ရွေးကောက်ပွဲ အလွန် အမေရိကန် သဘောထား

by Hla Soewai - Feb 02 2026

ထရမ့်သည် ယခု အထိ မြန်မာ အပေါ် စိတ်ဝင်စားမှု မရှိသေး ဟု ဆိုရမည် ဖြစ်သည်ဟု အစချီကာ ဩစတေးလျှ ရှိ Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင် တွင် ဆောင်းပါးရှင် နီကိုလပ်စ် ကောပဲလ် က ယခုလို သုံးသပ်ထားသည်။

 

ထရမ့်သည် နိုင်ငံတကာတွင် ဖြစ်ပွားနေသော ပဋိပက္ခ များ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်း ငွေလိမ် လုပ်ငန်းများ၊ တရုတ်ကို ထိန်းချုပ်နိုင်ရေး၊ မြေရှားသတ္တုများ ရရှိနိုင်ရေး အစရှိသည် တို့တွင် အပေါ်ယံ အကြောင်းပြချက်များ ဖြင့် စွန့်စားလိုသော နိုင်ငံခြားရေး မူဝါဒ မျိုး ထုတ်နှုတ် ပြသ လာသော်လည်း မြန်မာအရေး နှင့် ပတ်သက်၍ ဆိတ်ဆိတ်နေ နေခြင်းသည် အံအားသင့်စရာ ဖြစ်နေရသည်။

 

မြန်မာပြည်တွင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ဩစတေးလျှ၊ ယူကေ၊ ကနေဒါ၊ နယူးဇီလန်၊ အီးယူ အစရှိသော နိုင်ငံများ အားလုံးက လွတ်လပ်ပြီး၊ တရားမျှတမှု မရှိ၊ အားလုံးလည်း ပါဝင်နိုင်ခြင်း မရှိဆိုကာ ပြောဆိုနေကြသည်၊ အာဆီယံသည်လည်း ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရန် တဦးတယောက်မျှ စေလွှတ်ခြင်း မပြုသည့် အပြင် ရလဒ်ကိုလည်း အသိအမှတ်မပြုဟု တရားဝင် ထုတ်ပြောခဲ့ပြီး ဖြစ်သည်။

 

ထိုသို့ အနေအထားများ ရှိနေသော်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ထရမ့်၏ ညွှန်ကြားချက် နှင့် အညီ အားလုံး သံပြိုင် ရှုတ်ချ နေမှု များ တွင် ပါဝင်ခဲ့ခြင်း မရှိပေ။

 

မြန်မာ၏ မြေရှား သတ္တုများ ကိုလည်း ဝါရှင်တန်က စိတ်ဝင်စားပုံ မတွေ့ရပေ။ ထရမ့်သည် ကမ္ဘာ မြေရှား သတ္ထု သိုက်ကြီး၏ ရှစ်ပုံ တပုံခန့် ရှိ‌ နေ သော ဂရင်းလန် ကို ရရှိရန် စိတ်ဝင်စားနေသည်။ မြန်မာရှိ မြေရှားသတ္တု များ အားလည်း ထုတ်ယူခွင့် ရရှိရေးအတွက် ပြီးခဲ့သည့်နှစ်က ဝါရှင်တန်ရှိ တာဝန်ရှိသူများထံ တင်ပြ ဆွဲဆောင်မှုများ ရှိခဲ့သော်လည်း၊ ထိုအဆိုပြုချက်သည် ရှေ့ဆက်တိုးလာခြင်း မရှိသည်ကို တွေ့ရပါသည်။ ဤသည်မှာလည်း မြန်မာ့ မြေရှားသတ္တုများကို လက်လှမ်းမီရန် လက်တွေ့ကျသော အခက်အခဲများ၊ စိန်ခေါ်မှုများစွာ ရှိနေခြင်းကြောင့် ဖြစ်နိုင်ပေသည်။

 

