မီဒီယာ များ နှင့်ပင် စကားမပြောရဲအောင် ဖြစ်နေပြီလော

by Hla Soewai - Aug 26 2020

မကြာမီကပင် အွန်လိုင်း ပေါ်တွင် ဒေါက်တာ ဇော်မြင့်မောင်မှ ‘ဧရာဝတီ မြစ်ဆုံ စီမံကိန်း ဆက်လုပ်မည်” ဟု ပြော သည် ဆိုကာ Khit Thit Media မှ စောစီးစွာ ဖေါ်ပြလာခဲ့ပေ၏။

 

တကယ်တမ်းတွင် သူပြောသည်က အတိုချုပ်အားဖြင့် ဆိုလျှင် ကျေးရွာများကို တိုးချဲ့ ချင်လျှင်ပင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ ၏ အကြံပြု လေ့လာချက်များကို တောင်းခံရစမြဲ ဖြစ်၍ မြစ်ဆုံလို ကိစ္စကြီးမျိုး တွင် ထိုသို့သော သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး အတတ်ပညာရှင်များ၏ အကြံပေးချက်များ အတိုင်း ဆောင်ရွက်သွားမှာ ဖြစ် တယ်” ဟု ပြောရိုး ပြောစဉ်သာ ပြောသွားခဲ့သည်။

 

သို့သော် အထက်တွင် ဆိုခဲ့သည့် အတိုင်း မီဒီယာ က လိုသလို ချဲ့ကားရေးသွားခြင်းသာ ဖြစ်သည်။ ထို့အတွက် အဆိုပါ မီဒီယာ က အမှားပြင်ဆင် ခဲ့ပြီး တောင်းပန်သွားခဲ့ပြန်သည်။

 

အဆိုပါ သတင်းအား Mandalay News Journal မှ ဒေါက်တာ ဇော်မြင့်မောင်အား တွေ့ဆုံ မေးမြန်းခဲ့ရာ အခုလို ဖြေကြားသွားတယ်လို့ Myanmar Harp Media မှ ကိုးကား ဖေါ်ပြခဲ့ပါတယ်။

 

“ဧရာဝတီ မြစ်ဆုံ စီမံကိန်း ဆက်လုပ်မယ် ဆိုပြီး မဖြေခဲ့ဖူး၊ ရွေးကောက်ပွဲ နီးတော့ နိုင်ငံရေး အောက်လုံးထိုးတာ ပေါ့ဗျာ၊ မီဒီယာကျင့်ဝတ် နဲ့လည်း မညီပါဘူး၊ ဒီလို နိုင်ငံရေး အောက်လုံးထိုး တိုက်ခိုက်တာတွေကတော့ အတော်ကို စိတ်ပျက်စရာ ကောင်းပါတယ်”

 

ဒေါက်တာ ဇော်မြင့်မောင် ကဲ့သို့ ဝါရင့် ပုဂ္ဂိုလ်ကြီးကိုပင် မကြောက်မရွံ့ ချက်အောက် ထိုးလာသည့်အထိ ရဲတင်းလာနေကြပြီ ဖြစ်သည်။ ဖြစ်နိုင်လျှင် ၎င်းတို့နှင့် မပတ်သက်အောင် နေခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။ ပြည်သူများ သိသင့်သိထိုက်သော သတင်းများအား ပါတီ၏ တရားဝင် ဖေ့စ်ဘုတ် အကောင့်မှသာ ရေးသား ထုတ်ပြန်သွားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အဖြစ်များက ရှေ့လျောက် တန်းစီပြီး တခုပြီး တခု ထွက်ပေါ်လာကြဦးမည်သာ ဖြစ်သည်။ ပြည်သူများ အနေဖြင့် မျက်စိဖွင့် နားစွင့်ကာ အမှားအမှန်ကို သုံးသပ်ကြရပေတော့မည်။

 

ယခင်က ထိုသို့သော အလုပ်များကို သတင်းစာ မီဒီယာ အယ်ဒီတာများ က မျက်စိကြီး နားကြီးဖြင့် နိုင်ငံရေး သမားများ ပြောဆိုသည်မှန်သမျှ အား မည်သည်က အမှန်တရား၊ မည်သည်က လက်တွေ့နှင့် မနီးစပ်သော ပြောဆိုမှု ဟု ဆိုကာ ပြည်သူများ ဖက်မှ ရပ်တည်ပြီး ပြတ်သားစွာ ဖေါ်ထုတ်ရေးသားခဲ့ကြစမြဲ ဖြစ်သည်။

 

ယခုအခါ ထိုသို့သော အခွင့်အရေးမျိုးကို ပြည်သူများ မရရှိတော့။ ပြည်သူများ အဖို့ အားကိုးရာ မဲ့ကာ အမှားအမှန် ကို မိမိတို့ဘာသာ မိမိတို့ ဝေဖန်ဆန်းစစ်ကြရပေတော့မည့် အဖြစ်သို့ ဆိုက်ရောက်လာသည်မှာ ယခုမှပင် မဟုတ်၊ ကာလကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ ပြည်သူ့ဆန္ဒ အမှန်ကို ထင်ဟပ်စေမည့် မီဒီယာများ အင်မတန်မှ နည်းသွားခဲ့ပြီ ဖြစ်သည်။

 

မိမိအတွက် ပို၍ အံ့အား သင့်ခဲ့ရသည့်က တိုင်းပြည်ကို ဦးဆောင်ရန် ရွေးကောက်ပွဲ ဝင်ကြမည့် လူများ၊ တတ်သိပညာရှင် ဆိုသူများ၊ ရှေ့နေများ က ဒေါက်တာ ဇော်မြင့်မောင် မှ အခုလို ပြောပါ့မည်လားဟု စဉ်းစားချင့်ချိန်ခြင်း မရှိကြပဲ ဆက်လုပ်မည်ဆိုက NLD အား ရန်သူ သတ်မှတ်ကာ မဲမထည့်ကြဖို့ အစရှိသည့် စကားများဖြင့် လက်သီးလက်မောင်းတန်းကာ political grandstanding လုပ်လာကြသည့် အရေးကိုပင် ဖြစ်သည်။