ချေ ၏ ပြောက်ကျားစစ် လက်စွဲ(25)

by Hla Soewai - Feb 02 2026

အလစ်အငိုက် တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့် အခြေအနေမျိုးတွင်၊ စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းမှု အောင်မြင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ ဝိုင်းရံထားသော ပြောက်ကျား တပ်ဖွဲ့ဝင်များအနေဖြင့် ရန်သူ့ဘက်မှ လာရောက်ကူညီမည့် စစ်ကူ များကို မည်မျှအထိ တားဆီးပိတ်ဆို့နိုင်သနည်း ဆိုသည့် စွမ်းဆောင်ရည်အပေါ်တွင် မူတည်နေပါသည်။

 

ရန်သူ သည် ထိုသို့သော အခြေအနေတွင် လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများ၊ တင့်ကား များကို အသုံးပြုလာကြမည်။ မိမိတို့ အသာစီးရနိုင် မည့် မြေ အနေအထားတွင် တင့်ကားသည် ပြဿနာ မဟုတ်၊ ၎င်းတို့သည့် ကျဉ်းမြောင်းသော လမ်း အတိုင်း မောင်းလာရမည် ဖြစ်၍ အလွယ်တကူပင် မိုင်းခွဲ တိုက်ခိုက် နိုင်ပေသည်။ တင့်ကားများသည် အုပ်စုဖွဲ့၍ မဖြန့်ကျက် လာနိုင်စွမ်း မရှိဘဲ ရှေ့နောက် တန်းစီ သို့မဟုတ် တင့်ကား နှစ်စီး ဘေးချင်းယှဉ်၍သာ ‌ရှေ့တိုးလာကြမည် ဖြစ်သည်။

 

တင့်ကားများကို သေချာပေါက် ဖျက်ဆီးနိုင်သည့် အကောင်းဆုံး လက်နက်သည် မြေမြုပ် မိုင်းပင် ဖြစ်သည်။ မတ်စောက်သော နေရာများတွင် ဖြစ်ပွားလေ့ရှိသည့် အနီးကပ် တိုက်ပွဲမျိုး၌ 'မိုလိုတော့ဗ် ကော့တေး' (ဓါတ်ဆီ မီး‌ လောင် ဗုံး) သည် အလွန်ထိရောက်မှု ရှိသည်။

 

ပြောက်ကျား တို့ အတွက် ပထမ ပိုင်းတွင် ရဖို့လည်း ခက်ခဲပြီး အထိရောက်ဆုံး လက်နက်လည်း ဖြစ်သည့် ဘဇူကာ အကြောင်း ‌‌ဆွေးနွေးလိုပေသည်။

 

အမိုးပါသည့် ကတုတ်ကျင်းသည် လက်နက်ကြီး ရန်ကို ကာကွယ်ပေးနိုင်သည်။ မော်တာသည် ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်သည့်အခါတွင် အလွန်ကြောက်စရာကောင်းပြီး အစွမ်းထက်သည့် လက်နက်ဖြစ် သော်လည်းတစ်ဖက်တွင် လျင်မြန်ဖြတ်လတ်စွာ လှုပ်ရှားတိုက်ခိုက်လာသည့် ပြောက်ကျား များကို ရင်ဆိုင်ရာတွင်တော့ အမြောက်များ အစုလိုက်အပြုံလိုက် အသုံးမပြုနိုင်က ထိရောက်မှု အားနည်းသွားတတ်သည်။

 

ထိုကဲ့သို့သော တိုက်ပွဲ မျိုးတွင် အမြှောက်သည် အဆင်ပြေသည့် နေရာမျိုးတွင် အထိုင်ချထားရပြီး အမြဲတမ်း ရွေ့လျား နေသည့် တဖက်ကိုလည်း မြင်နိုင်စွမ်း မရှိ၍ အရေးပါမှု မရှိတော့။

 

ထိုအခါတွင် ရန်သူသည် လေကြောင်း ပစ်ကူကို အဓိက ထား သုံးလာကြသည်။ သို့သော် ၎င်းတို့၏ ပစ်အားသည် အများအားဖြင့် ဖုံးကွယ်ထား လေ့ ရှိသော ကတုတ်ကျင်းများကို သာ ပစ်မှတ်ထား တိုက်ခိုက်ကြရ၍ ထိရောက်မှု အား ပျော့သွားရသည်။

