အခန်း (၅)
AUGUST 22, 1951
BUENOS AIRES,
ARGENTINA 5:00 P.M.
သမ္မတ ဝှမ် ပီရွန် သည် 'အဗီနီဒါ နွဲဗီ ဒီ ဟူလီယို' ဟု လူသိများသည့် လမ်းမကြီးပေါ်သို့ အပေါ်စီးမှ လှမ်းမြင်ရသော ဝရန်တာကျဉ်းလေးထက်သို့ လှမ်းတက်လာစဉ်၊ အောက်တွင်ရှိအာဂျင်တီးနားနိုင်ငံသား တစ်သန်းကျော်တို့၏ တခဲနက် ကြွေးကြော်သံများဖြင့် ဟိန်းထွက်သွားခဲ့တော့သည်။
ဗုဒ္ဓဟူး နေ့ ညနေခင်းလည်း ဖြစ်သည်။ သို့သော် အလုပ်သမား အတော်များများ သည် နေရာ ကောင်း ရရန် အလုပ်မှ ခွင့်ယူပြီး စောစီးစွာ ရောက်လာခဲ့ ကြသည်။
မြင့်မားသည့် အရပ်အမောင်း၊ ကြံ့ခိုင်တောင့်တင်းသော ကိုယ်ခန္ဓာ၊ သပ်ရပ်စွာ ဖီးသင် ထားသော ဆံပင်အနက်ရောင်နှင့် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး၏ ခန့်ညားလှသော အနေအထားတို့ကြောင့် ပီရွန် သည် နိုင်ငံရေးအာဏာစက်ကို အပြည့်အဝ ပိုင်ဆိုင်ထားသည့် ပုံရိပ်ကို ပေါ်လွင်နေသည်။ သို့ရာတွင် သမ္မတ ဖြစ်သူ ပီရွန် သည် အကျင့်ပျက်ခြစားသူတစ်ဦးဖြစ်ပြီး ၎င်းဦးဆောင်နေသော အစိုးရအဖွဲ့သည်လည်း ထပ်တူပင် ကိုယ်ကျင့်တရား ကင်းမဲ့နေပြန်၍ အောက်ဘက်တွင် ရောက်ရှိနေသည့် လူအုပ်ကြီးထဲမှ အများအပြားမှာ ၎င်းကို လုံးဝ မနှစ်သက်ကြပေ။
သို့သော် ၎င်း၏ ဇနီး ဖြစ်သူကိုတော့ ထိုသို့ သဘော မထားကြပေ။
တကယ်တမ်း ယခုလို ချမ်းအေး လှသော ဒီဇင်ဘာလ၏ အ အေး ဒဏ်ကို တနေကုန် နီးပါး ကြံ့ကြံ့ခံ အံတုရင်း စုဝေး ရောက်ရှိလာသူများသည် ဝှမ် ပီရွန် ကြောင့် မဟုတ်ဘဲ ၎င်း၏ ဇနီး ဖြစ်သူ အီဗီတာ ဟု လူသိများသည့် မာရီယာ အီဗာ ဒူတာတေး ပီရွန် ပြောမည့် စကားများကို နားထောင်ချင်ကြ၍ ဖြစ်သည်။
ယခုအချိန်ထိ ၎င်းတို့ မျှော်နေကြ သော အမျိုးသမီး ကို မတွေ့ကြရသေးပေ။
သူမ အစား နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးသမဂ္ဂဖြစ်သော အာဂျင်တီးနားသမ္မတနိုင်ငံ အထွေထွေအလုပ်သမားအဖွဲ့ချုပ် (CGT) ၏ ခေါင်းဆောင် ဟိုဆေး အက်စ်ပီဟို သည် သမ္မတ ပီရွန် ၏ နောက်မှလိုက်၍ လသာဆောင်ပေါ်သို့ တက်လာခဲ့သည်။ CGT သည် ဤနိုင်ငံရေး လူထုစည်းဝေးပွဲအတွက် စင်မြင့် တည်ဆောက်ခြင်း၊ ဝှမ်ပီရွန် နှင့် အီဗီတာ တို့၏ ပုံတူများပါဝင်သည့် ပေ ၆၀ မြင့်သော နဖူးစည်းစာတန်းကြီးများကို ချိတ်ဆွဲခြင်းတို့အပါအဝင် အမြောက်အမြား အကုန်အကျခံကာ ခမ်းနားထည်ဝါစွာ ပြင်ဆင်ခဲ့သည်။
