ဗာဆီလီ က ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး အိုး ထဲ့သို့ ကြည့်လိုက်သည်။ စာအုပ်များလည်း သူ့ အင်္ကျီ အောက် ရောက်သွားတော့သည်။
"ဟေး..အိုင်ဗန်၊ ငါတို့ အိမ်မပြန်တော့ဘူး၊ ညစာကို ဒီမှာပဲ ဝယ်စားလိုက်တော့မယ်" ပြောရင်း ဆိုရင်းက စာရွက်များကို သူ့ဖိနပ်ထဲ အမြန် ထည့်နေသည်။ "ငါတို့ရဲ့ ဈေးသည် အသစ်ကြီးကို အားပေးကြရမှာပေါ့၊ ဟုတ်တယ် မဟုတ်လား"
"ဟုတ်ပါ့ဗျာ"
အမေက ပတ်ဝန်းကျင် ကို အကဲခတ်လိုက်ရင်းက...
"ဂေါ်ဖီ ချဉ်ရေ၊ ကြာဇံကြော်တွေ၊ အသားကင်တွေ ရမယ်နော်" ဟု အော်လိုက်သည်။
အော်ရင်းကလည်း ပါလာသည့် စာစောင်များကို နှိုက်ထုတ်ပြီး ညီအစ်ကို နှစ်ယောက် လက်ထဲ ထည့်ပေးနေသည်။
သူမ၏လက်ထဲမှ စာအုပ်ထုတ်များ တစ်ထုတ်ပြီးတစ်ထုတ် ပျောက်ကွယ်သွားတိုင်း ရွံရှာဖွယ် ကောင်းလောက်အောင် ပမာမခန့် နိုင်လှသော ပုလိပ် အရာရှိ၏ မျက်နှာသည် အမှောင်ခန်းထဲ၌ ခြစ်လိုက်သော မီးခြစ်ဆံ မီးတောက်ကဲ့သို အဝါရောင် အစွန်းအထင်းလို သူမ၏ မျက်စိထဲ၌ ဖျတ်ခနဲ ပေါ်ပေါ်လာသည်။ ထိုအခါ သူမက ထိုအရာရှိကို စိတ်ထဲမှနေ၍ ရန်ငြိုးတေးဖြင့် ကျေနပ်အားရစွာ ဤသို့ ပြောလိုက်လေသည် -"
"'ရော့... ယူလိုက်စမ်းပါဦးရှင်!' နောက်ဆုံးစာအုပ်ထုတ်ကို ကမ်းပေးလိုက်သည့်အခါတွင်လည်း သူမက အားရကျေနပ်သော လေယူလေသိမ်းဖြင့် 'ကဲ... ဒီမှာ နောက်ထပ်ရှိသေးတယ်၊ ယူလိုက်ကြစမ်းပါ!' ဟု ထပ် ပြောလိုက်ပြန်သည်။
အလုပ်သမား များလည်း ခွက်လေးများ ကိုင်ပြီး အိုင်ဗန် နှင့် ဗာဆီလီ အနား ရောက်လာကြသည်၊ ညီအကို နှစ်ယောက်လည်း သူတို့အချင်းချင်း တစုံတခု ကို သဘောကျသည့် အလား ဝါးကနဲ ရယ်လိုက်ကြသည်။ အမေလည်း စာစောင်များ လက်ပြောင်းလက်လွှဲ လုပ်နေသည်ကို ရပ်လိုက်ပြီး သူတို့ ကမ်း ပေးလာသော ခွက်များထဲသို့ ဂေါ်ဗီ ချဉ်ရေ နှင့် ကြာဇံကျော်များ ထည့်ပေးနေသည်။
"ကြည့်စမ်း နီလော့နာ လုပ်တာ ကိုင်တာ ကျွမ်းကျင်နေပုံများ" ဟု ဂူးဆက်က နောက် နောက် ပြောင်ပြောင် ပြောလာသည်။
"အေး လေ လုပ်ရဖို့ လိုလာတော့လည်း ကြွက်တောင် ဖမ်းသင့် ဖမ်းရတော့မှာပဲ၊ အိမ်အတွက် ငွေ ရှာပေးနေတဲ့ သားတော် မောင်လည်း အဖမ်းခံလိုက်ရတာကိုး၊ ကျွန်တော့် အတွက် ကြာဇံကျော် သုံးပြားဖိုး လောက် ထည့်ပေး၊ ကိစ္စ မရှိဘူး၊ အမေ ကျော်လွှားနိုင်မှာပါ လေ" ဟု မီးထိုးသမားက ဝင်ပြောသည်။
"အခုလို ပြောဖေါ်ရတာ ကျေးဇူး ပါတော်" ဟု အမေက ပြုံးရင်း ပြန် ပြောလိုက်သည်။
သူသည် ခပ်လှမ်းလှမ်း သို့ ရောက်သည့်အခါ 'စကားကောင်းလေးတစ်ခွန်း ပြောလိုက်ရတာ ငါ့အတွက် ဘာမှ အပိုကုန်ကျသွားတာမှ မဟုတ်တာ' ဟု တိုးတိုးလေး ရေရွတ်လိုက်လေသည်။"