 

လေယာဉ် ဖြင့် လွန်စွာ ပြင်းအားကောင်းသော ဗုံးများ၊ နပမ်း ခေါ် မီးလောင်ဗုံးများ ကြဲချ နိုင်စွမ်း ရှိနေသည်။ သို့သော် တကယ်တမ်း အန္တရာယ် ပေးနိုင်ခြင်းမျိုး မရှိဘဲ လှုပ်ရှား၍ အဆင်မပြေ ယုံလောက်သာ ဖန်တီးနိုင်သည်။ ပြောက်ကျား တို့ ရန်သူ့ စခန်း နီးလာလေလေ လေယာဉ် မှ ရှေ့ပွိုင့် များကို တိုက်ခိုက်ဖို့ ခက်လာလေလေပင် ဖြစ်သည်။

 

သစ်သား သို့မဟုတ် အခြား မီးလောင်လွယ်သော ပစ္စည်းများ နှင့် ဆောက်ထားသော ရန်သူ့စခန်းများကို ဖျက်ဆီးရာတွင် အနီးမှ ပစ်လို့ရသည့် မိုလိုတော့ ကော့တေး ခေါ် ဓါတ်ဆီ ပုလင်း ဖြင့် လုပ်ထားသော မီးလောင်ဗုံးသည် အထိရောက်ဆုံး ဖြစ်သည်။ အဝေး မှ ပစ်နိုင်ရန် အတွက် ဆိုက အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း မီးကူးစာ ယှက်ထားသော လောင်စာဆီပုလင်းများကို ၁၆ ပေါက်ထွက် ပြောင်းချောသေနတ် များဖြင့် ပစ်လွှတ်နိုင်သည်။

 

မိုင်း အမျိုးမျိုး ရှိသည့် အနက် အထိရောက်ဆုံးသည် အဝေးမှ ဖေါက်ခွဲရသည့် မိုင်း မျိုး ဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အမြင့်မားဆုံး လိုအပ်သော်လည်း၊ တိုက်ရိုက်ထိတွေ့ ပေါက်ကွဲစေသည့် မိုင်းများ၊ စနက်တံသုံးမိုင်းများနှင့် အထူးသဖြင့် ကြိုးရှည်များဖြင့် ဆက်သွယ်ထားသည့် လျှပ်စစ်မိုင်းများသည် အလွန်တရာ မှ အသုံးဝင်လှသည်။ တောင်ပေါ်လမ်းများတွင်မူ ထိုမိုင်းများသည် ပြည်သူ့ ကာကွယ်‌ ရေး တပ်ဖွဲ့များအတွက် ထိုးဖောက်ရန် မဖြစ်နိုင်သော အကောင်းဆုံး ခံစစ်အကာအကွယ်များ ဖြစ်လာပေသည်။

 

မောင်းဝင်လာသည့် သံချပ်ကာ ကားတစီးအား ကာကွယ်နိုင်သည့် အကောင်းဆုံး နည်းလမ်းသည် အောက်ကျသွားပါက ပြန်တက်၍ မရ‌ ‌အောင် မြောင်းတခု ကို ပုံတွင် ပြထားသလို ခပ်စောင်း စောင်း တူးထားခြင်း ဖြစ်သည်။ ထိုသို့ တူးထားသည်ကိုလည်း အထူးသဖြင့် ည အချိန် တွင် ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်။ သို့မဟုတ် တင့်ကား ရှေ့မှ ချီတက်လာသူ များ ရှေ့မတိုး နိုင်‌ အောင် ဖိပြစ်ထား နိုင်သည့် အခါမျိုး တွင် ဖြစ်သည်။

 

သိပ်ပြီး မတ်စောက် ခြင်း မရှိလှသည့် နယ်မြေဒေသ များတွင် ရန်သူ ရှေ့တိုးလာတတ်သည့် နောက်ထပ် ပုံစံတစ်မျိုးသည်က အမိုးဖွင့်ထားသည့် ထရပ် ကားများ နှင့် ဝင် လာခြင်း မျိုး ဖြစ်သည်။ သံချပ်ကာ ကားများသည် စစ်ကြောင်း၏ ထိပ်ဆုံးကနေ ဦးဆောင်ပြီး ခြေလျင် တပ်သားများ ကတော့ ကားများနှင့် နောက်ကနေ လိုက်ပါလာတတ်ကြသည်။