ထိုသို့ အကုန်အကျ ခံ ပြင်ဆင်ခဲ့ခြင်း မှာလည်း အသက် ငါးဆယ့် လေးနှစ်ရှိ ပီရွန် သမ္မတ အဖြစ် ပြန်လည် အရွေးခံနိုင်ရေး အတွက် CGT မှ တရားဝင် ထောက်ခံပေးသွားမည့် ပွဲလည်း ဖြစ်နေသော ကြောင့်ပင်။
ပီရွန် သည် ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် အလုပ်သမားထုကို ထောက်ပံ့ကူညီရေးအတွက် ကြိုးပမ်းခဲ့ မှုများကြောင့် သြဇာအာဏာရှိသော CGT အဖွဲ့အစည်းအတွင်း လူကြိုက်များလာခဲ့၍ ရွေးကောက်ပွဲတွင် များစွာ အသာစီးရစေခဲ့သည်။
အက်စ်ပီဟို၏ အဖွင့် မိန့်ခွန်းသည် လူထု ကြီးထံမှ "အီဗီတာ... အီဗီတာ" ဟု အော်သံများ အောက်တွင် နစ်မြုပ် ပျောက်ကွယ် သွားခဲ့ရသည်။
အက်စ်ပီဟိုက ထိုသို့ ဖြစ်လာမည်ကို မျှော်လင့်ထားပြီး ဖြစ်၍လည်း တည်တည်ငြိမ်ငြိမ် နှင့်ပင် အီဗီတာ ပီရွန်သည် ယခုပွဲ ကို မတက်ဖို့ ဆုံးဖြတ်ခဲ့သည်ဟု အသိပေးလိုက်သော်လည်း လူထုကြီးက သူ့စကား ကို ကြားပုံမရဘဲ "အီဗီတာ... အီဗီတာ" ဟုသာ ဆက်၍ အော်ဟစ် နေကြသည်။
အက်စ်ပီဟိုသည် ဒေါသ ထွက်ချင်ယောင် ဆောင်ပြီး ထွက်သွားခဲ့သည်။ ဆူညံ အော်ဟစ်သံများက ပို၍ ကျယ်လောင်လာခဲ့သည်။ သမ္မတ ဝှမ် ပီရွန်သည် သူ၏ ခံစားချက်တို့ကို မျိုသိပ်ထိန်းချုပ်ထားနိုင်ရန် အစွမ်းကုန် ကြိုးစားနေရသည်။ မကြာမီ ဖြစ်ပေါ်လာတော့မည့် ရုတ်ရုတ်သည်းသည်း အခြေအနေများကို စောင့်မျှော်နေစဉ် သူ၏မျက်နှာထက်တွင်လည်း မချိပြုံး ပြုံး နေရ၍ အရေးအကြောင်းများ ထင်ဟပ်လျက် ရှိနေပေတော့သည်။
နောက်ဆုံးအချိန်ကျမှ အီဗီတာ ပီရွန်သည် လေသာဆောင် စင်မြင့်ပေါ် တက်လာခဲ့သည်။ အဗီနီဒါ နွဲဗီ ဒီ ဟူလီယို လမ်းမကြီး တလျောက် လည်း ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တော့သည်။
အီဗီတာ သည် အရပ် ငါးပေ ငါးလက္မခန့် ရှိပြီး ရွှေရောင် ဆံပင် နှင့် ဖြစ်သည်။ ငယ်ရွယ်စဉ် ဆင်းဆင်းရဲရဲ နေခဲ့ရပြီး ရုပ်ရှင်မင်းသမီး ဘဝ မှ ကြွယ်ဝချမ်းသာလာကာ အာဏာရ အသိုက်အဝန်းသို့ တက်လှမ်းလာခဲ့ခြင်းလည်း ဖြစ်သည်။
၁၉၄၇ အတွင်း ဥရောပ တခွင် လှည့်လည်ခဲ့သည့် သူမ၏ သမိုင်း တွင် ကျန်ရစ်စေ ခဲ့သည့် "သက်တန့်ရောင် ခရီးစဉ်" အတွင်း အာဏာရှင်များကအစ ပုပ်ရဟန်းမင်းကြီးအဆုံး သူမကို ခမ်းနားထည်ဝါစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးတွင်လည်း ပါလာခဲ့ပြီး ကမ္ဘာတဝှမ်း ထင်ရှားကျော်ကြားသူ ဖြစ်လာခဲ့သည်။
