အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် “နိုင်ငံ အတွက် အရေးပေါ်အခြေအနေ” ကို နောက်ထပ် တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်ပြီ ဖြစ်သည်။
ယင်းသည် အခြားနိုင်ငံတစ်ခုခု၏ အခြေအနေသည် အမေရိကန်၏ အမျိုးသားလုံခြုံရေး နှင့် နိုင်ငံခြားရေးမူဝါဒအပေါ် ခြိမ်းခြောက်မှုရှိ နေသည်ဟု ယူဆက ကြေညာလေ့ရှိသည့် ဥပဒေမျိုး ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အုပ်စု အာဏာလု အပြီးစတင်ကြေညာခဲ့တာဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးလာခြင်း ဖြစ်သည်။
သမ္မတ ထရန့်မှ မြန်မာနိုင်ငံ၏ အခြေအနေသည် အမေရိကန်အတွက် "ပုံမှန်မဟုတ်ဘဲ ထူးကဲသော ခြိမ်းခြောက်မှု" (Unusual and extraordinary threat) ဖြစ်နေဆဲ ဟု ဖေါ်ပြခဲ့သည်။ အဓိက အားဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း နှင့် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေခြင်း များ ကြောင့် ဖြစ်သည်။
ယခုလို ကြေညာချက်ကို သက်တမ်းတိုးလိုက်ခြင်းကြောင့် လက်ရှိကျင့်သုံးနေသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု များ ဆက်လက်တည်ရှိနေဖို့အတွက် ဥပဒေကြောင်းအရ အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။
စစ်အုပ်စု သည် ရွေးကောက်ပွဲ အတုဖြင့် လူယောင် ဖန်ဆင်း ပြခဲ့ပြီး၊ ယင်း အပေါ် အမေရိကန် အစိုးရမှ ကောင်းသည် ဆိုးသည် ဝေဖန်ခြင်း မပြုဘဲ လူသားချင်း စာနာ ထောက်ထားရမည့် အကူအညီများကို ဖြတ်တောက်ပစ်ခဲ့ခြင်း ကြောင့် အားတက်လာနေချိန်လည်း ဖြစ်သည်။
ထရမ်၏ လုပ်ရပ်သည် စစ်အုပ်စုသာမက ဝါရှင်တန် တွင် လော်ဘီ လုပ်ပေးနေသူများ၊ ဝါဒ ဖြန့်နေသူများကိုပါ အလဲထိုးလိုက်ခြင်း ဖြစ်သည်။
ထရမ့်သည် အမေရိကန်၏ အကူအညီများကို အလှုကြီးပေးသလို charity သဘောမျိုး မဟုတ်ဘဲ အမေရိကန်၏ အကျိုးစီးပွားကို ဖေါ်ဆောင်နိုင်မည်ဆိုက ပေးရန် ဆိုကာ ၎င်း၏ နိုင်ငံခြားရေး မူဝါဒ ကို ပြန်လည် ထိန်းညှိလာချိန်လည်း ဖြစ်သည်။ ထရန့်အစိုးရသည် မြန်မာ့အရေးကို မျက်ကွယ်မပြုဘဲ ဆက်လက် စောင့်ကြည့်နေသည် ဆိုသော နိုင်ငံရေးအရ အချက်ပြမှုတစ်ခုလည်း ဖြစ်လာခဲ့သည်။
ယင်းနှင့် ပတ်သက်၍ ထရမ့်က ယခုလို ပြောဆိုခဲ့သည်။ "မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များတွင် အမေရိကန်၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် လိုအပ်သလို ဖိအားပေးမှုများကို ချိန်ညှိဆောင်ရွက်သွားရန် ကျွန်ုပ် အသင့်ရှိပါသည်။"
ထရမ့်သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင် အစိုးရအသုံးစရိတ်ဥပဒေ ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုဥပဒေထဲတွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်များ ပါဝင်လာခဲ့သည်။
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၁၂၁ သန်း ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အဖြစ် ပေးသွားမည် ဖြစ်သည်။ ယင်းသည် စစ်ဘေးရှောင်တွေ၊ ဒုက္ခသည် များ နှင့် အကူအညီ အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူများအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေ၏ ထူးခြားချက်သည်က "Rider" ဟု ခေါ်သော အထူးကန့်သတ်ချက်တစ်ခု ပါဝင်လာခြင်း ဖြစ်သည်။ ယင်းသည် အကူအညီများထဲက တစ်ပြားတစ်ချပ်မှ မြန်မာစစ်အုပ်စု လက်ထဲသို့ မရောက်ရှိစေရလို့ ပြတ်ပြတ်သားသား ဥပဒေအရ တားမြစ်လာခဲ့သည်။ ယင်းသည် စစ်အုပ်စု နှင့် ထိတွေ့ဆက်ဆံလိုခြင်း မရှိ၊ မြန်မာပြည်သူ များကို ကိုယ်စားမပြုဘူးဆို သည် နိုင်ငံရေးအရ ခံယူထားမှုကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ထရမ့်သည် စစ် အုပ်စု အပေါ် စီးပွားရေးအရ ဖိအားဆက် ပေးသွားမည် ဖြစ်သလို၊ ပြည်သူများ အတွက် လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများကိုလည်း စစ်တပ်နှင့် မပတ်သက်ဘဲ ပေးသွားမည့် "နှစ်လမ်းသွား မူဝါဒ" ကို ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။
စစ်အုပ်စုကို ကျော်လွန်ပြီး အကူအညီပေးသွားမှာ ဖြစ်သည့် အတွက် ရန်ပုံငွေများကို နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများ။ ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လူမှုကူညီရေးအဖွဲ့များ ဆိုသည့် လမ်းကြောင်းမှ သွားဖို့ ရှိနေသည်။
ထို့အတွက် ထိုင်း-မြန်မာ နယ်စပ်၊ အိန္ဒိယ-မြန်မာ နယ်စပ် များ မှ တဆင့် ဝင်ရောက်ဖို့ များနေသည်။ နယ်စပ် တွင် ရှိသည့် စစ်ဘေးရှောင် များ နှင့် ဒုက္ခသည်စခန်းများအတွက် တိုက်ရိုက် အကျိုးရှိစေမည် ဖြစ်သည်။
ထို့အပြင် ထရန့်အစိုးရသည် မြန်မာနိုင်ငံ၏ မြေပြင်တွင် အမှန်တကယ် စိုးမိုးထားတဲ့ အဖွဲ့အစည်းများ နှင့် ပိုမို ထိတွေ့ဆက်ဆံလာနိုင်သည့် အလားအလာများလည်း တွေ့လာရသည်။
အမေရိကန်၏ အကူအညီ ကြောင့် စစ်အုပ်စု၏ ထိန်းချုပ်မှုပြင်ပမှာရှိနေသည့် တိုင်းရင်းသားနယ်မြေများ အတွက် အသက်ရှူပေါက် ဖြစ်လာနိုင် သော်လည်း၊ မြေပြင်တွင် အမှန်တကယ် အကူအညီရောက်ရှိဖို့အတွက် နယ်စပ်ဖြတ်ကျော်ရေး လမ်းကြောင်းများ လုံခြုံမှုအတွက် တော်လှန်ရေး တပ်များ ဖက်မှ မည်မျှအထိ စွမ်းဆောင်ပေးနိုင်သလဲ ဆိုသည့် ယုံကြည်မှု တည်ဆောက်ပေးနိုင်မည့် အခွင့်အရေး ထွက်ပေါ်လာမှု ကို အမိအရ ဖမ်းဆုပ်နိုင်ရန်လည်း လိုအပ်နေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!