"ဒါပေမဲ့ အဲဒီစကားမျိုး ပြောပြဖို့ လူမှမရှိတာ!" ဟု ပန်းပဲဆရာတစ်ဦးက ပြုံးလျက် မှတ်ချက်ချသည်။ ထို့နောက် သူက အံ့အားသင့်သလို ပခုံးကို တွန့်လိုက်ရင်း - "ကြည့်စမ်းပါဦး သူငယ်ချင်းတို့ရာ၊ ဒါဟာ မင်းတို့ရဲ့ ဘဝပဲ။ အခုလို စကားကောင်းတစ်ခွန်း ပြောထိုက်တဲ့ လူတောင် မရှိဘူး။ ဟုတ်တယ် မဟုတ်လား!" ဟု ထပ်ပြောလိုက် ပြန် သည်။
ဗာဆီလီ ဂူးဆက်က ထိုင်ရာမှ ထလာပြီး သူဝတ်ထားသည့် ကုတ်အင်္ကျီ ကို တင်းကျက်အောင် စေ့လိုက်ရင်း "ကျွန်တော်များ အပူ တွေ စားထားတာအောင် ချမ်းနေတုန်းဗျာ" ဟု ပြောရင်း လှည့်ထွက်သွားသည်။ အိုင်ဗန်လည်း လေ လေး တချွန်ချွန် ဖြင့် သူ့နောက် လိုက်သွားသည်။
အမေလည်း စိတ်အား တက်ကြွလာပြီး "ဟော့ဒီမှာ ပူပူနွေးနွေး ဟင်းရည်တွေ၊ ကြာဇံကျော် တွေ ဆံပြုတ်တွေ ရမယ်"
အခုလို ဈေးရောင်းရသည့် ပထမဆုံး အတွေ့အကြုံကိုလည်း သားဖြစ်သူ ကို ပြောပြရမည့် အကြောင်းများလည်း တွေးနေမိသည်။
ဝါဖျော့ဖျော့ မျက်နှာ နှင့် ဇဝေဇဝါ နှင့် မကျေမချမ်း ဖြစ်နေသော အမူအရာ နှင့် အရာရှိသည် သူမ ရှေ့တွင် ရပ်မြဲ ရပ်နေဆဲပင်၊ အနက်ရောင် နှုတ်ခမ်းမွှေးသည်လည်း ဂဏှာမငြိမ် နှင့် လှုပ်စိ လှုပ်စိ ဖြစ်နေပြီး အပေါ်နှုတ်ခမ်းမှာလည်း တုန်ယင်စွာဖြင့် လန်တက်သွားပြန်သဖြင့် စေ့ထားသော သွားများမှ ဖြူဖွေးသည့် အရောင်မှာ ပေါ်ထွက်လာသည်။
သူမ၏ ရင်ထဲတွင်မူ စူးရှသော ဝမ်းမြောက်ခြင်းဆိုသည့် ခံစားချက်များသည် ငှက်ကလေးတစ်ကောင်ကဲ့သို့ တောင်ပံခတ်လျက် သီချင်းဆိုနေကြသည်။ သူမ၏ မျက်ခုံးတန်းလေးများမှာ သိမ့်ကနဲ တုန်သွား၏။ သူမသည် ဖောက်သည်များကို ကျွမ်းကျင်ဖျတ်လတ်စွာ ရောင်းချ ပေးနေရင်းက -"ရှိသေးတယ်! နောက်ထပ် ရှိသေးတယ်!" ဟု တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေမိပြန်သည်။
တစ်နေ့တာလုံးလည်း သူမသည် ထူးခြားဆန်းသစ်သည့် ကြည်နူးမှုတစ်မျိုးကို ခံစားနေရပြီး ထိုခံစားချက်သည် သူမ၏ နှလုံးသားကို နွေးထွေးညင်သာစွာ ပွတ်သပ်ချော့မြှူနေသလို ဖြစ်လာနေသည်။
အမေ သည် ညနေစောင်း တွင် မာယာ အိမ်သို့ ဝင်၍ လုပ်စရာ ကိုင်စရာ ရှိသည်များ လုပ်ပေးခဲ့ပြီး အိမ်ပြန် ရောက်၍ လ္ဘက်ရည် တခွက် သောက်နေချိန် နှင်းများ အရည်ပျော်၍ ဗွက်များ ထနေသည် လမ်းဖက်မှ တဗြပ်ဗြပ် နှင့် ပေါ် ထွက်လာ သော မြင်းခွာသံ နှင့် အတူ ရင်းနှီးနေသည့် အသံရှင် တဦး၏ လှမ်းခေါ်သံကိုလည်း ကြားလိုက်ရသည်။
အမေလည်း ထိုင်နေရာမှ ကမန်းကတမ်းထကာ မီးဖိုဆောင်ထဲ ဝင်သွားပြီး တံခါး ရှိရာ အပြေးက လေး သွားလိုက်သည်။ ဆင်ဝင် အောက်သသို့ ခပ်သွက်သွက် လျှောက်ဝင်လာသော လူတယောက်ကို တွေ့လိုက်ရသည်။ အမေ၏ မျက်လုံးများက ဝေဝါး နေပြီး တံခါးတိုင်ကို မှီထားရင်းနှင့်က တံခါးကို ခြေထောက်နှင့် တွန်းဖွင့် ပေးလိုက်သည်။
"နေကောင်းလား အမေ!" ဟု သာယာကြည်လင်ပြီး ရင်းနှီးနေကျ အသံတစ်သံ ကြားလိုက်ရသည်။ တပြိုင်တည်းလိုလို ခြောက်သွေ့ပြီး ရှည်လျားသည့် လက်တစ်စုံသည် သူမ၏ ပုခုံးနှစ်ဖက်ပေါ်ကို နွေးထွေးစွာ ကျရောက်လာခဲ့သည်။