ကွန်ဆာဗေးတစ် များ နှင့် ဗဟို ချုပ်ကိုင်မှု လက်သစ် ဝါဒီများ နောက်ကွယ်တွင် နောက်ထပ် စုစည်း ရပ်တည် နေသော နိုင်ငံရေး အင်အားစု များသည် ပါတီ နှင့် နိုင်ငံတော် ၏ ဗျူရိုကရေစီ ယန္တရား အတွင်း ရှိ ၎င်းတို့အား ပံ့ပိုးပေးနေသူများ နှင့် စစ်တပ် ပင် ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော ကွန်ဆာဗေးတစ် အုပ်စုသည် ယဉ်ကျေး မှု တော်လှန်ရေး မတိုင်မီကပင် စီးပွားရေး၊ ဝါဒ ဖြန့်ချီရေး နှင့် ပါတီ စည်းရုံးရေး ကို တာဝန်ယူထားခဲ့ရသော ကြောင့်လည်း ဖြစ်သည်။ ထိုမှတဆင့် လူငယ် အမာခံ ကျောရိုးများကို မြေတောင်မြှောက်ပေးပြီး ပါတီ နှင့် အစိုးရ အဖွဲ့အတွင်းရှိ အဓိက နေရာများ တွင် ထည့်သွင်းလာခဲ့သည်။
အာဏာရှင် လက်သစ် ဝါဒ သမား တိန့်ရှောင်ဖိန် ဖက်တွင်တော့ အစိုးရ နှင့် ပါတီ ဗျူရိုကရေစီ ယန္တရား ထဲမှ နောက်လိုက် ဟူ၍ မဆိုသလောက်သာ ရှိနေသည်။ သို့သော် စစ်တပ်ဖက်တွင် တော့ ၎င်းကို ယှဉ်၍ မရလောက်အောင် အင်အား တောင့်တင်းနေသည်။ ဤသည်ကလည်း ၎င်း ဒုတိယ ကြည်း တပ်မ ကို ကွပ်ကဲခဲ့စဉ်က ရှိခဲ့သော လက်အောက်ခံ စစ်အရာရှိများကို လက်ရှိ ပြည်သူ့ လွတ်မြောက်ရေး တပ်၏ အထွေထွေ စစ်ဦးစီးဌာန၊ နေ့စဉ် စစ်ရေး စစ်ရာ များကို ကိုင်တွယ် နေရသော ဗဟို စစ်ကော်မရှင် အတွင်း ရေးမှုး ရုံးကဲ့သို့ အဓိက ရာထူးများ တွင် ခန့်အပ်ထားခဲ့သော ကြောင့် ဖြစ်သည်။
လစ်ဘရယ်များ အတွက် နိုင်ငံရေးအရ ထောက်ခံမှု ပေးနေသည့် အရင်းအမြစ်များက အမျိုးမျိုး ကွဲပြားနေသည်။ ပါတီ အတွင်းတွင် ဩဇာ သိတ်မရှိလှသည့် ရှီ ကျုန်းရွှင်ကဲ့သို့ တော်လှန်ရေး စစ်ပြန်ကြီး မဆိုသလောက် သာ ရှိသည်၊ ရှီ ကျုန်းရွှင်သည် ရှီ ကျင့်ဖျင်၏ ဖခင် ဖြစ်ပြီး ပါတီ ဗဟို အတွင်းရေးမှုး ရုံး အဖွဲ့မှုး ဖြစ်သည်။ နောက်တဦးက ဒုတိယ ဝန်ကြီးချုပ် ဝမ်ယီ ပင် ဖြစ်သည်၊ ၎င်းသည် ၁၉၇၀ ကျော် နှစ်များ အကုန်ပိုင်း အတွင်း အန်းဟွေး ပြည်နယ် ပါတီ အကြီးအကဲ ဖြစ်ခဲ့စဉ်က လယ်ယာမြေ ပြုပြင် ပြောင်းလဲရေး များ စတင်ပြုလုပ်ခဲ့သည့် အတွက် နာမည်ရလာသူ လည်း ဖြစ်သည်။ ကွမ်တုံ နှင့် ဖူဂျီယန် ပြည်နယ်များ တွင်လည်း အလားတူ ပြုလုပ်ခဲ့သည်။
