အိုင်ယာလန် ရှိ ဆေးသုတ်သမား နှင့် ဆိုင်းဘုတ်ရေးကာ အသက်မွေးဝမ်းကျောင်းခဲ့ရသူ ရောဘတ် ထရက်ဆဲလ် ဆိုသူ၏ ၁၉၁၄ တွင် ရေးသားခဲ့သော The Ragged Trousered Philanthropist စာအုပ် ထဲမှ သိသင့်သည့် အချို့ကို ထုတ်နှုတ်တင်ပြသွားမည်။
ဖခင် ကွယ်လွန်ချိန် ကျမှ သမီးဖြစ်သူသည် ကုတင်အောက်မှ တွေ့ရှိလာသောထိုစာမူကို ထုတ်ဝေသူများ ထံ ပြသခဲ့ရာ သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခံခဲ့ရပြီး နောက်ဆုံးတွင် ဂရန့် ရစ်ချတ် စာအုပ်တိုက်ကြီးမှ မူရင်း လက်ရေးစာမူ ၁,၆၀၀ ထဲမှ သုံးပုံနှစ်ပုံကိုသာ ထုတ်ဝေရန် သဘောတူခဲ့သော စာအုပ်။
ထိုကဲ့သို့ သမီးဖြစ်သူ ကုတင်အောက်မှ ဖုတ်ဖက်ခါ ဆွဲထုတ်လာခဲ့သော ဝတ္ထုကြီးအား ဗြိတိသျှ စာရေးဆရာ အကျော်အမော်ကြီးများ ဖြစ်သည့် သောမတ်စ် ဟာဒီ၊ ဒီ အိပ်ချ် လော့ရင့်စ် နှင့် ဂျိမ်း ဂျွိုက်စ် တို့နှင့် တတန်းစားထဲထားကာ နေရာပေးခံခဲ့ပြီး ဘာသာပေါင်း များစွာ သို့ ပြန်ဆိုခဲ့ရသည့် စာအုပ်၊
အမေရိကန်ရှိ လူ့အဖွဲ့အစည်း တွင် အတိုးတက်ဆုံး နှင့် တော်လှန်သော အလုပ်သမား လူတန်းစား ပေါ်ပေါက်နေပြီ ဖြစ်သော်လည်း ဗြိတိန်တွင်မူ အရင်းရှင်တို့က မသဒ္ဓါရေစာ ပေးသော လုပ်ခလေးဖြင့် မသေရုံတမည် ရုန်းကန်နေကြရမှုကိုပင် ဘုရားသခင် စီမံရာ အတိုင်းဟု မိန်းမောနေကြသည့် ဗြိတိသျှ ကျောမွဲ အလုပ်သမားများအား နားမျက်စိ ဖွင့်ပေးလိုက်သည့် နိုင်ငံရေး နောက်ခံ ဘဝ သရုပ်ဖေါ် ဝတ္ထုကြီး၊
လူတစုက တိုင်းပြည်၏ ကုန်ထုတ်လုပ်ငန်းကြီးများကို လက်ဝါးကြီး အုပ်ကာ ဝေခြမ်း စားသောက်နေကြသည့် အဖြစ်ကြောင့် အလုပ်သမားများ အဖို့ ကျောမွဲဘဝမှ ရုန်းမထွက်နိုင် ဖြစ်နေခဲ့ရမှုများအား မီးမောင်းထိုးပြခဲ့သည့် စာအုပ်။
၁၉ ရာစု နှစ် အကုန်တွင် ဗြိတိသျှ လူ့အစည်းအရုံး အတွင်း တစထက် တစ ဆိုးဝါးခါးသီးလာနေသော စီးပွားရေး နှင့် လူမှုရေး အကျပ်အတည်းများကြောင့် ပေါ်ပေါက်လာခဲ့ရသော လေဘာပါတီကြီး၏ အဖွဲ့ဝင်များ အဖို့ ဘုရားဟောသည့် ကျမ်းစာအလား လေ့လာဖတ်ရှုခဲ့ရသည့် စာအုပ်။
အင်္ဂလိပ် စာရေးဆရာကြီး ဂျော့ချ် အော်ဝဲလ်မှ လူတိုင်း ဖတ်သင့်သည်ဟု တကူးတက ထုတ်ဖေါ်ပြောဆိုခဲ့ရသည့် စာအုပ်။
