စစ်အုပ်စု ၏ တလ နီးပါး ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ကို အာဆီယံ က အသိအမှတ် မပြု ဆိုသည့် ရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲ ထားကြောင်း ဆီဘူး တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး တွင် ဥက္ကဌ ဖြစ်သူ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ထရီစာ လာဇာရိုက ထုတ်ဖေါ် ပြောဆိုလိုက်သည်။
၎င်းတို့၏ ရွေးကောက်ပွဲ ကို တရုတ်၊ ရုရှား တို့ သာမက အနည်းဆုံး အာဆီယံ နိုင်ငံများ၏ အသိအမှတ် ပြု ခံရရေး မျှော်လင့်နေသော် စစ်အုပ်စု အတွက် အလဲထိုး ခံလိုက်ရခြင်း ဖြစ်သည်ဟု နိုင်ငံတကာ သတင်းများ တွင် ရေးသား ဖေါ်ပြလာကြသည်။
လာဇာရိုက သတင်းစာ ရှင်းလင်းပွဲတွင် သတင်းစာဆရာများ၏ အမေးကို ဖြေကြားရာတွင် "ဟုတ်ပါတယ်၊ အခု ထိတော့ သူတို့ အဆင့် သုံးဆင့် ခွဲလုပ်တဲ့ ရွေးကောက်ပွဲ ကို အသိအမှတ် မပြုသေးပါဘူး" ဟု ပြောသွားခဲ့သည်။
ထိုသို့ ရပ်တည် ချက် ထွက်ပေါ်လာခြင်းကပင် အာဆီယံ သည် မြန်မာ ပြည်သူများဖက် မှ မျက်စိမှိတ် ရပ်တည်လိုက်ခြင်း ဖြစ်သည်၊ အာဆီယံ အဖို့က အဖွဲ့ဝင် ဖြစ်သော မြန်မာ နှင့် မဖြစ်မနေ ဆက်ဆံရဖို့ လိုအပ်နေသော်လည်း တဖက်တွင် တော်လှန်ရေး အင်အားစု များဖက်က စုစည်း ညီညွတ်စွာ ထွက်ပေါ် မလာနိုင်သေး ဘဲ ဖြစ်နေချိန်တွင် အသိအမှတ် မပြုဟု ရပ်တည် ပေးခဲ့သော ကြောင့် ပင် ဖြစ်သည်။
အာဆီယံတွင် တရုတ်လိုလားသော နိုင်ငံများလည်း ပါဝင်နေသည့် အတွက် အကျပ်ရိုက်စရာ ကိစ္စဖြစ်လာ သလို သံတမန်ရေးအရ ကြိုးတန်း လမ်းလျှောက်သလို ထိန်းညှိ လုပ်ဆောင်နေရခြင်းလည်း ဖြစ်သည်။
ထို့အတွက်လည်း ရွေးကောက်ပွဲ ကို ထောက်ခံမှု ပေးဖို့ ၎င်းတို့ အကြား တသဘောတည်း မရှိဟု လာဇာရိုက ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ဤသည်ကို ကြည့်မည်ဆိုက တသဘောတည်း မရှိမခြင်း အသိအမှတ် ပြုသွားမည် မဟုတ်ပေ၊ မည်သည့် အခါမှလည်း တသဘောတည်း ဆိုသည်က ဖြစ်လာမည် မဟုတ်ပေ။
အချို့ နိုင်ငံများက ရွေးကောက်ပွဲ မှ တဆင့် ထွက်ပေါ်လာသော အကျိုးဆက် များ ကို စောင့်ကြည့် လိုပြီး တရွေ့ရွေ့ ဖြစ်ပေါ်လာဖို့ ရှိနေသည်ဟု ယူဆနေကြကြောင်းလည်း ပြောခဲ့သည်။
ထိုသို့ စောင့်ကြည့်နေသူများက မင်းအောင်လှိုင်ကို ၂၀၁၀ နောက်ပိုင်း ဗိုလ်သိန်းစိန် လို ဖြစ်လာလိမ့်မည်ဟု ယူဆနေကြ၍လည်း ဖြစ်သည်။ ထိုအ ထဲတွင် ထိုင်းသည် ထိပ်ဆုံးက ပါဝင်နေသည်။