လစ်ဘရယ်များကို ကျယ်ကျယ်လောင်လောင် ထောက်ခံခဲ့သူများက ပညာတတ် အသိုက်အဝန်း မှ ဖြစ်သည်။ ၎င်းတို့၏ ပြောဆို ရေးသားမှုများသည် လစ်ဘရယ် အုပ်စု အတွက် တန်ဖိုး မဖြတ်နိုင်အောင် ဖြစ်လာခဲ့ရသည်။ ၎င်းတို့က ပြုပြင်ပြောင်းလဲရေး အတွက် အိုင်ဒီယာများ ပေးနိုင်ခဲ့သလို ကွန်ဆာဗေးတစ် အုပ်စု ၏ ဝါဒ ရေးရာ ချွတ်ခြုံကျနေမှု ကိုလည်း ဖေါ်ထုတ်ခဲ့ကြသည်။
သို့သော် ၎င်းတို့အားလုံးတွင် နိုင်ငံရေး အာဏာ ကင်းမဲ့နေကြသည်။ တခါတရံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များလုပ်ရန် ပြင်းပြင်းထန်ထန် တွန်းအားပေးလာသည့် အခါမျိုးတွင် လစ်ဘရယ်များ အတွက် ပြဿနာ ဖြစ်လာအောင် ဖန်တီးသလို ဖြစ်လာခဲ့ရသည်။
လစ်ဘရယ် သမား တို့၏ အကြီးမားဆုံး အားနည်းချက်သည်ကား ၎င်းတို့ ထိထိရောက်ရောက် လုပ်နိုင်ကိုင်နိုင်ရန် နှင့် ဆက်၍ ရှင်သန် နေနိုင်ရန် တိန့်ရှောင်ဖိန်၏ ထောက်ခံမှု အပေါ် လုံးလုံးလျားလျား မှီခိုနေရခြင်းပင် ဖြစ်သည်။ အကယ်၍ တိန့်ရှောင်ဖိန်သည် သာ ၎င်းတို့ လုပ်လိုသည့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ ဖက်က ရပ်တည်ပေးခဲ့မည် ဆိုလျင် ကွန်ဆာဗေးတစ်များ၏ ဆန့်ကျင်နေမှု များကို ကျော်လွှားနိုင်မည် ဖြစ်သည်။ သို့သော် တိန့်ရှောင်ဖိန်သည် ၁၉၈၇ တွင် "ဘူဇွာတို့၏ လွတ်လပ်ခွင့်" ဆိုသည်ကို နှိပ်ကွပ်လာခဲ့ခြင်းဖြင့် ကွန်ဆာဗေးတစ် ဖက်မှ ရပ်တည်လာခဲ့သည်။
ဤသို့ဖြင့် ဟူယောင်ပန်း၏ ကျဆုံးခန်း ရောက်လာခဲ့ပြီး ၁၉၈၉ တီယန်မင် အရေးအခင်း ကြီး နှင့် အတူ လစ်ဘရယ်သမား တို့ အရေးနိမ့်သွားခဲ့ရသည်။ ထိုစဉ်က လစ်ဘရယ် သမားများကလည်း တိန့်ရှောင်ဖိန်၏ ရက်စက် ကြမ်းကြုပ်မှု နှင့် ယုံကြည်စိတ်ချရမှု အပေါ် လျော့တွက်ခဲ့ကြဖွယ် ရှိသည်။ တိန့်ရှောင်ဖိန် အဖို့က လစ်ဘရယ်သမား များ သည် သူ့အတွက် အသုံးဝင်သော်လည်း နောက်ဆုံးတွင် မရှိ မဖြစ် မဟုတ်ဟု ယူဆထားသည်။
၎င်း၏ ဈေးကွက်လိုလားသော မူဝါဒ များ နှင့် အနောက်အုပ်စု ကို တံခါးဖွင့် ဆက်ဆံလိုမှု များကို ဆန့်ကျင်နေသော ကွန်ဆာဗေးတစ်များကို တိုက်ခိုက်ဖို့ အတွက်သာ လိုအပ်သည်။ သို့သော် နိုင်ငံတော် အာဏာကို ပါတီ တဦးတည်း မောင်ပိုင်စီး ချုပ်ကိုင်ထားမှ ဖြစ်မည် ဆိုသည့် လွန်စွာ အရေးကြီး သော ကိစ္စကို အာခံလာမည် ဆိုက ဘေးဖယ်ထုတ်ပစ်ရန် နှောင့်နှေး လိမ့်မည် မဟုတ်ဟု ၎င်း၏ ခံယူချက်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ကွန်ဆာဗေးတစ်များ၊ အလယ်အလတ် သမားများ နှင့် လစ်ဘရယ်သမား များ အကြား အင်အား