အာဆီယံ ကို ကယ်တင်ခဲ့သူသည် မင်းအောင်လှိုင် ဖြစ်နေ၊ သူ ဘယ်မှာလဲ

by Hla Soewai - Feb 02 2026

ဖိလစ်ပိုင် အလယ်ပိုင်း ပင်လယ်ကမ်းခြေမြို့ ဖြစ်သော စီဘူး တွင် ကျင်းပနေသည့် အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီး များ အလွတ်သဘော ဆွေးနွေးပွဲ သို့ မြန်မာ မှ အတွင်းဝန် အဆင့်သာ တက်ရောက်ခွင့် ရခဲ့သည်။

 

ယခုနှစ် သည် မြန်မာ မှ ဥက္ကဌ တာဝန် ယူရမည့် အလှည့် ဖြစ်သော်လည်း ရပ်ဆိုင်းခံလိုက်ရ၍ ဖိလစ်ပိုင် က တာဝန်ယူ ရမည် အဖြစ် ရောက်သွားခဲ့ရခြင်း ဖြစ်သည်။

 

မြန်မာ ပြည် တွင် ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ ဦးစားပေး ဆွေးနွေးရန် အစီအစဉ် တွင် ဦးစားပေး ထည့်သွင်း ထားသည်ဟု သိရသည်။ ထိုသို့ လုပ်လာခဲ့ကြသည်မှာလည်း ငါးနှစ်ကျော်လာခဲ့ပြီ လည်း ဖြစ်သည်။

 

၎င်းတို့ ရွေးကောက်ပွဲ အား တရုတ်၊ ရုရှားတို့က လှိုက်လှိုက်လှဲလှဲ ထောက်ခံ မှု ပေးနေခြင်းက ပင် အလိုလို နေရင်း အားလုံး က လက်တွန့်ပြီး နာမည် ပျက် သွားခဲ့ရခြင်းလည်း ဖြစ်သည်။

 

သို့သော် ယခု တကြိမ် ထူးခြားလာသည်က ဥက္ကဌ ဖြစ်သည့် ဖိလစ်ပိုင် သည် ယခင် မလေးရှား၊ အင်ဒို နီးရှား တို့ကဲ့ သိသာသိစေ မမြင်‌ စေ နဲ့ ပုံစံမျိုး မဟုတ်ဘဲ မြန်မာ ပြည်သူတို့၏ တော်လှန်ရေး အဖွဲ့များ အား တခမ်းတနား ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့သည့် အကြောင်းများ တရားဝင် သတင်းထုတ်ပြန်လာခြင်း ပင် ဖြစ်သည်။

 

မြန်မာ ဆိုင်ရာ အထူးသံတမန် အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး မစ္စက် လာဇာရို၏ နေပြည်တော် ခရီးစဉ် နှင့် ပတ်သက်ပြီး သူမ၏ လုပ်ဖေါ် ကိုင်ဖက် များ အား အကြောင်းစုံ အစီရင်ခံ ဖို့လည်း ရှိနေသည်။ ထို့အပြင် သူမနှင့် တွေ့ဆုံခဲ့သည် အမျိုးသား ညီညွတ်ရေး အစိုးရ ဒုနိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း အပါအဝင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ သဘောထားကိုလည်း တင်ပြရန် ရှိနေသည်။

 

အာဆီယံသည် မင်းအောင်လှိုင်အား ပြဿနာ ၏ အရင်းအမြစ် တခု အဖြစ်သာ အသိအမှတ်ပြု ဆက်ဆံနေပုံ ရ‌သည်။

 

သို့သော် အာဆီယံသည် မြန်မာ အရေးအား ဖြေရှင်းရာတွင် အဖွဲ့ဝင် နိုင်ငံများ၏ စုပေါင်း အဖြေရှာမှု ဆိုသည် အပြင် Myanmar-owned, Myanmar-led ဆိုသည့် မြန်မာ ကိုယ်တိုင် ဦးဆောင်ပြီး၊ ကိုယ်တိုင်လည်း ဖန်တီးပေးမည့် အစီအစဉ် မျိုးလည်း ဖြစ်ရမည် ဆိုထား၍ မည်သို့မျှ ထင်တိုင်း မပေါက်မည့် တောင်တက် ခရီးကြမ်း ကြီး ကို တရွေ့ရွေ့ တက်လှမ်းနေသည် နှင့် အလားသဏ္ဍန်တူနေပေသည်။

 

ထိုပုံစံထဲက ဖေါက်မထွက် နိုင် မချင်း မည်သို့မျှ ဖြစ်လာနိုင်ခြေ မရှိပေ။

 