သို့သော် အီဗီတာ ကို ထူးခြားထင်ရှားစေသည့် အချက်မှာ သူမနှင့် အာဂျင်တီးနား ပြည်သူများကြားရှိ နက်ရှိုင်းသော သံယောဇဉ်ပင် ဖြစ်သည်။ သူမက ပြည်သူတို့ကို ချစ်သကဲ့သို့ ပြည်သူတို့ကလည်း သူမကို ပြန်လည်ချစ်ခင်ကြရာ၊ ထိုအချက်ကပင် ခင်ပွန်းဖြစ်သူ သမ္မတ ကိုယ်တိုင် မည်သည့်အခါမျှ ရရှိပိုင်ဆိုင်နိုင်မည်မဟုတ်သော ထူးခြားပြောင်မြောက်သည့် နိုင်ငံရေးအင်အားကို သူမအား ပေးအပ်ထားခြင်း ဖြစ်ပေသည်။
အီဗီတာ သည် ချက်ခြင်းဆိုသလိုပင် စင်မြင့် အလယ်ရှိ မိုက်ကရိုဖုန်း ရှိရာသို့ လျှောက်လာပြီး ဝှမ် ပီရွန်၏ ညာဖက်တွင် ရပ်လိုက်သည်။ အီဗီတာအား မြင်နေကျ အကျအန ဆင်ယင် ထုံးဖွဲ့ထားသည် ဆံပင်ပုံစံမျိုး နှင့် မဟုတ်ဘဲ ထိုညက နောက်သို့ လှန်ပြီး စုစည်းထားသည်ကို တွေ့ကြရသည်။ သူမ၏ သွယ်လျသည့် ခန္ဓာကိုယ်ထက်တွင် အမြဲလိုလို မြင်တွေ့ရလေ့ရှိသော ဒီဇိုင်နာ ချုပ်ထည်များ၊ Cartier လက်ဝတ်ရတနာ များ မဟုတ်ဘဲ အနောက်တိုင်းဝတ်စုံ တစ်စုံကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည်။ အီဗီတာသည် ပုံမှန်ထက် ပိုမိုပိန်ပါးနေပြီး သူမရဲ့ ခန္ဓာကိုယ်ကို စတင်တိုက်စားနေပြီဖြစ်သော သေစေနိုင်သည့် ရောဂါဝေဒနာ လက္ခဏာ များသည် သိသိသာသာပင် စတင်ပေါ်လွင်လာနေပြီ ဖြစ်သည်။
လူအုပ်ကြီးက ငြိမ်ကျသွားသည်။ အီဗီတာသည် လူထုရှေ့ စကားပြောဆိုသည့် အခါတွင် အားလုံး ထက် သာလွန်အောင် ပြောနိုင်သည့် အရည်အချင်း ရှိသူ ဖြစ်သည်။ ယနေ့ညနေ သူမ ပြောရမည့် ပရိသတ်က ဆင်းရဲသား အလုပ်သမား လူတန်းစားများ ပင် ဖြစ်သည်။
သူမ၏ နှုတ်ဖျားမှ အားမန် ပါလှသည့် စကားလုံးများ တရဟော စီးမျော ထွက်ပေါ်လာခဲ့သည်၊ ထိုစကားလုံးများက ပြည်သူလူထုအပေါ် ထားရှိသည့် သူမ၏ သစ္စာတရားနှင့် ချမ်းသာကြွယ်ဝသူများ အပေါ် သူမ မုန်းတီးရွံရှာမှုကို လူထုကြီးအား ပြန်လည်သတိပေး နိုးဆော်နေသလို ဖြစ်နေသည်။ သူမသည် လက်သီး လက်မောင်းတန်းပြီး ပြတ်သား တိကျသည့် ဝါကျ တိုများ သုံးပြီး အားမာန် အပြည့် နှင့် ပြောဆိုနေသည်။ အီဗီတာ၏ ပြောဟန်သည် အဒေါ့ဖ် ဟစ်တာလာ၊ မူဆိုလိုနီ တို့ နှင့် သွား တူ နေသည်က တိုက်ဆိုင်မှု တော့ မဟုတ်ပေ၊ သူမနှင့် ခင်ပွန်းဖြစ်သူတို့ နှစ်ဦးစလုံးသည် ၎င်းတို့ အာဏာရရှိရေး လမ်းစဥ်များကို အဆိုပါ ဖက်ဆစ်ခေါင်းဆောင် နှစ်ဦး၏ ပုံစံအတိုင်း ပုံတူကူးယူ တည်ဆောက်ထားခဲ့ကြခြင်း ကြောင့်ပင် ဖြစ်သည်။