ဤသို့ဆိုက မြန်မာမှ ထွက်ရှိနေသော မူးယစ်ဆေးဝါးများ အပေါ် ကော ထရမ့်အစိုးရမှ စိတ်မဝင်စား ဘူးလားဟု မေးစရာ ရှိလာသည်။ ကိုကင်းများ တရားမဝင် တင်ပို့မှု တွင် ပါဝင်ပတ်သက်သည် ဆိုကာ အမေရိကန်တွင် စွဲချက်တင်နိုင်ဖို့ ဗင်နီဇွဲလားမှ နီကိုလပ်စ် မာဒူရိုအား ဆွဲထုတ်သွားရန် မည်သူ အမိန့်ပေးခဲ့သနည်း။ ထိုအဖြစ် နှင့် နှိုင်းယှဉ်က မြန်မာသည် ကမ္ဘာတွင် တရားမဝင် မူးယစ်ဆေးဝါးများ နှင့် မက်သဖက်တမင်း ခေါ် စိတ်ကြွဆေးများ ထုတ်လုပ်ဖြန့်ချီရာ ပင်မ အရင်းအမြစ်ကြီး ဖြစ်နေသည်။

 

မြန်မာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ် ခံနေရ သော်လည်း မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ စွဲချက်တင်မခံရဘဲ ရှိနေ၍ အမေရိကန် ဖက်မှ ဆွဲထုတ်ခံရမည့် အရေး စိုးရိမ်စရာ မရှိ ဖြစ်နေသည်။

 

မာဒူရို အား ဖမ်းဆီး ခံရပြီး ရက်အနည်းငယ် အတွင်း မှာပင် မင်းအောင်လှိုင်အားလည်း အလားတူ ပြတ်ပြတ်သားသား အရေးယူဖို့ လူသိရှင်ကြား တောင်းဆိုမှု များ ထွက်ပေါ်လာခဲ့သည်။ အားလုံးက မာဒူရိုအား မူးယစ်ဆေးဝါး နှင့် တရားစွဲမည်ဆိုက မင်းအောင်လှိုင်အားလည်း အဘယ်ကြောင့် သည်းငြည်းခံနေရသနည်းဟု ထောက်ပြလာကြသည်၊ (မာဒူရို ဖက်ကလည်း တရားရုံးတွင် ခုခံ ချေပသည့် အခါ ထိုအချက်ကို ထောက်ပြလာကြမည်မှာ သေချာ သည်ဟု မိမိယူဆမိသည်။)

 

ထိုသို့ တောင်းဆို နေမှု များသည် ထရမ့် အတိအလင်း ကြေညာထားသော နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ကြပေ။ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်တွင် အခြားနိုင်ငံများ၏ လှုပ်ရှားမှုများသည် အမေရိကန်၏ အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်မှသာလျှင် ထိုနိုင်ငံများကို အလေးပေးမည်ဟု ဆိုထားပြီး၊ ထရမ့်၏ 'ဒွန်ရိုး ဝါဒ' Donroe Doctrine အရလည်း အမေရိကန်သည် အနောက်ကမ္ဘာခြမ်း တွင်သာ အဓိက အာဏာစက် ထူထောင်ရန် ရည်ရွယ်ထားသည်။ထို့ကြောင့် အဆိုပါ တောင်းဆိုချက်များမှာ ဂရုပြုခြင်း ခံရရန် အခွင့်အလမ်း အလွန်နည်းပါးခဲ့သည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် စစ် ခေါင်း‌ ဆောင်၏ ဟန်ပြထားနှင့်၊ ၎င်းကို ဖမ်းဆီးရန် အသာထားဘိဦး ရွေးကောက်ပွဲကို ပင် ပြစ်တင်ရှုတ်ချခဲ့ခြင်း မရှိပေ။

 

မြန်မာ သည် တရုတ်၊ ရုရှား တို့နှင့် ဆက်ဆံရေး တိုးမြှင့်လာ၍ ဝါရှင်တန်ရှိ စိတ်မာ ခက်ထန်သော တွေးခေါ်မျှော်မြင်ရေး အဖွဲ့များက တရုတ်ကို ဖယ်ထုတ်ရန် စစ်အုပ်စု နှင့် ပြန်လည် ဆက်ဆံဖို့ ‌တင်ပြမှု များ ရှိခဲ့သော်လည်း ထရမ့်ဖက်က တုံဏှိဘာဝေ ပင် ရှိနေခဲ့သည်။

 