ချိန်ခွင်လျှာ တဖက်စောင်းနင်း ဖြစ်နေသည့် ကြားမှပင် ၁၉၈၀ ကျော် နှစ်များ အတွင်း စီးပွားရေး နှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ရလဒ်များ ထွက်ပေါ်လာခဲ့သည်။ တိန့်ရှောင်ဖိန်သည် လည်း ၎င်း၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှု များကို ကွန်ဆာဗေးတစ် တို့၏ ဆန့်ကျင်နေမှု များကို ကျော်လွှားနိုင်ရန် လစ်ဘရယ် တို့ အပေါ် မရှိမဖြစ် မှီခိုလာခဲ့ရသည်။ ဤသို့ဖြင့် စီးပွားရေး မူဝါဒ များ နှင့် ပတ်သက်၍ အားပြိုင်လာမှု များတွင် လစ်ဘရယ် တို့သည် တိန့်ရှောင်ဖိန် နှင့် အတူ တစည်းတလုံးတည်း ရပ်တည်လာခဲ့ကြသည်။
သို့သော် တိန့်ရှောင်ဖိန်သည် လစ်ဘရယ် တို့ လုပ်ချင်တိုင်း လုပ်ခွင့်ပြုခဲ့သည်တော့ မဟုတ်၊ ပါတီ အုပ်ချုပ်ရေးကို ထိခိုက်လာနိုင်သည့် လွတ်လပ်ခွင့်များ၊ ဒီမိုကရေစီ လိုလားသော အရိပ်အယောင်များကို သဘောထား တင်းမာသူ များ နှင့် ပေါင်း၍ ဖိနှိပ်လာခဲ့ပြန်သည်။ ဆိုလိုသည်က ချန်ယွန်း နှင့် တိန့်ရှောင်ဖိန်တို့သည် အခြေခံကျကျ သဘောကွဲလွဲနေခြင်း မျိူး မဟုတ်ဘဲ ဗျူဟာပိုင်းတွင်သာ ညှိမရ ဖြစ်နေကြခြင်း ဖြစ်သည်။ နှစ်ဦးစလုံးက တပါတီ အုပ်ချုပ်ရေး ကို အရာမယွင်း အောင် ထိန်းသိမ်းထားလိုကြသည်။
တိန့်ရှောင်ဖိန်သည် ချန်ယွန်း၏ တံခါးပိတ် အမိန့်ပေး အမိန့်ခံ စီးပွားရေး အစား ဈေးကွက်လိုလားသော မူဝါဒ များ နှင့် အနောက်အုပ်စု ကို တံခါးဖွင့် ဆက်ဆံခြင်းဖြင့်သာ တပါတီ အုပ်ချုပ်ရေး ခိုင်မြဲရန် ဆိုသည့် အန္တိမ ရည်မှန်းချက်ကို ဖြည့်ဆည်း နိုင်မည်ဟု ယုံကြည်ထားသူ ဖြစ်သည်။ မော် ကာလ နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များက တိန့်ရှောင်ဖိန် မှန်ကြောင်း သက်သေပြသလို ထွက်ပေါ်လာခဲ့သည်။
လစ်ဘရယ်များ နှင့် မူ အခြေခံက အစသဘောထား ကွဲလွဲခြင်း ဖြစ်ပြီး စက်ဆပ်၍ မရ ဖြစ်နေသည်။ လစ်ဘရယ်သမားများက ဈေးကွက် စီးပွားရေး စနစ် နှင့် နိုင်ငံရေး ဖက်တွင်လည်း ပါတီ၏ အာဏာ အပေါ် ဥပဒေ စိုးမိုးသည့် စနစ်ဖြင့် ကန့်သတ်ထားခြင်သည်။ နိုင်ငံ၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်နေခြင်းကိုလည်း ရုပ်သိမ်းလိုကြသည်။
တတ်သိပညာရှင် လစ်ဘရယ်သမားများက ပါတီစုံ ဒီမိုကရေစီ စနစ်ကို ထောက်ခံ ပြောဆိုနေကြသော်လည်း ဟူယောင်ပန်း နှင့် ကျောက်ကျိယန် ကဲ့သို့ လစ်ဘရယ် ခေါင်းဆောင်ပိုင်းကမူ CCP အုပ်ချုပ်ရေး အစားထိုးရန်အထိ မရည်ရွယ်ခဲ့ကြပေ။
