မဲ ပေးခန်းထဲတွင် မိမိတို့ မည်သူကို မဲထည့်သည် ဆိုသည်ကို မည်သို့မျှ မသိနိုင် သော် ငြားလည်း ကြံ့ဖွတ်ကိုပင် ထဲ့ခဲ့ကြသည်။ ကြံ့ဖွတ်ကို မဲထည့်ခြင်းသည် စစ်အုပ်စု ကို မဲထည့်ခြင်း ဖြစ်ပြီး၊ စစ်အုပ်စု ကို မဲထည့်ခြင်းသည် တရုတ်ကို မဲထည့်ခြင်းပင် ဖြစ်သည်။
"The real winner behind Myanmar’s junta-held elections could be China" ခေါင်းစဉ်ဖြင့် စင်္ကာပူရှိ အစိုးရတပိုင်း အာဘော်များ ပါသည့် စထရိတ်တိုင်းမ် သတင်းစာက ယခုလို ရေးသားလာခဲ့သည်။
နိုင်ငံတွင် ငါးနှစ်ခန့် ကြာမြင့်လာပြီ ဖြစ်သည့် ပြည်တွင်းစစ်ကြီးသည် ၎င်းတို့နှင့် လားလားမျှပင် မပတ်သက်သည့် အလား မန္တလေး ရှိ ကျောက်တန်း တွင် ရောင်းသူဝယ်သူများ နှင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
မြောက်ပိုင်း ကချင်ပြည်နယ်မှ ဆင်းလာကြသည့် ကျောက်ကုန်သည်များသည် ၎င်းတို့တွင် ပါလာသော ကျောက်များကို စားပွဲခုံများခင်း၍ ထိုင်နေကြသော တရုတ်ပွဲစားများထံ ပြသနိုင်ရန် အလှည့်ကျမည့် အရေး တန်းစီ စောင့်ဆိုင်းနေကြသည်၊ တရုတ်ပွဲစွားများကလည်း မှန်ဘီလူးများ၊ လက်နှိပ်ဓါတ်မီးများဖြင့် ဖင်ပြန် ခေါင်းပြန်ကြည့်ကာ ကြိုက်ပြီဆိုက တရုတ်ဖက်ခြမ်း ရှိ ဝယ်မည့် လူများထံ ဈေးတင် ပြန်ရောင်းနိုင်ရန် live လွှင့်ပြ ကြသည်။
ထိုသို့ ပျားပန်းခပ်မျှ လှုပ်ရှားနေသော်လည်း ခေတ်ကာလ အခြေအနေသည် စီးပွားရေး လုပ်ဖို့ ကောင်းလှသည် မဟုတ်ဟု တရုတ်တို့ ခံယူထားကြသည်။ သို့သော် ဇန်နဝါရီ ၂၅ တွင် အဆုံးသတ်တော့မည့် စစ်အုပ်စု ၏ ရွေးကောက်ပွဲ သည် ၎င်းတို့ အတွက် အခြေအနေများ ပြန်ကောင်းလာတော့မည်ဟု မျှော်လင့်ထားကြသည်။ ၎င်းတို့၏ တရုတ် အစိုးရမှ စစ်အုပ်စု အား သံတမန်ရေး အရ အညှာကိုင်ထားပြီး ငြိမ်းချမ်းရေး အတွက်လည်း အာမခံပေးလိမ့်မည်ဟု ယုံကြည်ထားကြသောကြောင့် ပင် ဖြစ်သည်။
တရုတ်သည် အဝေးပြေးလမ်းများ၊ ရေနံ ဓါတ်ငွေ့ပိုက်လိုင်းများ၊ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရမည့် ရေနက်ဆိပ်ကမ်း များ အစရှိသည်တို့တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီး မြုပ်နှံထားပြီးလည်း ဖြစ်သည်။
ထို့အပြင် မြန်မာသည် တရုတ်နိုင်ငံအတွက် ပြည်ပမှ ရှားပါးသတ္တု အများဆုံး တင်သွင်းပေးရာ အရင်းအမြစ်တစ်ခု တိတ်တဆိတ် ဖြစ်လာခဲ့သည်။ တကမ္ဘာလုံးအတွက် ထောက်ပံ့ရေးကွင်းဆက်တွင် ဘီဂျင်း၏ လွှမ်းမိုးမှုကို အခိုင်အမာ တည်ဆောက်ပေးထားသည့် အဓိက အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ အဆိုပါ သတ္တုများသည် ရာစုနှစ်နှင့်ချီ၍ တည်ရှိခဲ့သော ကျောက်စိမ်းကုန်သွယ်မှု လမ်းကြောင်းဟောင်းအတိုင်းပင်—စစ်မီး တောက် မီးလျံ များကြားမှ ဖြတ်သန်းစီးဆင်းနေသည်။
တရုတ်သည် မြန်မာကို နိုင်ငံတကာအဖွဲ့အစည်းများအတွင်းသို့၊ အထူးသဖြင့် ၎င်းတို့ ဦးဆောင်သည့် အဖွဲ့အစည်းများထဲသို့ သွတ်သွင်းလိုသည်။ ထို့အပြင် နိုင်ငံအတွင်းရှိ ၎င်း၏ စီးပွားရေးစီမံကိန်းများအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေမည့် တည်ငြိမ်မှုမျိုး ရရှိလာစေရန်လည်း တွန်းအားပေး ဆောင်ရွက်လိုနေသည်။
