင့် ခိုးသွင်းသလိုမျိုး မှာယူတင်သွင်း နေရသည်ဟု ပြောဆို နေကြသည်။ ယခင် တဆေး တစ်ပေါင်ကို မြန်မာကျပ်ငွေ ၂,၀၀၀ (ဒေါ်လာ ၁ ဒေါ်လာနီးပါး) သာ ကျသင့်ပေမဲ့ အခုအခါ မှောင်ခိုဈေးကွက်တွင် ၁၀ ဆလောက်အထိ ဈေးတက်သွားသည်ဟု ကုန်ခြောက်သည်တစ်ဦးက ပြောသည်။
ငွေကြေး ဖောင်းပွ နှုန်းသည်လည်း ၂၀ မှ ၄၀ ရာနှုန်း အကြား အတက်အကျ ရှိနေသည်။
ရန်ကုန် သည် နိုင်ငံအတွင်း ခံစားနေရသည့်အဆိုးရွားဆုံး ဒုက္ခများကနေ ကင်းလွတ်နေသည့် "ပူဖောင်းလေးတစ်ခု" ထဲ နေရသလို ဘေးကင်းလုံခြုံနေသည်ဟု မြို့ခံများက ပြောပြကြသည်။ သို့သော်လည်း ထိုသို့ ပြောသူများက ကုန်ဈေးနှုန်းများ ကြီးမြင့် နေမှု၊ ဆေးဝါး နှင့် လျှပ်စစ်မီးများ ပြတ်တောက်နေမှု များကို တတွတ်တွတ် ညည်းတွားနေကြပြန်သည်။ ထိုကဲ့သို့ စိတ်ပျက် အားမလိုအားမရဖြစ်မှုများကို ကြည့်မည်ဆိုက နိုင်ငံအနှံ့ ပိုမိုနက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ခံစားချက်သည်က "ပင်ပန်းနွမ်းနယ်လာမှု" ဆိုသည်ပင် ဖြစ်သည်။
"တော်သင့်ပြီဗျာ" ဟု အသက် ၄၄ နှစ်ရှိ လုပ်ငန်းရှင် တဦးက ပြောသည်။ "နိုင်ငံရေးဆိုတာ နိုင်ငံရေးပေါ့။ အခုဟာက စီးပွားရေးကို အဆင်ပြေအောင် အရင်လုပ်ပေးပါ" ဟု စိတ်တို သည့် လေသံ နှင့် ပြောပြခဲ့သည်။ "လူတွေက အသက်ရှင်ဖို့ လိုတယ်လေ။ ကျွန်တော့်ဆီမှာ အလုပ်လုပ်နေတဲ့သူ ၅၀ ကျော်ရှိတယ်။ သူတို့ စားဖို့လိုတယ်၊ သူတို့မှာလည်း စားဖို့သောက်ဖို့ လိုအပ်နေတဲ့ ကလေးတွေရှိကြတယ်"
အခုက အရင်ကထက်ကို ပိုဆိုးလာတာ၊ အဆိုးဆုံးပဲ"
ထိုသို့ ငါးနှစ်သား ကလေး တဦးပင် အစစ အရာရာ ရှားပါးနေသည့် အဖြစ်ကို သိမြင်နိုင်ပါလျက် မင်းအောင်လှိုင်အား ရန်ကုန် တက္ကသိုလ်မှ ပြည်သူ့ စီမံ ခန့်ခွဲမှု ပါရဂူ ဂုဏ်ထူးဆောင် ဘွဲ့ကြီး ချီးမြှင့် လိုက်ပြီ ဟူသော သတင်းကို အဆိုပါ ဝါရှင်တန်ပို့စ် သတင်းစာကြီး ၏ သတင်းထောက် သာ သိသွားမည် ဆိုက "ကမ္ဘာကြီး ပျက်စီးလု နီးပြီလော" ဟု တဖွဖွ ရေရွတ် နေမည်သာ ဖြစ်သည်။
နိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေး ယန္တရားများ အားနည်းသွားသည့်အတွက် အခြေခံလူတန်းစားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် လက်လှမ်း မမှီသည့် အရာတစ်ခု ဖြစ်လာနေသည်။
ယခု အခါ စီမံခန့်ခွဲမှု ပါရဂူ ကြီးကြောင့် နိုင်ငံတွင်း လူငယ်များလည်း စစ်မြေပြင်ရောက်သူရောက်၊ ထွက်ပြေးသူ ပြေး၊ ပြည်ပ တွင် သွား အလုပ်သွား လုပ်သူ လုပ်ရနှင့် မကျန်သလောက် ဖြစ်ကုန်သည်၊ တကယ်တမ်း ဈေးပေါပေါ နှင့် အလုပ်သမား များ ရနေသည့် ထိုင်းအစိုးရကသာ ထိုသို့ ဆု ကို ပေးသင့်သည် မဟုတ်ပါလား။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!