ယခုထိ မြန်မာ နှင့် ပတ်သက်၍ ထရမ့် စိတ်ဝင်စားနေသည် မှာ မြန်မာ နိုင်ငံသားများ အမေရိကန်ထဲ ဝင်မလာရေးပင် ဖြစ်သည်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုမ် က မြန်မာနိုင်ငံသားများ၏ ဗီဇာသက်တမ်းကျော် နေထိုင်မှုနှုန်း အလွန်မြင့်မားခြင်းသည် နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေသည်ဟု ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ပေးထားသော ယာယီအကာအကွယ်ပေးမှု အဆင့်အတန်း (TPS) ကို ရုပ်သိမ်းခဲ့ရာ၊ အမေရိကန်တွင် နေထိုင် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာမှာ ဆက်လက်နေထိုင်ခွင့် မရှိတော့မည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ သို့သော်လည်း ဤဆုံးဖြတ်ချက်ကို အမေရိကန် ခရိုင်တရားရုံးတစ်ခုက မကြာသေးမီကပင် ဆိုင်းငံ့ပေးခဲ့သည်။

 

ထိုဆုံးဖြတ်ခဲ့မှုသည် စစ်အုပ်စု ကို မဟုတ်ဘဲမြန်မာ နိုင်ငံသားများ ကိုသာ ထိခိုက်သွားခဲ့ရသည်။ ထိုသို့ အဖြစ်ရောက်‌ အောင် ဖန်တီးခဲ့ကြသူများကို ရှုတ်ချရမည့် အစား နိုမ် သည် မြန်မာတွင် အရေးပေါ် အခြေအနေ ရုတ်သိမ်းခဲ့မှု၊ ရွေးကောက်ပွဲ၊ အပစ်အခတ် ရပ်စဲမှု များ ကို ယိုးမယ်ဖွဲ့ကာ တည်ငြိမ်မှု ရှိလာပြီ ဆိုကာ မစဉ်းစား မဆင်ခြင်ဘဲ လုပ်ခဲ့ခြင်းပင် ဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို မှ ထိုသို့ ဖြစ်မလာသေး ကြောင်း ဝင်ထိန်းပေးခဲ့ရသည်၊ သို့သော် အလိမ်အညာ ရွေးကောက်ပွဲ ကိုတော့ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။

 

ရှေ့အလားအလာကို ကြည့်မည်ဆိုပါက 'အမေရိကန် ပထမ' မူဝါဒကို ကျင့်သုံးခြင်းကြောင့် ၎င်းတို့ အကျိုးစီးပွားနှင့် ကိုက်ညီသည့် ကိစ္စမျိုးမျိုးတွင် မြန်မာရှိ အရပ်သားအစိုးရအယောင်ဆောင် စစ်အုပ်စုနှင့် အမေရိကန်တို့ကြား ရံဖန်ရံခါ ထိတွေ့ဆက်ဆံမှုမျိုး ရှိလာနိုင်ပါသည်။ 

 

လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန်အတွက် သွင်းကုန်ခွန် တိုးမြှင့်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းမျိုး ရှိနိုင်သော်လည်း၊ အနောက်ကမ္ဘာခြမ်းတွင် တွေ့ရသကဲ့သို့ တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှုမျိုး ဖြစ်လာနိုင်ခြေ မရှိပေ။

 

အခြားသော အနောက်နိုင်ငံများကမူ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ပြစ်တင်ဝေဖန်နေကြမည်ဖြစ်ပြီး ထိုစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းကို ရှောင်ကြဉ်ကြလိမ့်မည်ဖြစ်သည်။ ယေဘုယျအားဖြင့် ဆိုရသော် မြန်မာ့ရွေးကောက်ပွဲအပေါ် အမေရိကန်၏ နှုတ်ဆိတ်နေမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများအပေါ် အနောက်နိုင်ငံများ၏ တုံ့ပြန်ပုံချင်း ကွဲပြား ခြားနားလာမှုကို မီးမောင်းထိုးပြ နေခြင်း ပင် ဖြစ်သည်။

 

အဆိုပါ ဆောင်းပါး ကို သုံးသပ်ရမည် ဆိုက ထရမ့်သည် မြန်မာ နှင့် ပတ်သက်၍ နှုတ်ဆိပ် နေခြင်းသည် ငြိမ်းချမ်းရေး နိုဗယ် ဆုလည်း ရထားပြီး နိုင်ငံတကာ၏ လေးစား အရေးပေးခြင်းကို ခံရသော ဒေါ်အောင်ဆန်းစုကြည် အပေါ် အာဃာတ ထားနေပုံရသောကြောင့်‌ဟုသာ ယူဆရမလို ဖြစ်နေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!