မြန်မာ တွင် စစ်တပ် အာဏာသိမ်းခဲ့သည်မှာ ငါးနှစ် တိုင်လာခဲ့ပြီ ဖြစ်သော်လည်း လူသားချင်း စာနာ ထောက်ထားရမည့် အရေး၊ နိုင်ငံရေး၊ ဘေးကင်းလုံခြုံမှု မရှိခြင်း၊ လူ့အခွင့် အရေး များ နေရာ အနှံ့ ချိုး ဖောက်နေခြင်းများ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေသည်ဟု ကုလ သမဂ္ဂ အတွင်းရေး မှုးချုပ်မှ သတိပေးချက်ကို ယနေ့ထုတ်ပြန်လာခဲ့သည်။
"နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုများ ရှိနေသော်လည်း (ကျူးလွန်သူများမှာ) ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေသည့် သံသရာသည် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။" ဟု လည်း ပါရှိလာ၍ လောလောလတ်လတ် ပြီးဆုံးသွားသော နိုင်ငံတကာ တရားရုံးချုပ်၏ မြန်မာ အပေါ် စွပ်စွဲထား သော ဂျီနို ဆိုက် ကြားနာ စစ်ဆေးမှု ၏ လားရာကို ညွှန်ပြသွားသကဲ့သို့ ဖြစ်လာနေသည်။
၎င်းမှ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ မြင့်တက်လာခြင်း၊ စီးပွားရေး မတည်ငြိမ်မှုများ၊ စားနပ်ရိက္ခာ မလုံလောက်မှုများ ဆိုးဝါးလာခြင်းနှင့် 'ပြည်တွင်း၌သော်၎င်း၊ နယ်စပ်ဖြတ်ကျော်၍သော်၎င်း လူပေါင်း ၅.၂ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်း' တို့ကို အဆိုပါ ထုတ်ပြန်ချက်တွင် ထောက်ပြထားပြီး လွန်စွာ စိုးရိမ်မကင်းစရာ အခြေ အနေ ဟု ဆိုသည်။
ကုလ မှ ထိုသို့ ကမ္ဘာကို လူသိရှင်ကြား မီးမောင်းထိုးပြပေးနေသည်ကို ကျေးဇူးတင်ရမည်သာ ဖြစ်သည်။ အကယ်၍သာ ထရမ့် အစိုးရ ကဲ့သို့သာ တိုင်းပြည် တည်ငြိမ်လာပြီ၊ လုံခြုံမှု ရှိနေပြီဟု သုံးသပ်မည်ဆိုက ကျွန်တော်တို့ ဒေါသ အမျက်ချောင်းချောင်း ထွက်ကြမည်သာ ဖြစ်သည်။
ကုလသည် လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် မပါဘဲ ဘာမှ လုပ်၍ မရ၊ R2P ဆိုပြန်လည်း သုံးစွဲရမည့်ရံပုံငွေ၊ စစ်လက်နက် အင်အား များ ထည့်ဝင်မည်ဟု နိုင်ငံကြီးများက ကတိပြုမှ ဖြစ်ပေမည်။
ယခုအခါ ကနေဒါ ဝန်ကြီးချူပ် မတ် ကာနီးက ဒါဗိုစ် တွင် အသိပေးခဲ့သလို စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ် နိဂုံးချုပ်သွားပြီဖြစ်သည်၊ ထို့အတွက် နိုင်ငံအားလုံးသည် မိမိတို့ ရှင်သန် နိုင်ရေး မိမိတို့ဖာသာ ရုန်းကန်ရတော့မည် ဖြစ်သည်။
ထို အနေအထားတွင် စစ်အုပ်စုသည် ရုရှား၊ တရုတ် တို့ ကျောထောက်နောက်ခံ ဖြင့် အခြေအနေ ကောင်းနေဆဲဟု ဆိုရမည် ဖြစ်သည်။ ဤသည်ကလည်း ၂၀၂၄ တွင် ယိုင်တိယိုင်းထိုး ဖြင့် ပြုတ်လုပြုတ်ခင် ဖြစ်လာနေသော စစ်အုပ်စု အား တရုတ်မှ အင်နှင့် အား နှင့် ကျားကန် ပေးလာသော ကြောင့် ဖြစ်သည်ဟု လန်ဒန် စီးပွားရေး တက္ကသိုလ်မှ မက်သယူး အားနိုးက ဆိုသည်။
