အဆိပ်ရည် အပြည့် နဲ့ တစ္ဆေသင်္ဘော

by Hla Soewai - Feb 02 2026

ချင်း ပြည်နယ် အတွင်းရှိ ဗင်ဟာ ကျေးရွာ စာသင်‌ ကျောင်း တကျောင်းအား အကြမ်းဖက် တပ် မှ ဗုံးကြဲ တိုက်ခိုက်လာခဲ့သည့် ၂၀၂၅ အောက်တိုဘာ ၁၃ ရက်နေ့ တွင် တိုက်တိုက် ဆိုင်ဆိုင် ပင် အီရန် လောင်စာတင် သင်္ဘောကြီးသည် စစ်အုပ်စု အတွက် အလွန်အမင်း လိုအပ်နေသော လေယာဉ်ဆီ တန်ချိန် ၁၆,၀၀၀ ကို ချပေးခဲ့ပြီး နောက် ပြန်လည် ခုတ်မောင်း ထွက်ခွာ သွားပြီ ဖြစ်သည်။

 

အီရန်၏ တရားမဝင်လောင်စာဆီ တင်ပို့မှုများ သည် စစ်အုပ်စု အား ၁၅ လအတွင်း အရပ်ဘက်ပစ်မှတ်ပေါင်း ၁,၀၀၀ ကျော်ကို တိုက်ခိုက်နိုင်အောင် ကူညီပေးခဲ့သည်ဟု ရိုက်တာ သတင်းဌာန မှ အသေးစိတ် ထောက်လှမ်း ပြီး ထုတ်ပြန်သော အစီရင်ခံစာတွင် ပါရှိလာခဲ့သည်။

 

ထိုသို့ အီရန်မှ တင်ပို့ နေမှု များကြောင့် အကြမ်းဖက် စစ်အုပ်စုသည် လေကြောင်း နှင့် လက်နက် သာလွန် အင်အားဖြင့် တော်လှန်ရေး တပ်များ အား တိုက်ခိုက် နိုင်နေခြင်းလည်း ဖြစ်သည်။ စစ်အုပ်စု အတွက်သာ မကအစဉ်အလာ မဟာမိတ်များထံမှ ထောက်ခံမှု လည်း လျော့နည်းလာနေပြီး ပိတ်ဆို့ ဒဏ်ခတ် ခံထားရမှု ကြောင့် ဝင်ငွေလည်း ကျဆင်းလာနေသော အီရန် အတွက် သိသိသာသာ အကျိုး ရှိစေခဲ့သော နိုင်ငံခြားငွေ ရပေါက်ရလမ်း တခု ဖြစ်လာခဲ့ရသည်။ လေယာဉ် လောင်စာဆီသည် ရေနံစိမ်း နှင့် နှိုင်းယှဉ်လျှင် လွန်စွာ တန်ဘိုး မြင့်နေ၍ အီရန် အတွက် မက်လောက်စရာ ဖြစ်နေသည်။ မကြာသေးမီ က စာရင်းအရ ဒေါ်လာ ၁၂၃ သန်း ခန့် ရနေသည်ဟု သိရသည်။

 

အီရန်သည် ၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ ဒီဇင်ဘာလအတွင်း လေယာဉ်ဆီ တန်ချိန် ၁၇၅,၀၀၀ တင်ပို့လာခဲ့သည်၊ ထိုကာလ အပိုင်းအခြား အတွင်း အရပ်သား ၁,၇၂၈ ဦး သေဆုံးသွားခဲ့ရသည်။ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲ နေရရင်းက နိုင်ငံ ကိုဖိနှိပ်ချုပ်ချယ် နေကြသည့် နှစ်ဖွဲ့စလုံး အတွက် မရှိမဖြစ်လိုအပ်သော အထောက်အပံ့များကို ရနေခြင်းဖြစ်သည်။ မြန်မာ သို့ တင်ပို့နေသည် များကို အီရန် တော်လှန်ရေး အစောင့်တပ် IRGC နှင့် ဆက်စပ်နေသော အီရန် နိုင်ငံပိုင် ရေနံ ကုမ္ပဏီ ၏ လက်ခွဲ NIORDC က တာဝန်ယူထားသည်။

 

အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးအရ ဖိအားပေးမှုများအပြင် ငွေတန်ဖိုး ကျဆင်းမှုအကျပ်အတည်းနှင့်ပါ ရင်ဆိုင်နေရသော အီရန်၏ မူလာကြီး များသည် ၎င်းတို့၏ တည်ငြိမ်မှုကို ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ခြိမ်းခြောက်ခဲ့သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို နှိမ်နင်းခဲ့သည်။ အီရန် အစိုးရအနေဖြင့် နှစ်ရှည်လများ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရပြီးနောက် ဖြစ်ပေါ်လာသည့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကို လျှော့ချရန် ကြိုးပမ်းနေရချိန်လည်း ဖြစ်သည်။ စစ်အုပ်စုသည် လည်း ရုရှား နှင့် တရုတ်မှ တင်သွင်း အသုံးပြုနေသော တရာ ခန့် ရှိသောတိုက်လေယာဉ် များ အတွက် လည်း လေယာဉ်ဆီ အလုံအလောက် ရလာနေသည်။ Myanmar Peace Monitor မှ ပြုစုထားသော စာရင်းများအရ ယခင်ကထက် အကြိမ် အရည်အတွက် နှစ်ဆခန့် တိုး၍ တိုက်ခိုက် နိုင်သည်ကို တွေ့လာခဲ့ရသည်။