 

ပြောက်ကျားတပ်ဖွဲ့၏ အင်အားပေါ် မူတည်ပြီး အထွေထွေ စစ်စည်းကမ်းများ အတိုင်းထိုကဲ့သို့ ဝင်လာသော စစ်ကြောင်းတခုလုံးကို ဝိုင်းပတ် ပိတ်ဆို့ထားနိုင်စွမ်း ရှိသည်။ ကားအချို့ကို တိုက်ခိုက်ပြီး တစ်ပြိုင်နက် မိုင်းတွေဖောက်ခွဲကာ စစ်ကြောင်းကို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားအောင် လုပ်နိုင်သည်။ ကျဆုံးသွားသည့် ရန်သူ့ဆီက လက်နက်ခဲယမ်းတွေကို သိမ်းပိုက်ပြီး အမြန်ဆုံး ပြန်လည်ဆုတ်ခွာနိုင်ဖို့အတွက် လျှပ်တစ်ပြက် လှုပ်ရှား နိုင်မှုသည် လွန်စွာ အရေးပါသည်။

 

အမိုးဖွင့်စစ်ကားများကို တိုက်ခိုက်ရာတွင် အလွန်အရေးပါသော လက်နက်တစ်ခုမှာ ပြောင်းချောသေနတ် Shotgun ဖြစ်သည်။ ခဲလုံးကြီးများထည့်သွင်းထားသော ၁၆ ပတ်လည် 16-caliber ပြောင်းချော သေနတ်တစ်လက်သည် ၁၀ မီတာခန့် အကွာအဝေးထိ ဖြန့်ကျက် ပစ်ခတ်နိုင်ရာ ကားပေါ်ရှိ ဧရိယာတစ်ခုလုံးနီးပါးကို လွှမ်းခြုံသွားစေနိုင်သည်။ ၎င်းသည် ကားပေါ်ပါလာသူအချို့ကို သေဆုံးစေခြင်း၊ အချို့ကို ဒဏ်ရာရရှိစေခြင်းနှင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ် ချောက်ချားသွားစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။ အကယ်၍ လက်ပစ်ဗုံးများသာ ရှိပါက ဤကဲ့သို့သောအခြေအနေမျိုးအတွက် အလွန်ကောင်းမွန်သော လက်နက်လည်း ဖြစ်သည်။

 

ဤကဲ့သို့သော တိုက်ခိုက်မှုအားလုံးတွင် 'အငိုက်ဖမ်းနိုင်ခြင်း' သည် အခြေခံအကျဆုံး အချက်ဖြစ်သည်။ အကြောင်းမှာ အနည်းဆုံး ပထမဆုံး ကျည်ဆန်ကို စတင်ပစ်ခတ်လိုက်သည့် အခိုက်အတန့်၌ အငိုက်မိနေစေရန် ဖန်တီးနိုင်ခြင်းသည် ပြောက်ကျားစစ်ပညာ၏ အခြေခံ လိုအပ်ချက်များထဲမှ တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

 

အကယ်၍ တိုက်ခိုက်မည့် ဧရိယာထဲတွင် ပြောက်ကျား တပ်ဖွဲ့များ ရှိနေသည်ကို လယ်သမား များ သိရှိထားပါက အငိုက်ဖမ်းဖို့ ဆိုသည်က မဖြစ်နိုင်တော့ပေ၊ ထို့အတွက် ညအချိန်တွင်သာ နေရာယူ တိုက်ခိုက်သင့်သည်။ နှုတ်လုံသူများ နှင့် သစ္စာရှိမှု ကို သက်သေ ပြထားသူများသာ ထိုသို့ တိုက်ခိုက်မည့် အကြောင်း အသိပေးထားသင့်သည်။ ခြုံခို တိုက်မည့် နေရာသို့ ချီတက်ရာတွင်လည်း လိုရမယ်ရ သုံးလေးရက်စာ ရိက္ခာ အပြည့်အစုံကို ကျောပိုးအိတ်ထဲ ထည့်ယူလာသင့်သည်။ 

 