အရင်းရှင်စနစ်၏ သဘောသဘာဝကို သာမန် လူများ နားလည်အောင် ရှင်းလင်းပြတ်သားစွာ မီးမောင်းထိုးပြနိုင်ခဲ့ ခြင်းကြောင့် ဗြိတိသျှ အစိုးရ နှင့် ငွေရှင်ကြေးရှင်တို့ မျက်ခုံးလှုပ်ခဲ့ရပြီး ၁၉၅၅ တွင် ကျမှ စာအုပ်အပြည့်အစုံကို ပုံနှိပ်ဖေါ်ပြခွင့် ရခဲ့ပြီး ၂၀၀၃ ခုနှစ် အရောက်တွင် တော့ အုပ်ရေ ၁ သန်း ကျော် ရောင်းချခဲ့ပြီး ဖြစ်သည့် စာအုပ်။
ထိုစာအုပ်ကို ဖီလော်ဆော်ဖါ အိုဝင် အမည်နှင့်ကျွန်တော် ဘာသာ ပြန်ပြီး ဖေ့စ်ဘုတ် တွင် တင်ပြ နေရာ မှ ၂၀၂၁ တွင် တနိုင်ငံလုံးအား အမှောင် တိုက်ကြီး မှ ဆွဲသွင်းသွားခဲ့သော စစ်အာဏာရှင် စနစ် ဆိုးကြီး ပြန်လည် ခေါင်းထောင်လာခဲ့သည့် လွန်စွာ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးကြောင့် ရပ်ဆိုင်းလိုက်ရသည်။
မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ဗိုလ်ချုပ် တစု သည် ၎င်းတို့ လက်ဝယ်ရှိ ရာထူး အာဏာ ကို အလွဲသုံးစား လုပ်ကာ စားသာမည်လားဟု အာဏာသိမ်းပြီးကတည်းက လှည်းနေလှေအောင်း မြင်းဇောင်း မကျန် မြန်မာပြည်သူတို့၏ လူနေမှု ဘဝ သည် အစစ အရာရာ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်၊ သို့သော် အကောင်းဖက်တော့ မဟုတ် အဆိုးဖက်သို့ တအိအိ နှင့် ထိုးဆင်းကျလာနေသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
လာအိုအပါအဝင် အိမ်နီးချင်း တိုင်းပြည်များ မီးထိန်ထိန် လင်းနေ ချိန်တွင် တပြည်လုံးအား ဖယောင်းတိုင် ဖြင့် နေနိုင်ရန် အထိ စွမ်းဆောင်ရည် ထပ်မံ မြင့်တက်လာခဲ့သည်။
ယခု တင်ပြမည့် အကြောင်းအရာ လေးသည် အဓိက ဇာတ်ဆောင် အိုဝင် နှင့် အဖေါ်ဖြစ်သူ အီစတန် တို့ အပြန်အလှန် ပြောဆိုခဲ့သည့် အကြောင်းအရာ လေးတခု ကို လက်ရှိ အခြေအနေများကို အရှိကို အရှိ အတိုင်း သုံးသပ် နိုင်ဖို့ ကောက်နှုပ်တင်ပြလိုက်ပါသည်။
"လောလောဆယ်ကွာ လူတွေ ထောင်ပေါင်း များစွာ ဒုက္ခရောက်နေကြတာ၊ သူတို့နဲ့ ယှဉ်လိုက်ရင် ငါတို့က ချမ်းသာတယ် တောင် ပြောလို့ရနေပြီ၊ သူတို့ မှာ အစားဆင်းရဲ အနေဆင်းရဲ နဲ့ ဒုက္ခပင်လယ်ဝေနေတာနဲ့ စာရင်ကွာ ငါတို့က ဇိမ်ကျကျ နေနိုင်တယ်လို့ ပြောရမယ်၊ မင်း သိပါတယ်”
