အမြင်မတော် ဆင်ပေါ်က ခလောက်

by Hla Soewai - Feb 02 2026

ရှေးခေတ်က ဆင်ဆိုသည်မှာ ခန့်ညားထည်ဝါသော တိရစ္ဆာန်ကြီးဖြစ်သည်။ ဆင်ပေါ်တွင် တင်ဆောင်ရမည့် အသုံးအဆောင်များသည်လည်း ဆင်၏ ဂုဏ်ဒြပ်နှင့်အညီ ခန့်ညားထည်ဝါရမည် းဖြစ်သည်။ သို့သော် ထိုခန့်ညားလှသော ဆင်ကြီး၏လည်ပင်းတွင် နွားများ၌သာ ဆွဲလေ့ရှိသော အသံတချွင်ချွင်မြည်သည့် ဝါးခလောက် ကို ဆွဲထားမည်ဆိုလျှင် ဆင်၏ ခန့်ညားမှုမှာ ပျက်ပြားသွားပြီး ကြည့်ရသူအဖို့ အလွန်အရုပ်ဆိုး အမြင်မတော် ဖြစ်စေသည်။

 

မင်းအောင်လှိုင်သည် မန္တလေး မြို့ပေါ်ရှိ မဲရုံများ ရှေ့ သွားပြီး ပြုံးဖြီးဖြီး နှင့် ကြည့်ရင်း ကျေနပ်နေရှာသည်၊ မဲလာထဲ့သည့်လူများအား မဲရုံသို့ လာအောင် ခေါ်လို့ ရသော်လည်း ၎င်းတို့ အသည်းထဲ အူထဲ နက်ရှိုင်းစွာ စွဲဝင်နေသော အာဏာရှင် စနစ် ကို မုန်းတီး ရွံရှာနေမှု ကိုကား မည်သို့မျှ ပြောင်းလဲရေး ရမည် မဟုတ် ဆိုသည်ကိုလည်း သိနားလည် ထားပုံမရပေ။

 

မဲသာ လာထည့်ကြရသော်လည်း ၎င်းတို့ အဖို့ အနာဂတ်မရှိ၊ လွတ်လပ်ခွင့် မရှိ၊ မပြောရဲ မဆိုရဲ ဘဝ ဖြင့် ရှင်သန်နေရဦးမည်၊ ဝမ်းတထွာ အတွက် နေထွက်မှ နေဝင်အထိ ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်ကြရဦးမည်၊ မကျန်းမမာ ဖြစ်လာကလည်း ငုတ်တုတ် သေဖို့ သာ ရှိသည်ကိုလည်း ကောင်းစွာ နားလည် ထားကြပြီး ဖြစ်သည်။ ထိုသို့ သိနားလည် ထားကြသူများ ရှေ့ ပြုံးဖြီးဖြီး နှင့် မျက်နှာ ထွက်ပြရဲခြင်း ကို ကြည့်က စိတ်မှ ကောင်းသေးရဲ့ လားဟု ပင် ယူဆစရာ ဖြစ်‌ နေသည်။

 

ပါးစပ်ကလည်း ပြည်သူများ အသိအမှတ် ပြုလျင် ကျေနပ်ပါပြီ ဟု တတွတ်တွတ် ပြောနေပြန်သည်။ လမ်းပေါ် က လူပိန်း တယောက်ပင် သိရှိ နိုင်သည့် ကိစ္စများ ဖြစ်သော ဆေးရုံ၊ စာသင်‌ ကျောင်း ပါ မရှောင် ကိုဗုံးကြဲ သတ်ဖြတ်နေကြခြင်း၊ လူငယ် လူရွယ်များကို မိဘတို့၏ ရင်ခွင် များမှ အတင်းဆွဲထုတ်ကာ အသေခံခိုင်းနေခြင်း၊ ဆန်ဆီဆား ကြက်သွန် ကအစ ငါးနှစ် အတွင်း မြင့်တက်လာနေခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များ၊ အလုပ်လက်မဲ့များ တနေ့တခြား များပြားလာနေရခြင်း အစရှိသည့် ဖြစ်ရပ်များကို နဖူးတွေ့ ဒူးတွေ့ ကြုံနေရသော လူများက ၎င်းတို့ကို ထောက်ခံ အသိအမှတ် ပြုကြ၍ ရောက်လာကြခြင်း ဟု ပြောဆိုနေသည်ကိုလည်း မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်ရသည်။