လယ်သမား များ၏ လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်စွမ်းအပေါ် မည်သည့်အခါမျှ အပြည့်အဝ ယုံကြည်၍မရနိုင်ပေ။ ပထမအချက်မှာ ၎င်းတို့ မိသားစုဝင်များ သို့မဟုတ် မိတ်‌ ဆွေ များနှင့် ဖြစ်ပျက်သမျှကို ပြောဆိုဆွေးနွေးလိုသော သဘာဝဗီဇ ရှိနေခြင်းကြောင့် ဖြစ်သည်။ နောက်ထပ်အချက်တစ်ချက်မှာ တိုက်ပွဲတစ်ခုတွင် ရှုံးနိမ့်ပြီးနောက် ရန်သူ့စစ်သားများသည် ဒေသခံပြည်သူများအပေါ် မလွဲမသွေ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံလေ့ရှိခြင်းကြောင့် ဖြစ်သည်။ ရန်သူသည် လူထု အကြား ကြောက်လန့် တုန်လှုပ်နေအောင် ပြုလုပ်ထားကြသည်။ ထိုသို့ ကြောက်ရွံ့ထိတ်လန့် နေမှုကြောင့်ပင် လူတို့သည် မိမိတို့၏ အသက်ကို ကယ်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် စကားများလွန်းလာတတ်ကြပြီး အရေးကြီးသော သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုမိသွားကြသည်အထိ ဖြစ်တတ်သည်။

 

ယေဘုယျ အားဖြင့် ဆိုက ခြုံခို တိုက်ခိုက်ရန် ရွေးချယ်ထားသော နေရာသည် မိမိ၏ အခြေစိုက်စခန်း နှင့် တနေ့ခရီးသွားလျှင် ရောက်မည့် နေရာမျိုး ဖြစ်သင့်သည်။ ရန်သူဖက်က သေချာပေါက်ဆိုသလို ဘယ်နေရာတွင် ရှိသည်ကို အနည်းနှင့် အများ ဆိုသလို အတိအကျ သိထား နိုင်သော ကြောင့် ဖြစ်သည်။

 

တိုက်ပွဲတစ်ခုအတွင်း ပစ်ခတ်မှုများ၏ သဘောသဘာဝကို ကြည့်ခြင်းအားဖြင့် ရင်ဆိုင်နေကြသည့် တပ်များ၏ တည်နေရာကို ညွှန်ပြ‌ နေသည်ဟု အရင်က ပြောခဲ့ဖူးပြီး ဖြစ်သည်။ တဖက်တွင် ခဲယမ်းမီးကျောက် အလျှံပယ်ရှိတတ်သည့် စစ်တပ်၏ ပြင်းထန် မြန်ဆန်သည့် ပစ်ခတ်မှုမျိုးကို တွေ့ရတတ်ပြီး၊ အခြားတဖက်မှာတော့ ကျည်တတောင့်ချင်းစီ၏ တန်ဖိုးကို သိနားလည်ထားသည့် ပြောက်ကျားစစ်သည်များ၏ စနစ်ကျပြီး ဟိုတစ်ချက် ဒီတစ်ချက် ပစ်ခတ်မှုမျိုးကို တွေ့ရမည်သာ ဖြစ်သည်။ ပြောက်ကျားစစ်သည် သည် ကျည်ဆန်ကို အချွေတာဆုံးဖြစ်အောင် အားထုတ်ပြီး၊ လုံးဝ မလိုအပ်ဘဲနှင့် ကျည်တစ်တောင့် ကိုပင် ပိုမပစ်တတ် ကြပေ။

 

သို့‌ သော် ကျည်ဆန်ချွေတာလိုသည့် အတွက် နှင့် တော့ ရန်သူကို လွတ်မြောက်ခွင့်ပေးလိုက်ခြင်းမျိုး သို့မဟုတ် ချုံခိုတိုက်ခိုက်မှု၏ အားသာချက်ကို အပြည့်အဝ အသုံးမချဘဲ လက်လွှတ်လိုက်တာမျိုးသည် အကျိုးအကြောင်း ဆီလျှော်ခြင်း မရှိ‌ ပေ။ သို့သော်လည်း အခြေအနေတစ်ရပ်ချင်းစီတွင် သုံးစွဲမည့် ကျည်ဆန်ပမာဏကို ကြိုတင်တွက်ချက်ထားသင့်ပြီး၊ ထို အတိုင်းပင် တိုက်ပွဲကို ဖော်ဆောင်ရမည် ဖြစ်သည်။

 