 

ထိုသို့ အီရန်မှ တင်ပို့ နိုင်အောင် အမေရိကန်၏ ဒဏ်ခတ်ခံ Reef and Nobel ကုမ္ပဏီ က တာဝန်ယူကာ လမ်းကြောင်း ဖျောက်နိုင်သည့် နည်းပညာ များ ဖြင့် ဖုံးကွယ်ပေးခဲ့သည်။ အဆိုပါ လောင်စာဆီများ လက်ခံ သိုလှောင်ပေးနေသော မြန်မာ ဖက်က ကုမ္ပဏီများသည်လည်း အနောက်အုပ်စု၏ ပိတ်ဆို့ဒဏ်ခံ ခြင်း ခံထားရသည်။

 

Reef သည် လောင်စာဆီများ သင်္ဘောပေါ် တင်နေစဉ် နေရာ တည်နေရာ ကို အရှိ အတိုင်း ထုတ်လွှင့် ပေးနေသော်လည်း ထွက်ခွာလာသည့် အခါတွင်တော့ လမ်းကြောင်းမှန် ပျောက်ကွယ်သွားခဲ့ရပြီး နိုင်ငံတကာ ရေပိုင်နက် အတွင်း မှောင်ရိပ်ခို သွားလာ‌ နေသည့် တစ္ဆေ သင်္ဘောများ အဖြစ် ပြောင်းလဲသွားခဲ့သည်။ Reef သည် မြန်မာ တနိုင်ငံတည်းသာ မက တကမ္ဘာလုံးသို့ ထိုနည်းလမ်း အတိုင်း ဒေါ်လာ ၅၀ ဘီလီယံ ခန့် တရားမဝင် တင်ပို့ပေးနေခြင်း ဖြစ်သည်။ (ပုံတွင် မြန်မာသို့ ပို့ဆောင်နေသည့် Reef ၏ လောင်စာတင် သင်္ဘောအား ဂြိုလ်တု ဓါတ်ပုံအရ တွေ့မြင်နိုင်သည်။)

 

အီရန်သည် ၂၀၁၇ နှစ် ရိုဟင်ဂျာ စစ်ဆင်ရေး အတွင်း မြန်မာအား ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး မူဆလင် နိုင်ငံများကို ဝင်ရောက်စွက်ဖက်ရန် အထိ တိုက်တွန်းခဲ့သော်လည်း စစ်တပ် အာဏာ သိမ်းပြီး နောက်တွင်မူ သ‌ဘောထား ပျော့ပြောင်းလာကာ ပြန်လည် ဆက်ဆံလာခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂ ဇန်နဝါရီ လ အတွင်း အီရန် ကိုယ်စားလှယ် အဖွဲ့ လျို့ဝှက် ရောက်ရှိလာရှိလာရာမှ အစပြုလာခဲ့သည်။

 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အီရန်သမ္မတ မာဆွဒ် ပီဇက်ရှ်ကီယန် နှင့် ဝန်ကြီးချုပ် ဆိုသူ ညိုစောတို့အကြား တွေ့ဆုံမှုတွင် နှစ်ဦးစလုံးက စွမ်းအင်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

 

အီရန်သည် စစ်တပ် ၏ ဗုံးများ ထုတ်လုပ်ရေး တွင် အဓိက လိုအပ်နေသည့် ယူရီယား ကိုလည်း နှစ်စဉ် တန်ချိန် လေးသိန်း မှ ခြောက်သိန်း အထိ တင်ပို့ပေးလျက် ရှိသည်။

 

မြောက်ဦး ဆေးရုံ ဗုံးကြဲ မတိုက်ခံရမီ ရက်အနည်းအလို တွင် အီရန် မှ လောင်စာဆီ မက်ထရစ် တန် ၁၅,၀၀၀ မြန်မာ ဆိပ်ကမ်း တွင် လာ ချ သွားခဲ့သည်။

 

နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေကြသော်လည်း အီရန်နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေးမှာ ပိုမိုခိုင်မာလာနေသည်။ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများနှင့် လက်နက်ခဲယမ်းများ စီးဆင်းမှုသည် စစ်အုပ်စုကို အားတက်စေပြီး တော်လှန်ရေး အဖွဲ့များ နှင့် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဆက်လက် တိုက်ခိုက် နိုင် နေဆဲပင် ဖြစ်သည်။

 

ထို့အတွက် ပါရှား ပင်လယ်ကွေ့ သို့ ထရမ့် စေလွှတ်လိုက်သော အေဗရာဟင် လင်ကွန်း လေယာဉ် တင် သင်္ဘောကြီး ဦးဆောင်လာ သော အမေရိကန် ရေတပ်အုပ်စုကြီး ရည်မှန်းချက် အောင်မြင်စေကြောင်း ဆုတောင်း ပေးယုံကလွဲ၍ ဘာများ တတ်နိုင်ပေဦးမည်နည်း။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!