"ရဲဘော်တို့" ဆိုသော စကားလုံးကို သူမ၏ လက်ဝဲ ပရိသတ် နှင့် ပို၍ နီးစပ်မှု ရှိစေရန် ထပ်ခါတလဲလဲ သုံးသွားခဲ့ပြန်သည်။
"ရဲဘော်တို့... ကျွန်မဟာ ကိုယ့်အတ္တကိုယ်ကြည့်ပြီး ရည်မှန်းချက်ကြီးလွန်းတဲ့ မိန်းမတစ်ယောက်လို့ တစ်လောကလုံးက ပြောနေကြပါတယ်။ ဒါဟာ အမှန်တရားမဟုတ်ဘူးဆိုတာ ရှင်တို့ ကောင်းကောင်းသိပါတယ်။ ပြီးတော့ ကျွန်မလုပ်ခဲ့သမျှ အရာအားလုံးဟာလည်း နိုင်ငံရေးရာထူး အာဏာတစ်ခုခု ရရှိဖို့အတွက် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူးဆိုတာ ရှင်တို့ သိကြပါတယ်။
ကျွန်မကို ဘယ်တုန်းကမှ နားမလည်ခဲ့ကြတဲ့၊ ကျွန်မလုပ်သမျှဟာ အနိမ့်စား စိတ်ဓာတ်တွေနဲ့ လုပ်တာလို့ပဲ သာမန်ကာလျှံကာ တွေးတတ်တဲ့ အဲဒီလူတွေက ကျွန်မကို အငြိုး အတေး နဲ့ ပုတ်ခတ်လာတဲ့အခါ... ကျွန်မတို့ တိုင်းပြည်က အလုပ်သမားတွေအနေနဲ့ ပြန်လည်ချေပဖို့ အချက်အလက် မရှိဘဲ ဖြစ်နေမှာကို ကျွန်မ ဘယ်တော့မှ အဖြစ်မခံနိုင်ပါဘူး။"
အီဗီတာ ပီရွန် သည် လူများက သူမကို ဒုသမ္မတ အဖြစ် ဝင်ရောက် အရွေးခံစေချင် နေကြမှန်း သိထားသည်။ အီဗီတာ အဖို့ ထိုရာထူး ယူမည် မယူမည် ဆိုသည်က ထိုည အဖို့က လျို့ဝှက်ချက် ကြီး တခု အဖြစ် ကျန်ရစ် နေခဲ့သည်။
သူမ မိန့်ခွန်း ပြောပြီး ဆင်းသွားချိန်တွင်တော့ အလုပ်သမား ခေါင်းဆောင် အက်စ်ပီဟိုက "ကျွန်တော် တို့ သူ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာပဲ စောင့်ကြည့်ရတော့မှာပေါ့၊ လူထု ဆန္ဒနဲ့ အညီ ကျွန်ဝောာ်တို့ကို အဖြေမပေးမချင်း စောင့်နေယုံပဲ ရှိတော့တယ်"
လူထုကြီးက လည်း မပြန်ဘဲ သူမ အား ဝင်ရောက်ယှဉ် ပြိုင်ဖို့ တောင်းဆိုသံများ ဆူညံစွာ အော်ဟစ်နေရင်းက စောင့်ဆိုင်းနေကြသည်။
အချိန်ကား တဖြေးဖြေး နှင့် မှောင်လာနေပြီ ဖြစ်သည်။ သို့သော် လူထု ကြီးက သူမ ပြန်ထွက်လာပြီး သူတို့ ဆန္ဒကို လိုက် လျော မည်လား ဆိုသည်ကို ဆက်၍ စောင့်နေကြဆဲ ပင် ဖြစ်သည်။ အီဗီတာအားလည်း သူတို့အားလုံး ယုံကြည် ကိုးစားနိုင်သည့် အမျိုးသမီး တယောက် အဖြစ် ယူဆထားကြ၍လည်း ဖြစ်သည်။