“ခင်ဗျား ပြောတာ အတော်လေး မှန်ပါတယ်ဗျာ၊ လက်ရှိ အနေအထားနဲ့ နေနိုင်စားနိုင်တာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ၊ အလုပ်ကလည်း အခုလို အပြင်မှာ မဟုတ်ဘဲ အထဲမှာ လုပ်ရတဲ့ အလုပ်ကလေး ရှိနေတာ ကံကောင်းတယ် ပြောရမယ်၊ အပြင်မှာ အခုလို အချိန် လပ်ယားလပ်ယား နဲ့ အလုပ်ရှာနေကြတဲ့ လူတွေ တပုံကြီး”
“ဟုတ်တယ်၊ ငါတို့ ကံကောင်းတယ်၊ ငါတို့ ဆင်းရဲ မွဲတေနေကြတယ် ဆိုပေမဲ့ တကယ်တမ်း မငတ်သေးတော့ တော်သေးတယ်လို့ ယူဆရမှာပဲ”
အိုဝင်က တံခါးကို ဆေးသုတ်နေပြီး အီစတန်က နံရံ အောက်ခြေကပ် သစ်သားပြားများကို သုတ်နေသည်။ သူတို့ လုပ်ရသည့် အလုပ်မျိုးသည် အသံမထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ် လုပ်၍ရနေသဖြင့် လည်း တဦး နှင့် တဦး ပြောသည့် စကားများကို အလွယ်တကူ ကြားနေရသည်။
"ဆင်းရဲတယ် ဆိုတာ ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အရာတွေ ချို့တဲ့ နေကြရတာပဲ၊"
“ငါတို့ အခုလို နေနေရတဲ့ ဘဝကို ကြိတ်မှိတ်အောင့်အီးပြီး တသက်လုံး ဆက်နေသွားဖို့ ဆုံးဖြတ် တာမျိုးက မှန်တယ်လို့ မောင်ရင် ထင်လား”
“ဘယ်လာ ထင်မလဲဗျာ၊ မဟုတ်တာဘဲ၊ အခြေအနေက ဒီတိုင်း ဆက်မသွားဘဲ ကောင်းလာမှာ သေချာပါတယ်ဗျာ၊ အလုပ်အကိုင်တွေ ဆိုလည်း အခုလို ဆိုးဆိုးဝါးဝါး ပုံစံမျိုးနဲ့ အမြဲသွားနေမှာမှ မဟုတ်တာ၊ ဘာကြောင့် ပြောနိုင်လည်း ဆိုတော့ ခင်ဗျား မှတ်မိသေးလား၊ ပြီးခဲ့တဲ့ နှစ်တွေ တုန်းက အလုပ်တွေ ပေါလွန်းနေလို့ ကျွန်တော်တို့ဆို တနေ့ကို ဆယ့်လေးနာရီ၊ ဆယ့်ခြောက်နာရီ ဆိုသလို လုပ်နေကြတာလေဗျာ၊ ကျွန်တော်ဆို တပတ် ပြီးသွားရင် ခြေကုန်လက်ပမ်း ကျသွားတော့တာပဲဗျာ၊ တနင်္ဂနွေ လို နေ့မျိုးမှာ တနေကုန် အိပ်ယာထဲက မထနိုင်အောင် ဖြစ် ဖြစ်နေတာများ”
“ဒါဆိုရင် ငါတို့အနေနဲ့ မသေရုံ မငတ်ရုံတမယ် လုပ်ကိုင်နေစရာ မလိုဘဲ ယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်းဝင် တယောက် အဖြစ် ဣန္ဒြေရရ နေသွားနိုင်လို့ ရတဲ့ နည်းလမ်း ရှိမရှိ စုံစမ်း ဖေါ်ထုတ်ဖို့ သင့်တယ်လို့ ကော မင်း မထင်ဘူးလား”