ဥပမာ ဆိုရက တောင်တရုတ် ပင်လယ် အတွင်း လိုက်နာ ရမည့် ကျင့်ဝတ်စည်းကမ်း များ ချမှတ် နိုင်ရေး အတွက် တရုတ် နှင့် ဆွေးနွေးလာသည်မှာ နှစ်ပေါင်း နှစ်ဆယ်ပင် ရှိလာနေသော်လည်း မည်သည့် အချက် တခုတလေမျှ ယခုတိုင် မယ်မယ်ရရ ထွက်မလာသေးပေ။

 

ထိုပြဿနာ နှစ်ရပ်စလုံး အပေါ် ဖိလစ်ပိုင်မှ "မဟာဗျူဟာ အသစ်" ဖြင့် ချဉ်းကပ်သွားမည်ဟု လာဇာရိုက ကြိမ်းဝါးလာခဲ့သည်။

 

ကမ္ဘောဒီယား နှင့် ထိုင်း ဖြစ်ပွားသော နယ်ခြားစစ် အား လည်း ဒေါ်နယ် ထရမ့် မှ နာမည် ဝင်ယူသွားခံလိုက်ရသည်သာ အဖတ်တင်သွားခဲ့ရသည်။

 

တကယ်တမ်း တွင် အာဆီယံသည် ၎င်းတို့ ရင်ဆိုင်နေရသည်က ဗိုလ်ကျ အနိုင်ကျင့် လိုသည့် အာဏာရှင် တရုတ် နိုင်ငံ နှင့် အာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ မည်သို့မျှ အလျော့မပေး ဖိနှိပ် အုပ်ချုပ်သွားလိုသည့် မြန်မာ စစ်အာဏာရှင် အုပ်စု ဖြစ်နေသည်။

 

ထို့အတွက်လည်း နိုင်ငံတနိုင်ငံချင်းစီ၏ အကျိုးစီးပွား ပျက်ပြားစေနိုင်မည့် ထိတ်တိုက် တွေ့နိုင်သည့် လမ်းကြောင်း ကို ရှောင်ပြီး လှုပ်ရှားမှု တခုခု ပြနိုင်ဖို့သာ အရေးကြီးသည်ဟူသော လမ်းကြောင်း ကို လျောက်လှမ်းနေကြခြင်းသာ ဖြစ်သည်။

 

ထိုအနေအထား တွင် မင်းအောင်လှိုင်သည် အာဆီယံကို ကယ်တင်ပေးလိုက်သူသာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

 

အာဏာသိမ်းပြီး ဂျကာတာ တွင် ခေါ်ယူသည့် အာဆီယံ အရေးပေါ် အထူး အစည်းအဝေး အား ပထမ ဆုံး နှင့် နောက်ဆုံး အကြိမ် သွားရောက် ခဲ့သည်၊ အကယ်၍ ထိုအစည်းအဝေး မတက်ခဲ့၊ တက်လည်း ချပြသည့် အချက် ငါးချက် ကို ဘာမှန်းမသိ၊ ညာမှန်း မသိ ခေါင်း ငြိမ့်ခဲ့ခြင်း မရှိဟု ဆိုက အာဆီယံမှ အဖွဲ့ဝင် ဆယ်နိုင်ငံ၏ ဘုံရပ်တည်ချက် ဆိုသည် five-point plan ဆိုသည် မှ ထွက်လာစရာ အကြောင်းမရှိ၊ မြန်မာဖက်က သဘောမတူ ဆိုက ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား တို့လည်း နောက်တွန့်သွားကြမည်သာ ဖြစ်သည်။

 

ယခုအခါ တွင်တော့ မင်းအောင်လှိုင် သဘောတူခဲ့၍ အာဆီယံသည် အချက် ငါးချက် နှင့် လူသိရှင်ကြား လုပ်စား၍ ရသွားခဲ့ခြင်း ဖြစ်သည်။ ၎င်းအားလည်း လူလိမ် ဆိုကာ အစည်း အဝေး တက်ခွင့် မပေးတော့။

 

မင်းအောင်လှိုင် သည်လည်း သူကိုယ်တိုင် ခေါင်းညိမ့်လာ၍ မည်သူမျှ လွှဲချ၍ မရတော့။

 

သို့သော် မန္တလေး နန်းတွင်း သို့ ၎င်း ရှိ နေစဉ်‌ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ တိုင်းမှူး နေအိမ်ကို ထိမှန်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ပြည်ထဲရေး ဝန်ကြီး ထွန်းထွန်းနောင်အား စစ်ဖက်သို့ ပြန်ခေါ်ပြီး ချက်ခြင်းလို စစ်ရေးချုပ် ဖုန်းမြတ် နှင့် အစားထိုးကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့သည်။

 

မင်းအောင်လှိုင် ၏ သတင်း သည်လည်း ၎င်းတို့၏ ဝါဒ ဖြန့်ချီရေး မီဒီယာများ တွင် ပျောက်ကွယ်နေသည်မှာ နှစ်ရက်ခန့် ရှိနေပြီ ဖြစ်၍ လှုပ်လှုပ်ရွရွ ဖြစ်လာသည်ကတော့ အမှန်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!