အယူအဆ တင်းမာသူ များ နှင့် တိန့်ရှောင်ဖိန် အုပ်စု အကြား အခြေခံ အကျဆုံး ခံယူချက်များ တွင် တသဘောတည်း ရှိနေကြခြင်းကို ကြည့်မည် ဆိုက ပါတီတွင်း အင်အား အနည်းဆုံး ဖြစ်သည့် လစ်ဘရယ် အုပ်စုသည် ၁၉၈၀ ကျော် နှစ်များ အတွင်း ဖြစ်ပွားနေသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း နှင့် ပတ်သက်သည့် တိုက်ပွဲများ၊ ၁၉၈၆ နှစ်ကုန်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှု များ၊ ၁၉၈၉ မေလ နှင့် ဇွန်လ အတွင်း ဖြစ်ပွားခဲ့သော တီယန်မင်း အရေးအခင်း များ တွင် အောင်ပွဲခံနိုင်ဖို့က မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်း မရှိပေ။
ခေါင်းဆောင်များ အကြား အာဏာလွှဲပြောင်းရေးကို စနစ်တကျ ပုံဖေါ်လာခြင်း
************
၁၉၈၀ နှစ်များ အလွန် အစောပိုင်း ကာလများ တွင် အကျိုးတူ ပူးပေါင်းလာကြသော ညွှန်ပေါင်း အဖွဲ့ကြီး အတွင်း ဦးစားပေး အကောင်အထည် ဖေါ်ရမည့် အစီအစဉ်များထဲတွင် ပါတီတွင်း မော် ကဲ့သို့ ပုဂ္ဂိုလ်မျိုး ထပ်မံ ထွက်ပေါ်လာမည့် အရေးမှ ကာကွယ်ရန် နှင့် ပါတီ ခေါင်းဆောင်ပိုင်း ကို ပြန်လည် သွေးသစ် လောင်းရန် တို့သည် ထိပ်ဆုံးမှ ပါရှိလာခဲ့သည်။
တိန့်ရှောင်ဖိန်သည့် ၎င်းတို့ လုပ်ရန် ရည်ရွယ်ထားသည့် လုပ်ငန်းစဉ်များကို ၁၉၈၀ ဩဂုတ်လ တွင် ပြုလုပ်သော ပေါ်လစ်ဗျူရို တိုးချဲ့ အစည်းအဝေး တွင် ချပြလာခဲ့သည်။ ၎င်း၏ မိန့်ခွန်းသည် တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်အတွင်းရှိ ချို့ယွင်းချက်များနှင့် အနာအဆာများကို အပွင့်လင်းဆုံးနှင့် အထိမိဆုံး ဝေဖန်ပိုင်းခြားပြထားခြင်း ဖြစ်ပြီး အဆိုပါ အားနည်းချက်များကို လျှော့ချရန်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုပါ အသေးစိတ် ချပြထားသည်။
တိန့်ရှောင်ဖိန် ၏ အမြင်အရ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ယန္တရားအတွင်းရှိ အဆိုးရွားဆုံးသော စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များနှင့် ၎င်းတို့၏ ပြုမူလုပ်ဆောင်ပုံ များတွင် အောက်ပါအချက်များ ပါဝင်သည်။
လုပ်ပိုင်ခွင့်များအားလုံး တစ်နေရာတည်း သို့မဟုတ် လူနည်းစုထံတွင်သာ ရှိနေခြင်း။