‘အဲ့လို အခြေအနေဖြစ်အောင် ဘယ်လို ပြောင်းလို့ ရနိုင်မှာတဲ့တုန်း၊ လောလောဆယ် ကျွန်တော် ကြားရသလောက်တော့ နေရာတိုင်းမှာ အလုပ်အကိုင်တွေ ရှားပါးနေပြီ၊ ဘယ်သူမှ အလုပ်ကို ဖန်တီးမပေးနိုင်ကြတော့ဖူး”
“ဒါဆိုရင် ကမ္ဘာမှာ ဖြစ်ပျက်နေတာ တွေက လေတိုက်သလို၊ ရာသီဥတု လို ကိုယ့်အနေနဲ့ ဘယ်လိုမှ မထိန်းချုပ်နိုင်တဲ့ ဟာမျိုးတွေလို့ မင်း ထင်နေတာလား၊ ဥပမာ ကွာ ရာသီဥတု ဆိုးလာရင် ဘာမှ မလုပ်ဘဲ ငြိမ်ကုပ်နေ၊ ကောင်းလာတဲ့ အချိန်အထိ ထိုင်စောင့်၊ အဲ့လိုမျိုးလား”
“ကျွန်တော် တို့ ဘယ်လို တတ်နိုင်မလဲ ဆိုတာတော့ မမြင်သေးဘူး၊ လူတွေက သာ သူတို့ရတဲ့ ပိုက်ဆံတွေကို ကျွန်တော်တို့ ခင်ဗျား တို့လို မသုံးကြဘူး ဆိုရင် တမျိုးပေါ့၊ ဒါကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ”
အိုဝင်က အီစတန်အား အထူးအဆန်း သတ္တဝါတယောက် အလား ကြည့်လိုက်သည်။
“အခု မောင်ရင် အသက် နှစ်ဆယ့် ခြောက် လောက် ရှိပြီ ထင်တယ်၊ ဒီအတိုင်းဆို မောင်ရင်အနေနဲ့ နောက်ထပ် အသက် သုံးဆယ် လောက်ပဲ နေရတော့မယ်၊ အကယ်၍ သင့်တင့်လျှောက်ပတ်စွာ စားသောက် ဝတ်စားနိုင်မယ်၊ အလုပ်ကိုလည်း တနေ့ တနေ့ ပုံမှန် အလုပ်ချိန်နဲ့ လုပ်ရမယ် ဆိုရင် မောင်ရင် အဖို့ နောက်ထပ် အနှစ် ငါးဆယ် ခြောက်ဆယ် လောက် အသက်ရှင် မနေနိုင်စရာ ဘာအကြောင်းမှ မရှိဘူး၊ အခုဟာက အနှစ်သုံးဆယ် နေရမယ့် ကိစ္စ၊ ဒီတော့ ကိုယ်တို့ အခု လို ဆင်းဆင်းရဲရဲ ဘဝမျိုးနဲ့ နောက်ထပ် အနှစ် သုံးဆယ်လောက်ပဲ ဆက်နေသွားရမယ့် အရေးကို မောင်ရင် ဘာမှ မလုပ်ဘဲ ပေယျာလကန် ပြုနိုင်သလား ဆိုတာပဲ”
အီစတန် က ဘာမှ ပြန်မပြော။
“ဥပမာကွာ မောင်ရင် ဥပဒေ ကို ကြီးကြီးကျယ်ကျယ် ချိုးဖောက်လိုက်လို့ နောက်အပတ်ထဲမှာ ဆယ်နှစ်လောက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ကျ ခံရတယ် ဆိုပါစို့၊ အဲ့ဒီကျ မောင်ရင်က ငါ့အဖြစ်က အင်မတန် မှ ဆိုးလှပါလား လို့ တွေးမယ်၊ ဟော... အခု လို အလုပ်ကြမ်း နဲ့ နှစ် သုံးဆယ် လောက် နေရပြီး စောစောစီးစီး သေရမယ့် ကိစ္စမျိုး ကျတော့ မောင်ရင်က ပျော်ပျော်ကြီး လက်ခံနေတယ်”
အီစတန်က ဘာမှ မပြောဘဲ ဆေးကိုသာ မဲသုတ်နေသည်။