ရုရှားသည်လည်း တပ်များ မစေလွှတ်သည်က လွဲ၍ အကြံပေးများ၊ စစ်လက်နက်ပစ္စည်းများအား ဆီရီယား အာဏာရှင် အာဆတ်ကို ပံ့ပိုး ပေးသလိုပင် ပံ့ပိုးလာခဲ့သည်၊ အာဆတ်သည် မော်စကို သို့ ထွက်ပြေးသွားရသော်လည်း ယခုအခါ ပူတင်သည် လက်ရှိ ဆီရီယား ခေါင်းဆောင်ကိုပင် ကရင်မလင်သို့ ဖိတ်ပြီး တခမ်းတနား ကြိုဆိုခဲ့ခြင်းကပင် ဘူမိနိုင်ငံရေး သည် မည်မျှ အရေးပါကြောင်း သိသာထင်ရှားစေသည့် အချက်ပင် ဖြစ်သည်။
ထိုမျှအထိ အင်အားကြီး နှစ်နိုင်ငံက ပံ့ပိုးပေးလာသည့် တိုင် စစ်အုပ်စုသည် တော်လှန်ရေး ကို ဦး မချိုး နိုင်သည့် အပြင် ဒီဇင်ဘာလ တွင် တော်လှန်ရေး တပ်ဖွဲ့ ၁၉ ဖွဲ့ စုစည်းပြီး နွေဦး တော်လှန်ရေး တပ်ပေါင်းစု ပင် ဖွဲ့စည်းကာ ထိုးစစ် ဆင်ဖို့ ပြင်ဆင်လာနေပြီ ဖြစ်သည်။
ယခုလ အစောပိုင်း တွင် ပဲခူးတိုင်း အတွင်း မကြုံစဖူး အောင် စစ်အုပ်စု အခြေစိုက်စခန်းများကို ဟန်ချက်ညီ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ ယင်းသည် တော်လှန်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် သိသာထင်ရှားသည့် တိုးတက်မှုရှိလာကြောင်း ပြသနေသည်ဟု အန်သိုနီ ဒေးဗစ်က ထောက်ပြခဲ့သည်။
တိုက်ပွဲ များက နေရာအနှံ့ ဖြစ်ပွားနေပြီး တော်လှန်ရေး အဖွဲ့များဖက်က ပို၍ ပင် ဟန်ချက်ညီညီ တိုက်ခိုက်လာနိုင်ပြီ ဖြစ်သည်။
ယခုထိလည်း ၎င်းတို့ အပြည့်အဝ ထိန်းချုပ်နိုင်သည့် နယ်မြေများက နိုင်ငံ တဝက် က နေ တက်မလာနိုင်သေး ဟု လေ့လာသူများက ကောက်ချက်ချခဲ့ကြသည်။
စစ်အုပ်စု လုပ်လာသော ရွေးကောက်ပွဲတွင်လည်း ၎င်းတို့ လက်ဝေခံ ပါတီကပင် ပန်းခြံထဲ လမ်းလျှောက်နေသလိုပင် သက်တောင့်သက်သာ ဖြင့် အနိုင်ရရှိ သွားခဲ့ပြီ ဖြစ်သည်။
ထိုအနေအထားသည် စစ်အုပ်စု အတွက် ကိုယ့်ရှူး ကိုယ် ပတ် ဖြစ်လာပေတော့မည်၊ တဖြေး ဖြေး နှင့် စစ်ပန်းလာ နေပြီ ဖြစ်သော အောက်ခြေ အရာရှိ အရာခံ တပ်သားများ အဖို့တော့ စစ်မြေပြင်တွင် ၎င်းတို့ ရင်ဆိုင်နေရသော အန္တရာယ်ကြီး ကို ပြေပျောက်လို ပြေပျောက်ညား တခုခု ဖြစ်လာ လေမလား၊ သို့မဟုတ်ကလည်း ငါးနှစ် တိုင် မပြီးဆုံးနိုင် တိုက်နေသော စစ်ပွဲသည် ရွေးကောက်ပွဲ ကြောင့် သူ့အလိုလိုပင် ပြီးဆုံးသွားမည်ဟု လေလုံးထွားသော စစ်ခေါင်း ဆောင်များ စကားကိုပဲ မျက်စိမှိတ် ယုံကြရတော့မည် လော ဟု စောင့်ကြည့်နေကြပြီ ဖြစ်သည်။