 

လူထု၏ စိတ်ဆန္ဒ၊ စွမ်းပကား နှင့် အခန်းကဏ္ဍ ကို ပစ်ပယ်ပြီး ကိုယ့်ကိုကိုယ် လူတတ်ကြီး အထင် ရောက်နေပုံကိုလည်း အတိုင်းသား တွေ့မြင်နေရသည်။ ၎င်းကိုယ် နှိုက်ပင် အင်္ဂလိပ်ကို တောင်တလုံး မြောက်တလုံးသာ ပြောနိုင်သည့် အဆင့် ရှိနေသည်ကို အားလုံးက သိမြင်နေပါလျက် ယခုလို ဖြစ်နေသည်မှာ ပညာရေး အဆင့် အတန်း နိမ့်ပါးနေ၍ ဟု စော်ကားလိုက်ပြန်သည်။

 

၎င်း ကိုယ် တိုင် ဆယ်နှစ် ကျော် အုပ်ချုပ်လာသည့် စစ်တပ်သည်ပင် ရှေ့တန်းစစ်မျက်နှာတွင် ခွက်ခွက်လန်‌ အောင် ရှုံးနိမ့်ခဲ့ရ၍ တရုတ်အား ကယ်ပါယူပါ ဟု ခယ ခဲ့ရသည့် ပုဂ္ဂိုလ် တဦး သည် လူ့အဖွဲ့ အစည်း အတွက် မရှိမဖြစ် လိုအပ်နေသည့် စားဝတ်နေရေး ပြဿနာ၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ ဖြေရှင်း နိုင်မည်ဟု အထင်‌ ရောက် နေခြင်းသည် စိတ်ကြီး ဝင်နေခြင်းပင် မဟုတ်ပါလား။

 

လက်ရှိ စစ်အုပ်စု၏ ရွေးကောက်ပွဲ သည် အပြောင်းအလဲများ ‌ဖေါ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်သူ မရှိသလောက်ပင် ဖြစ်သည်။ ပြဿနာ က ယခင်အတိုင်းပင် ဆက်ရှိနေဦးမည် ဖြစ်ပြီး မည်သည့်ဖက်ကမျှ အလျော့ပေးမည့် ပုံ မရှိ၍ ဖိနှိပ်ချုပ်ချယ်ထားသည့် ဥပဒေ များ နှင့် အတူ တိုက်ပွဲများက ဆက်ဖြစ်နေဦးမည်သာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

 

စစ်အုပ်စု၏ လက်ဝေခံ ပါတီ ဖြစ်သော USDP သည် ပြည်ထောင်စု လွှတ်တော်တွင် ယှဉ်ပြိုင်ခွင့်ရသည့် ၂၀၉ နေရာ အနက် ၁၉၃ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၇၈ နေရာ အနက် ၅၂ နေရာ စုစုပေါင်း ၂၄၅ နေရာ ရရှိသွားခဲ့သည်။ မဲလာပေးသူ ပမာဏ သည် သုံးကြိမ်စလုံး တွင် အမြင့်ဆုံး ၅၅ ရာနှုန်းသာ ရှိသည်။ ၎င်းတို့သည် ယခင် လွတ်လပ်၍ တရားမျှတ မှု ရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော် နှစ်ရပ်ပေါင်း ၇၁ နေရာသာ ရရှိခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

 

ယခုအခါ စစ်ဗိုလ်ချုပ်ဟောင်းများ အကြား ဝန်ကြီးနေရာများ ခွဲဝေသတ်မှတ် နေလောက်ပြီ ဖြစ်သည်။

 

ရွေးကောက်ပွဲ ပြီးသွားသော်လည်း ယခင်ကတည်းက ခွေးလာလာ ပွေးလာလာ ‌ဆိုကာ ဆက်ဆံနေသော လက်တဆုပ်စာရှိ နိုင်ငံများမှ လွဲ၍ တိုးမလာဘဲ ဖြစ်နေသည်။ ထိုနိုင်ငံများက ၎င်းတို့ ရွေးကောက်ပွဲ မလုပ်လည်း ပိုနေမြဲ ကျားနေမြဲ ဆက်ဆံကြမည့် နိုင်ငံများသာ ဖြစ်၍ ငွေကုန်လူပမ်း အဖြစ်နှင့် ကြုံနေကြရပြီ ဖြစ်သည်။ 

 

