ခိုင်မြဲလာနေသော ဂျပန်-မြန်မာ ဆက်ဆံရေး

by Hla Soewai - Aug 25 2020

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှီမီဆူ မိုတဲဂီ သည် ဂျပန် အတွက် အရေးပါဆုံးသော နိုင်ငံ ၁၆ နိုင်ငံ နှင့် ခရီးသွားလာခွင့် ပြန်လည် စတင်ရန် လှည့်လည် ဆွေးနွေးသည့် ခရီးစဉ် အတွင်း မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာခြင်း ဖြစ်သည်။

 

မိုတဲဂီ သည် နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် နှစ်နိုင်ငံအကြား ခရီးတို သွားလာနေထိုင်မှုကို ပြန်လည် ခွင့်ပြုရန် သဘောတူညီချက် ရရှိခဲ့ကြသည်ဟု ဂျပန်နိုင်ငံတွင် အင်္ဂလိပ် ဘာသာ ဖြင့် ထုတ်ဝေသော မိုင်အိချိ သတင်းစာကြီးတွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အတူယှဉ်တွဲရပ်နေသည့် သတင်း ဓါတ်ပုံနှင့် တကွ တခမ်းတနား ဖေါ်ပြလာခဲ့သည်ကို တွေ့ရှိရပေသည်။

 

ဂျပန်နိုင်ငံသည် လက်ရှိတွင် နိုင်ငံ ၁၄၆ နိုင်ငံမှ နိုင်ငံသားများကို နိုင်ငံအတွင်း ဝင်ရောက်ရန် ပိတ်ပင်ထားခဲ့သော်လည်း ထိုအထဲ တွင် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကင်းလွတ်ခွင့် ပေးခဲ့ခြင်းသည်ကပင် မြန်မာနှင့် ဆက်ဆံရေးသည် ဂျပန် အတွက် မည်မျှ အရေးပါနေသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

အဆိုပါ အစီအစဉ်အရ လောလောဆယ်တွင် နှစ်နိုင်ငံအကြား အတတ်ပညာရှင်များ ကူးလူးသွားလာခြင်းကို ခွင့်ပြုရန် နှင့် ရောက်ရှိသည့် အခါ သက်ဆိုင်ရာ နိုင်ငံ၏ သတ်မှတ်ထားသော နေရာများတွင် ၁၄ ရက်အကြာ သီးခြားနေထိုင်ရန်ကိုလည်း သဘောတူခဲ့ကြသည်။

 

အရေးပါဆုံး လက္ခဏာ တရပ်အဖြစ် ဖူဂျီ ဖလင် ဦးပိုင် ကော်ပိုရေးရှင်း ကြီး မှ ထုတ်လုပ်သော ကော်ရိုနာဗိုင်းရပ်စ် ကုသရေးတွင် အလားအလာ အရှိဆုံး ဖြစ်နေသည့် ပဋိဇီဝ ဗိုင်းရပ်သတ်ဆေး Avigan ၊ ဆေးဝါး ပစ္စည်းများ အပါအဝင် ကော်ရိုနာဗိုင်းရပ်စ် ဆက်စပ် အကူအညီ အဖြစ် ဒေါ်လာ သန်း ၃၀ ပေးရေးလည်း သဘောတူညီသည့် အထဲတွင် ပါဝင်ခဲ့ကြသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ နှင့် ဆွေးနွေးသည့်အထဲတွင် မြန်မာ၏ ဘတ်ဂျက် လိုအပ်ချက်ကို ဖြည့်တင်းပေး ရေးအတွက် အရေးပေါ် ချေးငွေ အဖြစ် ဒေါ်လာ ၂၈၃ သန်း ထုတ်ချေးရန် မိုတဲဂီက ကတိပြုခဲ့ပြီး ကပ်ရောဂါ ကြောင့် စီးပွားရေး ထိခိုက်သွားခဲ့ရသော အလယ်အလတ် နှင့် အသေးစား လုပ်ငန်းများအား ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သွားမည် ဟု ပြောခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

 

မြန်မာ၏ အနောက်ဖက် နယ်ခြား အရေး နှင့် စပ်လျှင်း၍ မြန်မာ အနေဖြင့် အိုင်စီဂျေ မှ ချမှတ်ထားသော ကြားဖြတ် အစီအမံများကို “တဖြေးဖြေးချင်း အကောင်အထည် ဖေါ်သွားနေခြင်း” ၏ အရေးပါမှု ကို အသိအမှတ် ပြုကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများ တိုးတက်ရန် မြန်မာ အစိုးရ၏ ကြိုးပမ်းမှုများကို “အပြည့်အဝ ထောက်ခံကြောင်း ” ဂျပန် နိုင်ငံခြားရေး ဝန်ကြီး က ထုတ်ဖေါ် ပြောကြားသွားခဲ့သည်ဟု သတင်းစာတွင် ရေးသားထားသည်။

 

ဤသည်ကပင် ရခိုင်အား စစ်အုပ်ချုပ်ရေး သွတ်သွင်းရန် နိုင်ငံတွင်းရှိ စစ်ဝါဒီ တို့ လိုလားနေခြင်းအား ဂျပန်က ဆန့်ကျင်ကြောင်း ဖေါ်ညွှန်းလိုက်ခြင်းပင် ဖြစ်ပေသည်။

 

နိုင်ငံတွင်းရှိ စစ်ဝါဒီများသည် ယခင်က အမျိုးသားရေး ဝါဒီများ အဖြစ် အသွင်ပြောင်းကာ တရုတ် ဆန့်ကျင်ရေး အနောက်မျှော်ဝါဒ ကို ကျင့်သုံးခဲ့ကြသော်လည်း ယခုအခါ အကျပ်အတည်း ဆိုက်လာပြီ ဖြစ်သဖြင့် တရုတ်အား မျက်စ ပြစ် အထာပေး လာကြပြန်သည်။ သို့သော် လေ့လာသူများ အားလုံးက ၎င်းတို့သည် လိုအပ်လျှင် လိုအပ်သလို အရောင်ပြောင်းသည့် ပုတ်သင်ညိုများ ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရနှင့် ဆွေးနွေးပြီး လိုက်လျောမှုများ ပြုလုပ်သည်ကပင် ပို၍ ရေရာမှု ရှိကြောင်း တရုတ်မှ သဘောပေါက်နေကြပြီဟု သုံးသပ်နေကြသည်။

Hla Soewai