၎င်းတို့ ကိုယ်နှိုက်က ပြည်သူ့ တော်လှန်ရေး အင်အားစု များကို မည်သို့မျှ အနိုင်မတိုက်နိုင်မှန်း သိထားကြ၍ ၎င်းတို့ ပြောသလို မဟုတ်ဘဲ မပြီးနိုင် မစီး နိုင် ဖြစ်လာက မသေမချင်း သားပြစ် မယားပြစ် တိုက်နေရတော့မှာလား ဟူသည့် အတွေးက မဖြစ်မနေ အားလုံး၏ ခေါင်းထဲ ဝင်ရောက်လာတော့မည်သာ ဖြစ်သည်။
ယခုထိလည်း တော်လှန်ရေး အင်အားစု များ ဖက်က ငါးနှစ် တိုင်လာသည့် တိုင် ၎င်းတို့ မျှော်လင့်ထားသလို အစုလိုက်သော်၎င်း၊ တပ်ရင်း အလိုက်သော်၎င်း လက်နက်ချ လာကြခြင်း မတွေ့ရသေးဟု အာနိုးက ထောက်ပြခဲ့သည်။,
တွေ့လာရဖို့ ရှိသည်က (ဦး) ဝင်းဦး၏ ဆောင်းအိမ်မက် ကို ကြည့်ရသလို့ပင် ဗိုလ်ချုပ်မှုး ကြီး မင်းအောင်လှိုင် မှ သမ္မတကြီး ဦးမင်းအောင်လှိုင်သို့ ရာထူး လွှဲပြောင်းပေးမည့် နှစ်ကိုယ်ခွဲ ရုပ်ရှင် ဇာတ်ကားကြီးပင် ဖြစ်ပေတော့သည်။
အခြားလည်း ဘာမျှ တွေးတတ် ခေါ်တတ်၊ လုပ်တတ်ကိုင်တတ်သူ မဟုတ်သည့် အားလျှော်စွာ မွဲပြာပုဆိုး ဇာတ်လမ်းမျိုးသာ ဖြစ်လာပေမည်။
အာဏာသိမ်းပြီး ၅ နှစ်အကြာတွင် မည်သည့်ဘက်ကမျှ စစ်မြေပြင်တွင် မကြာမီအတွင်း အနိုင်ရရှိမည့်ပုံ သို့မဟုတ် ရှုံးနိမ့်မည့်ပုံ မပေါ်သကဲ့သို့၊ တိုက်ပွဲများမှ နောက်ဆုတ်မည့် အရိပ်အယောင်လည်း မရှိကြောင်း လေ့လာဆန်းစစ်သူများက သဘောတူလက်ခံထားကြသည်။
ရွေးကောက်ပွဲ ဖြင့်လည်း အများပြည်သူတို့၏ ထောက်ခံမှု လုံးဝ ရရှိမလာသည့် အုပ်ချုပ်ရေးယန္တရားကို ဆက်လက်ထောက်ပံ့ပေးရန်အတွက် တရုတ်နိုင်ငံအနေဖြင့် မည်မျှအထိ လုပ်သွားနိုင် မည်ကို စောင့်ကြည့်သွားဖို့သာ ရှိသည်ဟု အာနိုးက ဆိုသည်။
မနိုင်နိုင်တော့ဟု တွက်ဆလာပါက တရုတ် အနေဖြင့် ငွေကုန် နာမည်ပျက် ရမည့် အရေးထက် အခြားနည်းလမ်းကို သေချာပေါက် ရှာဖွေလာကြမည်သာ ဖြစ်သည်။
အာနိုးက ဆက်လက် အကြံပြုရာတွင် လက်ရှိ ပြည်တွင်းစစ်၏ အဆုံးအဖြတ်သည် တော်လှန်ရေးအဖွဲ့များအနေဖြင့် ၎င်းတို့၏ စစ်ဆင်ရေးများကို မည်မျှအထိ ပိုမိုဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်လာနိုင်မည်ဆိုသည့် အချက်နှင့် ယူကရိန်းစစ်ပွဲ၏ အခြေအနေကို ပြောင်းလဲပစ်ခဲ့သော ဖိုင်ဘာအော့ပတစ် (Fiber-optic) အသုံးပြု FPV ဒရုန်းနည်းပညာများကို မည်မျှအထိ လက်ခံကျင့်သုံးလာနိုင်မည်ဆိုသည့် အချက်များအပေါ်တွင် အများဆုံး မူတည်နေပေလိမ့်မည် ဟု ပြောသွားခဲ့သည်။
၎င်းတို့ နိုင်ငံရေး နယ်ပယ်မှ မထွက်ခွာ မခြင်း တိုင်းပြည်သည် အိမ်နီးချင်း များ အကြား ပုံတွင် ပြထားသလိုသာ ဆက်ရှိနေဦးမည်သာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!