စစ်အုပ်စုသည် ယခင်က လက်လွှတ်ခဲ့ရသော နယ်မြေ အချို့ကို တရုတ်၏ ပံ့ပိုးပေးမှု ဖြင့် ပြန်ရလာ၍ အားတက်သရော ဖြစ်လာကာ လေကြောင်း မှ တိုး၍ ဗုံးကြဲတိုက်ခိုက်လာသည်။

 

ကိုယ့်ပြည်သူ များကို ပင် လူမြင်ကွင်းတွင် ဗုံးကြဲ တိုက်ခိုက်နေ၍ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးနေရချိန်တွင် ၎င်းတို့က ဇန်နဝါရီ ၂၉ တွင် အဆုံးသတ်‌ တော့မည် ဟိဂ် ရှိနိုင်ငံတကာ တရားရုံး ကြားနာပွဲတွင် ရိုဟင်ဂျာ လူနည်းစုများ အပေါ် ဂျီနိုဆိုက် ကျူးလွန်ခြင်း မရှိဟု ဗြောင်ကျကျ ငြင်းဆိုနေကြပြန်သည်။

 

အာဏာရှင် မှန်သမျသည် Hegelian dialectic ဆိုသော နိုင်ငံရေး လှည့်ကွက်ကြီးကို ၎င်းတို့၏ ထွက်ပေါက် အဖြစ် အမြဲလို အသုံးချတတ်ကြသည်၊ ဤသည်က လူထုကြား ကြောက်ရွံ့ထိတ်လန့်မှု များ ဖြစ်စေမည့် ပြဿနာကို ဖန်တီးမည်၊ ထိုအခါ လူထုက ၎င်းတို့ကို ကာကွယ်ပေးဖို့ အားကိုးလာကြမည်၊ နောက်ဆုံးမှာတော့ အုပ်ချုပ်သူများက ၎င်းတို့ အစကတည်းက အကောင်အထည်ဖော်ချင်နေသည့် "အဖြေ" ကို ချပြလာသည်။ ထိုအဖြေကို ပုံမှန်အချိန်မှာဆိုက လူထုသည် မိမိတို့၏ အခွင့်အရေးကို ထိခိုက်မည်ဖြစ်၍ လက်ခံမည်မဟုတ်၊ အခုလို စိုးရိမ်စရာ ကောင်း‌ နေပြီဟု ယူဆလာချိန်တွင် တော့ ဘေးကင်းဖို့အတွက်ဆိုကာ ထိုသို့ ကန့်သတ် ချုပ်ချယ်လာမှု များကို ကိုယ်တိုင် လိုလိုလားလားနဲ့ တောင်းခံပြီး လက်ခံလာကြမည်၊ ၎င်းတို့ကို လိုလားလာကြမည်ဟူ သော အယူအဆ ကို လှေနံဓါးထစ် ကျင့်သုံးကြစမြဲပင် ဖြစ်သည်။

 

တိုင်းပြည်နှင့် လူမျိုး အတွက် ဘာတခုမျှလည်း မယ်မယ်ရရ လုပ်ပေးခဲ့ခြင်း မရှိသည့် လူများက အရပ်သား ရုပ်သေး အစိုးရ တည်ထောင်ပေးပြီး တရုတ်၊ ရုရှား တို့၏ ကြိုးဆွဲခံ သမ္မတ တက်လုပ်ကာ ဖွတ်ဘဝမှ မိကျောင်း ဖြစ်လာမည့် လူများနှင့် တိုင်းပြည်ကို မသေမချင်း အုပ်ချုပ်သွားရန် ကြံစည်လာနေသည့် အန္တရာယ်ကြီးကို မြန်မာ တိုင်းရင်းသား အားလုံး ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

 

မိမိတို့ အား သားစဉ်မြေးဆက် လူညွန့်တုံးအောင် လက်တဆုပ်စာ လူနည်းစု လေးက လက်နက်အားကိုး ဖြင့် စေစားလာမည့် ထိုအန္တရာယ်ကြီး ကို လူများစု ဖြစ်သော တိုင်းရင်းသား ပြည်သူ တရပ်လုံး လက်တွဲပြီး အပြီးအပိုင် ဖယ်ရှားနိုင်ရန် တော်လှန်အုံကြွလာမှုကြီးသည် တနေ့တခြား ပြင်းထန်သည်ထက် ပြင်းထန်လာမည့် အရေးကလည်း မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ်ကြီး မုချ အောင်ရမည်!!!