အာဆီယံအနေဖြင့် မြန်မာနှင့် ဆက်ဆံရေး တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ် ခေါင်းဆောင်နှင့် သဘောတူညီခဲ့သည့်၂၀၂၁ ခုနှစ် 'ဘုံသဘောတူညီချက် ၅ ရပ်' ငြိမ်းချမ်းရေးမူဘောင်အပေါ်မှာပဲ ဆက်လက်အခြေခံထားဆဲဖြစ်သည်ဟု လာဇာရို က အလေးပေးပြောကြားခဲ့သည်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး က ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ (နိုင်ငံရေး) အကူးအပြောင်းတစ်ခုရဲ့ အစပျိုးမှု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ဟု ပြောခဲ့သည်။
အာဆီယံ၏ သဘောထား ပြောင်းလဲ လာဖို့ ဆိုသည်က အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး မှသာ ဖြစ်လာပေလိမ့်မည်၊ ဤသည်ကပင် ၎င်းတို့ ဖက်က သဘောထား ပြောင်းပါပြီဟု သိသာထင်ရှားစွာ ပြနိုင်သော အချက် ဖြစ်နေ၍ပင်။ လာဇာရိုသည် ၎င်းတို့ ဖက်က အသိအမှတ် ပြုနိုင်မည့် တခုခု ပြပေးရန် မင်းအောင်လှိုင် နှင့် ကိုယ်တိုင် တွေ့ဆုံပြီး ဖျောင်းဖျခဲ့ပုံရသော်လည်း ကျွဲနား စောင်းတီးသလိုသာ ဖြစ်ခဲ့သည်ဟု ယူဆရသည်။
မြန်မာနိုင်ငံတွင် အဓိပ္ပာယ်ရှိသည့် နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုတွေ ရှိလာဖို့အတွက် တိုက်ခိုက်မှုတွေ ရပ်တန့်ရန်၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန်နှင့် သက်ဆိုင်သူအားလုံး ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဝီဗီယမ် ဘာလာခရစ်ရှ်နန်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားလာခဲ့သည်။
၎င်းက 'တရားဝင်မှုရှိပြီး ပြည်သူ့ထောက်ခံမှု အတိုင်းအတာ တစ်ခုအထိ ရရှိမည့် အစိုးရတစ်ရပ် ပေါ်ထွက်လာဖို့အတွက် အဆိုပါ ကြိုတင်သတ်မှတ်ချက်များသည် မရှိမဖြစ် လိုအပ်သည်ဟု' လည်း ဆိုသည်။
စင်ကာပူအခြေစိုက် ISEAS – Yusof Ishak Institute ရဲ့ မြန်မာ့အရေးလေ့လာမှုအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါက်တာမိုးသူဇာက အခုလို သုံးသပ် သွားခဲ့သည်။
"လက်ရှိမြန်မာ့ အကျပ်အတည်းကို တုံ့ပြန်ဆောင်ရွက်ရာမှာ ဘုံသဘောတူညီချက် ၅ ရပ် သာ အာဆီယံအနေနဲ့ လက်ရှိအချိန်မှာ ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော ကြားဝင်ဆောင်ရွက်နိုင်တဲ့ ယန္တရား ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကတည်းက ပြုလုပ်လာခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် နှစ်ပတ်လည် သုံးသပ်ချက်များသည် မြန်မာ့ပဋိပက္ခအတွက် တာဝန်ရှိသည့် အဓိကအစုအဖွဲ့တွေထဲမှာ မြန်မာ စစ်တပ်လည်း ပါဝင်နေတယ်ဆိုတာကို လူထုအား အမြဲတစေ သတိပေးနေသလို ဖြစ်နေသည်" ဟုလည်း ဆိုသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!