အိုဝင် က စုတ်တံကို ဆေးဘူးထဲ နှစ်လိုက်ပြီး တံခါး အောက် ပိုင်းကို သုတ်လိုက်ရင်းက “အလုပ်မရှိရင် မောင်ရင် အဖို့ ငတ်ရင် ငတ်၊ မငတ်လည်း အကြွေးလည်ပင်းခိုက်မယ်၊ အဲ...အခုလို အနေမှာ အလုပ်ကလေး နည်းနည်းပါးပါး ရှိတော့ မောင်ရင် အဖို့ မငတ်ရုံတမယ်လေး နေသွားလို့ရတယ်၊ ခုန မောင်ရင်ပြောတဲ့ အလုပ်တွေ ကောင်းလာတဲ့ အချိန်မှာ ဆို တနေ့ကို ဆယ့်နှစ်နာရီ၊ ဆယ့်လေးနာရီမျိုး လုပ်ရမယ်၊ ကံကောင်းရင် တညလုံး လုပ်ရမယ်၊ ဒီလို လုပ်လို့ ရလာတဲ့ အပို ပိုက်ဆံတွေနဲ့ တင်နေတဲ့ ကြွေးတွေ ပြန်ဆပ်မယ်၊ ဒီလို ဆပ်မှလည်း နောက် အလုပ်မရှိတဲ့ အခါမျိုးကျ ထပ်ယူလို့ ရမှာကိုး”
အီစတန်က သူသုတ်နေသည့် နံရံအောက်ခြေ သစ်သားဘောင်များမှ အကွဲကြောင်းများထဲကို ပတ်တီးများ လိုက်ဖြည့်နေသည်။
“ဒီလို အနေအထားမျိုး နဲ့ သံသရာလည်ပြီး ဆက်နေသွားရမယ် ဆိုရင် မောင်ရင် အဖို့ ပုံမှန်ထက် အနှစ်နှစ်ဆယ်လောက် စောပြီး သေဖို့ရှိတယ်၊ နောက်တချက်က မောင်ရင် အလုပ် ဆက်လုပ်လို့ မရတော့ဖူး၊ ဒါပေမဲ့ မောင်ရင် ခန္ဓာကိုယ်က ထူးထူးခြားခြား တောင့်တင်း ကြံ့ခိုင်နေဦးမယ်ဆိုရင် မောင်ရင်ကို ထောင်ကျ ရာဇဝတ်သား တယောက်လို သေတဲ့ထိ ဆက်ဆံတာ ခံရလိမ့်မယ်”
အကွဲကြောင်းများကို ဖာထေးပြီး သွား၍ အီစတန်က ဆေးကို ဆက်သုတ်နေပြန်သည်။
“အကယ်၍ အလုပ်လုပ်နေနိုင်သေးတဲ့ ယောကျ်ား မိန်းမ မှန်သမျှ အသက် ငါးဆယ် အရွယ် ရောက်လာ တာနဲ့ ကြိုးပေးကွပ်မျက်ရမယ်၊ ဒါမှမဟုတ်လည်း အဆိပ်ဓါတ်ငွေ တွေ လွှတ်ထားတဲ့ အခန်းထဲ ထည့်ပြီး သတ်ပြစ်ရမယ် ဆိုတဲ့ ဥပဒေမျိုး အဆိုပြုလာကြပြီ ဆိုရင် မောင်ရင်တို့ ကျားကုတ်ကျားခဲ ဆန့်ကျင်ကန်ကွက်ကြတော့မှာကို ယုံမှား သံသယ ဖြစ်စရာတောင် မလိုဘူး၊ ဒါပေမဲ့ အခုလို တဖြေးဖြေး နဲ့ ငတ်သေရမယ့် အရေး၊ အလုပ်ကို အလွန်အကျွံ လုပ်ရမယ့် အရေး၊ သင့်တင့် လျှောက်ပတ်တဲ့ အဝတ်အထည်၊ ဘွတ်ဖိနပ်မျိုး မရှိဘဲနေရမယ့် အရေး၊ ကိုယ့်မှာ နေထိုင်မကောင်း ဖြစ်လည်း အိပ်ယာထဲ လှဲပြီး အနားမယူနိုင်ဘဲ အလုပ်သွားကြရမယ့် အရေး ဒါတွေကိုတော့ မောင်ရင်တို့က အသာတကြည် လက်ခံနေကြတုန်း”
ပြည်သူတို့၏ တရားသောစစ် မုချ အောင်ရမည်!!!