ခဲယမ်းသည် ပြောက်ကျား တော်လှန်ရေး သမား တဦး အတွက် အဓိက ပြဿနာ ဖြစ်သည်။ လက်နက်ဆိုသည်မှာ အမြဲတစေ ရှာဖွေရရှိနိုင်သည့်အရာ ဖြစ်သည်။ ထို့အပြင် ပြောက်ကျားရဲဘော်တို့သည် ရရှိလာသော လက်နက်များကို ခဲယမ်းမီးကျောက်များကဲ့သို့ သုံးစွဲပစ်လိုက်၍ ကုန်ခမ်းသွားခြင်းမျိုး မရှိပေ။ ထူးခြားချက်မှာ လက်နက်များကို သိမ်းပိုက်ရရှိသည့်အခါ ယင်းနှင့်အတူ ခဲယမ်းများကိုပါ တွဲလျက်ရရှိလေ့ရှိသော်လည်း၊ ခဲယမ်းသက်သက်ကိုသာ ရရှိဖို့ဆိုသည်မှာမူ ခဲယဉ်းလှသည် သို့မဟုတ် လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

 

သိမ်းဆည်းရမိသော လက်နက်တိုင်းတွင် ယင်းနှင့်အတူပါလာသော ကျည်ဆန်အပြည့်အစုံ ရှိနေမည်ဖြစ်သော်လည်း၊ ပိုလျှံနေသော ကျည်ဆန်ဟူ၍ မရှိနိုင်သဖြင့် အခြားလက်နက်များအတွက် အထောက်အကူပြုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့သော ပြောက်ကျား စစ်ပွဲမျိုးတွင် ခဲယမ်း ကို ချွေတာသုံးစွဲခြင်းဟူသော နည်းဗျူဟာဆိုင်ရာ အခြေခံမူသည် အလွန်ပင် အရေးကြီးလှသည်။

 

မိမိ၏ တာဝန်အပေါ် ဂုဏ်ယူဝင့်ကြွားတတ်သော ပြောက်ကျားခေါင်းဆောင်တစ်ဦးသည် ဆုတ်ခွာရမည့် အရေး ကြုံလာလျင်လည်း အလွန်အမင်း ဂရုတစိုက် ဆောင်ရွက်လေ့ရှိသည်။ ဆုတ်ခွာရာတွင် အချိန်ကိုက်ဖြစ်ရန်၊ လျင်မြန်ရန်နှင့် စနစ်တကျရှိရန် လိုအပ်ပြီး ဒဏ်ရာရရှိသူများအားလုံးအပြင် ၎င်းတို့၏ စစ်အသုံးအဆောင် ပစ္စည်းများ၊ ကျောပိုးအိတ်များနှင့် ခဲယမ်းမီးကျောက် စသည်တို့ကိုပါ တစ်ပါတည်း ရယူသွားနိုင်ရန် စီမံခန့်ခွဲရမည် ဖြစ်သည်။

 

ပြောက်ကျား တပ်ဖွဲ့ဝင်များသည် ဆုတ်ခွာနေစဉ်အတွင်း ရန်သူ၏ အလစ်အငိုက် တိုက်ခိုက်ခြင်းကို လုံးဝမခံရစေရန် သတိပြုရမည်ဖြစ်သလို၊ ရန်သူ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရသည့် အခြေအနေမျိုးထဲသို့လည်း မိမိတို့ကိုယ်ကို အရောက်မခံသင့်ပေ။

 

ထို့ကြောင့် ရန်သူ့ဖက်က ဝိုင်းရံပိတ်ဆို့နိုင်ရန်အတွက် စစ်ကူများ ပို့လွှတ်လာနိုင်သည်ဟု ယူဆရသော လမ်းကြောင်းတစ်လျှောက်ရှိ အချက်အချာကျသည့် နေရာတိုင်းတွင် ကင်းစောင့်များကို ချထားရမည်ဖြစ်သည်။ ထို့အပြင် ရန်သူက ဝိုင်းဖို့ ကြိုးပမ်းလာသည့်အခါတွင် တော်လှန်ရေးတပ်ဖွဲ့များထံသို့ အချိန်နှင့်တပြေးညီ လျင်မြန်စွာ သတင်းပေးပို့နိုင်မည့် ဆက်သွယ်ရေးစနစ်တစ်ခုလည်း ရှိနေရမည်ဖြစ်သည်။