မင်းအောင်လှိုင်သည် အမြော်အမြင် ရှိလှသည့်ပုဂ္ဂိုလ် မဟုတ်သည်ကို သိထားသော်လည်း၊ တရုတ်အစိုးရကမူ ၎င်းတို့ ဦးဆောင်မှုဖြင့် လက်တွဲလုပ်ဆောင်၍ ရနိုင်သူ တစ်ဦးအဖြစ် ရှုမြင်ထား၍ အဆုံးသတ်တွင် အာဏာချိန်ခွင်လျှာသည် မင်းအောင်လှိုင်ဘက်သို့ ယိုင်လာစေရန် သေချာပေါက် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်ဟု မြန်မာ အရေး ကျွမ်းကျင်သူ ဂျေဆင် တာဝါက ဆိုသည်။
တရုတ်တို့ ဇတ်ညွှန်းရေးပြီး မင်းအောင်လှိုင် ဒါရိုက်တာ လုပ် ရိုက်နေသည့် ရွေးကောက်ပွဲ ဇာတ်ကားအားလည်း နိုင်ငံတကာမှ ယုတ္တိကင်းမဲ့လွန်းသည်ဟု ယူဆထားပြီး ဖြစ်သည်။ ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးကလည်း ဇန်နဝါရီ ၂၄ ရက်နေ့က ကမ္ဘာကြီး အနေဖြင့် ထိုသို့ အရပ်သား အင်္ကျီ ဆင် ပေးထားသည့် စစ်အုပ်စု၏ အလိမ်အညာ ရွေးကောက်ပွဲ ကြီးကို လုံးဝ ငြင်းပယ်ရလိမ့်မည် ထပ်မံ တိုက်တွန်းလာပြန်သည်။
လက်ရှိ တတိယ အဆင့် ရွေးကောက်ပွဲ မစရသေးခင်မှာပင် ၎င်းတို့ လုပ်ရပ် အောင်မြင်သွားပြီဟု ကြေညာ လာခဲ့သည်၊ USDP သည် ဒုတိယ အဆင့် ယှဉ် ပြိုင်ရမည့် နေရာ ၁၀၀ တွင် ၈၆ နေရာ အနိုင်ရထားပြီး ဖြစ်၍ စုစုပေါင်း ၁၈၆ နေရာ သိမ်းပိုက်ထားပြီးဖြစ်၍ စုစုပေါင်း ၃၃၀ တွင် ထက်ဝက်ကျော် လာခဲ့ပြီ ဖြစ်သည်။
စစ်အုပ်စုသည် ရွေးကောက်ပွဲ မတိုင်မီကပင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီးကဲ့သို့ တရုတ်၏ မီဂါ ပရိုဂျက်များ အောင်မြင်အောင် လုပ်ရမည်ဟု ထပ်တလဲလဲ ပြောနေခဲ့ပြီး ဖြစ်သည်။
တရုတ်သည် စစ်အုပ်စု အာဏာသိမ်းသည့် လုပ်ရပ်အား မထောက်ခံခဲ့သော်လည်း ၎င်းတို့ ပြိုလဲလုမတတ် ဖြစ်လာချိန်တွင်တော့ သဘောထား ပြောင်းလာခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးကြီး အောင်မြင်သွားခဲ့ခြင်းသည် တရုတ်တို့၏ အတွက်အချက် ကို အလှည့် အပြောင်းကြီး ဖြစ်သွားစေခဲ့သည်။ စစ်အုပ်စုသည် ကိုးကန့်နယ်ခြားစောင့်တပ်ကဲ့သို့ လိမ်လည်မှုကွန်ရက် များကို နောက်ကွယ်မှ ပံ့ပိုးပေးနေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများအပေါ် မည်မျှအထိ အလွန်အကျွံ မှီခိုနေရသည်ဆိုသည်ကို တရုတ်အစိုးရက သဘောပေါက် နားလည်သွားခဲ့သည်။
သို့သော် စစ်အုပ်စု ပြိုလဲသွားမည်ကို ခွင့်ပြုမည့် အစား မိမိအလိုကျဖြစ်လာစေရန် စစ်အုပ်စု ကို ထိန်းကျောင်းဖို့ ကြိုးပမ်းလာခဲ့သည်။ ထိုသို့ မလုပ်ဘဲ မင်းအောင်လှိုင် ကို အမြင်ကပ်၍ လွှတ်ပေးထားမည် ဆိုက နယ်စပ်တွင် မတည်ငြိမ်မှုများ ဖြစ်လာမည့်အပြင်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကဲ့သို့သော အနောက်နိုင်ငံများဘက်သို့ ယိမ်းသည့် အတိုက်အခံများ အာဏာရလာမည့် အန္တရာယ်ရှိလာနိုင်သည်ဟု ယူဆလာခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံ၏ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်မည့် လမ်းကြောင်းများမှာ မင်းအောင်လှိုင် ကြောင့် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားသော်လည်း စစ်အုပ်စု ပြိုလဲသွားမည်ဆို က သဲထဲရေသွန် သလို ပိုဆိုးသွားလိမ့်မည်ဟု တရုတ်နိုင်ငံက ဆုံးဖြတ်ခဲ့သည်ဟု ရစ်ချတ် ဟော်ဆေးက မှတ်ချက် ပေးခဲ့သည်။