ဒီမိုကရေစီနည်းမကျဘဲ အကြီးအကဲတစ်ဦးတည်းကသာ အရာရာကို ဆုံးဖြတ်သည့် ဖခင်ကြီးဝါဒဆန်သော ပုံစံများ။
ရာထူးမှ အနားယူရမည့် သက်တမ်း ကန့်သတ်ချက် မရှိခြင်း။
အာဏာရှိသူများက သာ သာမန် လူများထပ် ပိုမိုသော အခွင့်အရေးများကို ရယူခံစားနေခြင်း တို့ ဖြစ်သည်။
တိန့်ရှောင်ဖိန်သည် "ပဒေသရာဇ်စနစ်" (အမှန်စင်စစ်တွင် အာဏာရှင်ဆန်သော အတွေးအခေါ်ကို ဆိုလိုခြင်းဖြစ်သည်) နှင့် "ဖခင်ကြီးဝါဒ" (Paternalism) ဖြစ်စဉ်တို့ကိုလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။ ထို "ဖခင်ကြီးဝါဒ" ကို ပါတီအဖွဲ့အစည်း၏ အထက်တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လွှမ်းမိုးချုပ်ကိုင်ထားသည့် အာဏာရှင်စနစ် (Despotism) ပုံစံတစ်မျိုးအဖြစ် သူက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
ဖြစ်နိုင်ဖွယ် ရှိသည်က ၎င်း၏ စိတ်ထဲတွင် မော် ရှိနေသော ကြောင့် ဟု ယူဆရသည်။ ဖခင်ကြီး ဝါဒ သည် ပါတီကို ကမ်းကုန်အောင် ဆိုးကျိုးများ သက်ရောက်စေခဲ့သည်ဟု အပြစ်ဖို့ထားသည်။
အဆိုပါ ချို့ယွင်းချက်များကို ပြင်ဆင်ရန် တိန့်ရှောင်ဖိန်မှ ပါတီ အကြီးအကဲ ဖြစ်သူသည် ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် လုပ်ဖေါ် ကိုင်ဖက်များ နှင့် တိုင်ပင်ရမည် ဆိုသည့် စုပေါင်း ခေါင်းဆောင်မှု ရှိသင့်သည်ဟု အဆိုပြုလာသည်။ နောက်ထပ် ဖြေရှင်းနိုင်စရာ တခု အဖြစ် ရာသက်ပန် ကေဒါ ဖြစ်ခွင့်ကို ပယ်ဖျက်ရမည်၊ ကေဒါများ ကို ရွေးချယ်ခြင်း၊ ခန့်အပ်ခြင်း၊ စီစစ် သုံးသပ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ထုတ်ပယ်ခြင်း အစရှိသည်တို့ဖြင့် တိုးတက်မှု ရှိအောင် လုပ်ဆောင်ရမည်ဟုလည်း ပြောလာခဲ့သည်။
ဤသည်က အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ တိန့်ရှောင်ဖိန်မှ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှုသည် ပါတီနှင့် နိုင်ငံတော်၏ နိုင်ငံရေးသက်တမ်းတစ်လျှောက် "ဒီမိုကရေစီစနစ် ကူးပြောင်းရေး" အတွက် အဖွဲ့အစည်းပိုင်းအား အကာအကွယ်များ ပေးနိုင်လိမ့်မည်ဟု ပြောခဲ့ သော်လည်း၊ တကယ်တမ်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လုပ်ဖို့အထိတော့ အပြည့်အဝ တိုက်တွန်းပြောဆိုခြင်း မရှိခဲ့ပေ။