ဤသို့ဖြင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် ၂၀၂၄ ဩဂုတ်လ တွင် နေပြည်တော်သို့ ပေါက်ချလားပြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည်။ တချိန်တည်း မှာပင် ဂျက်တိုက်လေယာဉ် များ နှင့် အခြား စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ ပေးလာခဲ့သည်၊ ထို့ပြင် ၎င်းတို့ ဩဇာခံ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အပစ်အခတ် ရပ်စဲနိုင်ရန် စီစဉ်ပေးခဲ့သည်။
ထိုမျှ နှင့် အားမရသေးဘဲ ၂၀၂၅ ဧပြီလတွင် MNDAA သည် လားရှိုးကို စစ်အုပ်စုလက်ထဲ ပြန်ထည့်ပေးလိုက်ရသည်အထိ တရုတ်က စွက်ဖက်လာခဲ့သည်။
မင်းအောင်လှိုင်သည်လည်း ကာလကြာမြင့်စွာကတည်းက တွေ့ဆုံ နိုင်ခွင့် ရဖို့ မျှော်လင့် တောင့်တနေသည့် တရုတ် သမ္မတ ရှီကျင့်ဖျင် နှင့်လည်း မော်စကိုတွင် ၂၀၂၅ မေလ ထဲတွင် တွေ့ခွင့်ရသွားခဲ့သည်။
တရုတ် နှင့် စစ်အုပ်စုသည်လည်း ပထမ နှင့် ဒုတိယ အဆင့် ရွေးကောက်ပွဲ များ အကြမ်းဖက်မှု မယ်မယ်ရရ မရှိဘဲ ပြီးဆုံးသွားသည်ကို အောင်မြင်မှု အဖြစ် ရှုမြင်လာကြသည်။
တရုတ်သည် ကမ္ဘာ့အကြီးဆုံး ရှားပါးသတ္တု ထုတ်လုပ်သူ အဖြစ် သာမက သန့်စင်ထုတ်လုပ်မှု ကဏ္ဍကိုလည်း လွှမ်းမိုးထားသည်။ ၎င်းတို့ တွင် 'ရှားပါးသတ္တုအပေါ့စား' များ ပိုလျှံစွာ ရှိနေသော်လည်း၊ ဒစ်ပရိုစီယမ် နှင့် တာဘီယမ် ကဲ့သို့သော 'ရှားပါးသတ္တုအလေးစား' များ ထုတ်ယူရာတွင်မူ တူးဖော်မှုခွဲတမ်း ကန့်သတ်ချက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တားမြစ်ချက်များကြောင့် ပြည်တွင်း၌ အကန့်အသတ်များနှင့် ရင်ဆိုင်နေရသည်။
ထို့အတွက် အတားအဆီး မရှိ ထုတ်လုပ်နိုင်သော မြန်မာဖက် လှည့်လာရာမှ ပြည်ပသို့ ၎င်းတို့ တင်ပို့နေမှု ၏ ထက်ဝက်ကျော် အထိ ရရှိလာကြသည်။ တူးဖော်သူများ၊ ပွဲစားများ၊ ကြားခံလူများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ သည် 'လက်မှတ်ခဖြတ်ခြင်း' ဟု ဆိုရမည့် ၎င်းတို့ ရသင့်ရထိုက်သော အကျိုးအမြတ် သို့မဟုတ် ဆက်ကြေးများကို အဆင့်ဆင့် ဖြတ်တောက်ယူကြပြီး၊ တရုတ်နိုင်ငံအတွင်းသို့ ရောက်ရှိသွားချိန်တွင်မူ ထိုသတ္တုများ၏ တန်ဖိုးမှာ အဆများစွာ မြင့်တက်သွား ပေတော့သည် ဟု ရေးသားထားသည်။
နိုင်ငံတကာက ၎င်းတို့ကို ရွေးကောက်ပွဲ ဖြင့် လက်ခံလာမည် မဟုတ်သည်ကို ဝန်ခံသည့် အနေဖြင့် မင်းအောင်လှိုင်သည် တနင်္ဂနွေနေ့က သတင်းထောက်များကို ပြောကြားရာတွင် နိုင်ငံတကာအသိုက်အဝန်းက ဒါကို အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေဂရုမစိုက်၊ ကျွန်တော်တို့ကတော့ သူတို့ရဲ့အမြင်ကို နားမလည်ပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒမဲကသာလျှင် ကျွန်တော်တို့ လိုအပ်တဲ့ အသိအမှတ်ပြုမှု ဖြစ်ပါတယ်' ဟု ဆိုသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!