ထိုအစား အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာသိရှိနိုင်ရန် စုံစမ်းစစ်ဆေးပြီး လက်တွေကျမည့် အစီအစဉ် များ ချမှတ်ရမည်ဟုသာ ပြောခဲ့သည်။ ပါတီ နှင့် နိုင်ငံ၏ ဦးဆောင်မှု အား ပြုပြင်ပြောင်းလဲရေးသည် ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍ နှင့် စည်းမျဉ်းစည်းကမ်းကို ခိုင်မာသည်ထက် ခိုင်မာစေရန် သာဖြစ်ပြီး လျော့တိလျော့ရဲ ဖြစ်သွားစေရန် မဟုတ်ဟု ပြောလာသည်။ ပါတီ မရှိခဲ့ပါက မိမိတို့နိုင်ငံသည် ပြိုကွဲပြီး ဘာတခုမှ ဖြစ်လာတော့မည် မဟုတ်ဟု ဆိုသည်။
ထိုမိန့်ခွန်းကပင် တိန့်ရှောင်ဖိန်တွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှု နှင့် ပတ်သက်၍ ၎င်း၏ အမြင်သည် အကန့်အသတ် နှင့်သာ ဖြစ်သည်ကို တွေ့လာရသည်။ သို့သော် တရုတ်နိုင်ငံရေး စနစ်၏ အလေးအနက် ခြိမ်းခြောက်လာနေသည့် ရောဂါ လက္ခဏာများကို မှန်မှန်ကန်ကန် ထောက်ပြ နိုင်ခဲ့သည်။ ထိုရောဂါဗေဒ ကို လတ်တလော ဖြေရှင်းချက်တရပ် အနေဖြင့် ရာသက်ပန် ရာထူးရယူထားခြင်း ကို ဖျက်သိမ်းရန် နှင့် ကေဒါစနစ်ကို တိုးတက်မှု ရှိအောင် ဖေါ်ဆောင်ရန် တို့ အဆိုပြုလာခဲ့သည်။ ထို အဆိုပြုချက်များသည် အလုပ်သဘော နှင့် ပါတီဖွဲ့စည်းပုံ သဘော ပို ဆန်နေသည်။
၎င်းသည် ပါတီတွင်း ပြဿနာ များကိုသာ အဓိက ထား ဖြေရှင်းရန် ကြိုးစားခဲ့ပြီး ပါတီ-အစိုးရ နှင့် တရုတ် လူ့အဖွဲ့အစည်းများ အကြား ပေါ်ပေါက်နေသော တရားဥပဒေ စိုးမိုးမှု မရှိခြင်း နှင့် ဒီမိုကရေစီ လိုလား နေသော ပြဿနာများကို မူ ဖြေရှင်းလိုစိတ် မရှိသည်ကို တွေ့ရသည်။ ထို့အပြင် ပါတီတွင်း တဦးတယောက်၏ လက်ဝယ် အာဏာ များ စုစည်းနေခြင်း၊ ပဒေသရာဇ် ဆန်နေခြင်း နှင့် ဖခင်ကြီး ဝါဒ ဆိုသည် အနေအထား များ လျော့ပါးသွားရန် မည်သို့ မည်ပုံ အာဏာသက်ဝင် အောင် လုပ်ရမည် ဆိုသည်နှင့် ပတ်သက်၍ ရှင်းလင်းစွာ တွေးခေါ်ထားပုံ မရပေ။
အဆိုးရွားဆုံး အချက်မှာ တိန့်ရှောင်ဖိန်သည် ကွန်မြူနစ်ပါတီ၏ တစ်ပါတီအာဏာရှင် လက်ဝါးကြီး အုပ် စနစ် ကို ထိခိုက်စေနိုင်မည့် ပြုပြင်ပြောင်းလဲမှုများကို သတိပေးတားမြစ်ခဲ့ခြင်းအားဖြင့်၊ တရုတ်လူထုအား လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးရန် သို့မဟုတ် စနစ်သစ်နှင့် စံနှုန်းများကို ကာကွယ်ပေးနိုင်မည့် လွတ်လပ်သော အင်အားစုတစ်ခုအဖြစ် 'ဥပဒေစိုးမိုးရေး' ကို တည်ဆောက်ရန်ဟူသော လမ်းစများကို ထိရောက်စွာ ပိတ်ပင်တားဆီးခဲ့လေသည်။