တရုတ် လုပ် မြို့ တရာ ရွေးကောက်ပွဲ ဒုတိယ အကြိမ် စပြီ

by Hla Soewai - Jan 12 2026

စစ်အုပ်စု ပြုတ်မကျရေး အတွက် ဒုတိယ စည်း ထပ်တားထားရန် တရုတ် ၏ သဘောတူ ညီ ချက် ဖြင့် ရွေးကောက်ပွဲ ဒုတိယ အဆင့် ကို လာမည့် တနင်္ဂနွေ နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

 

ရန်ကုန် တိုင်း ၁၆ မြို့နယ်၊ မန္တလေးတိုင်း ၉ မြိုါနယ်၊ ရှမ်း ပြည်နယ် ၁၇ မြို့နယ် အပါအဝင် တိုင်း နှင့် ပြည်နယ် ၁၂ ခု ရှိ မြို့နယ် တရာ ရွေးကောက်ပွဲ ပင် ဖြစ်သည်။

 

လူထုသည်လည်း ကောင်းကင်တွင် ဗုံးကြဲ ‌လေယာဉ်များ ဒလဟော တက်လိုက် ဆင်းလိုက် လုပ်နေချိန်တွင် ၎င်းတို့ မည်သို့မျှ စိတ်ပါ လက်ပါ မရှိလှ‌ သော အလုပ် ကို အသွားမတော် တလှမ်း ဆိုသလို သွားရောက် မဲထည့် ကြရပေဦးမည်။ တခုခု အပြောင်းအလဲ များ ဖြစ်လာမည်လား ဆိုသည် မျှော်လင့်ချက်သည် ကလည်း ပထမအဆင့် အပြီး ထွက်ပေါ်လာသည့် အခင်းအကျင်း ကြောင့် ပျက်ပျယ်သွားခဲ့ရပြီ ဖြစ်သည်။

 

ပါဝင်ယဉ်ပြိုင် ဖို့ ရှိနေသည့် နိုင်ငံရေး ပါတီများသည်လည်း ကိုယ့်ပိုက်ဆံ ကိုယ် စိုက်ထုတ်ပြီး၊ အာပေါက်မတတ် နေပူ ကျဲတဲ တွင် မဲဆွယ်၊ ခြေတိုမတတ် တအိမ်တက် ဆင်း သွားပြီး အပင်ပန်းခံခဲ့ကြရသော်လည်း တကယ်တမ်း တွင် စစ်အုပ်စု ၏ အဖြည့်ခံ ဘဝ ဖြင့် အလိမ်ခံလိုက်ကြရပြီ ဆိုသည်ကို ပထမ အဆင့် မှာပင် သဘောပေါက်ခဲ့ကြပြီ ဖြစ်သည်။

 

အဘယ်ကြောင့် ဆိုသော် စစ်အုပ်စု လက်ဝေခံ USDP အနိုင်ရရှိစေရန်အတွက် "မသမာသောနည်းလမ်းဖြင့် ကြိုးကိုင်ဖန်တီးထားခြင်း" ဖြစ်နေသော်ကြောင့်ပင်။

 

၎င်းတို့ထဲမှ တယောက်တလေ ကိုပင် လွှတ်တော်ထဲ အဝင်ခံမည် မဟုတ်ဆိုသည်ကို ဒီဇင်ဘာ ၂၈ ရက်နေ့ ပထမအဆင့် ရွေးကောက်ပွဲ ရလဒ်ကပင် ရှင်းလင်းစွာ ပြဆိုခဲ့ပြီး ဖြစ်သည်။

 

USDP သည် မဲအရည်အတွက်၏ ၈၀ ရာ နှုန်း အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် နေရာ ၄၀ တွင် ၃၈ နေရာ အထိ အနိုင်ရရှိခဲ့ပြီဟု ကြေညာလာခဲ့သည်။

 

နိုင်ငံရေး ပါတီများက တနိုင်ငံလုံး ရွံရှာ မုန်းတီးနေသော USDP နှင့် ပြိုင်ရမည်၊ ထို အချက် တချက်တည်း နှင့်ပင် ကြိမ်းသေ ပေါက် လွှတ်တော် ထဲ ဝင်ထိုင်ခွင့် ရတော့မည် ဆိုသော မျှော်လင့်ချက် မျိုး နှင့် အားတက်သရော ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

 

၎င်းတို့ ထင်မြင်ယူဆချက်သည်လည်း မှားတော့ မမှားလှ၊ သို့သော် မပိုင်လျင် ခြင်‌တောင် မရိုက် ဆိုသော စစ်တပ်၏ အလိမ်အညာ များ အောက်တွင် အစအနပင် ရှာမရအောင် စုံးစုံးမြုပ်သွားခဲ့ရ ရှာပြီဟု ဧရာဝတီက ရေးသားထားခဲ့သည်။ 

 

စစ်အုပ်စုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ဖွတ် တို့ ရှူံးခဲ့ရခြင်းသည် မဲမသမာမှုကြောင့် ဖြစ်သည်ကို သက်သေပြနိုင်ရန် ကြိုတင် အကွက်ချခဲ့ခြင်းလည်း ဖြစ်ပေသည်။

 

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီသည် ခွဲခြား၍မရသော ဒင်္ဂါးပြားတစ်ခု၏ အပြန်အလှန် မျက်နှာစာများ ကဲ့သို့ပင် ဖြစ်သည်။ တစ်ခုမရှိဘဲ နောက်တစ်ခုသည် ရေရှည်တည်တံ့၍ မဖြစ်နိုင်၊ စစ်အုပ်စုသည် လူ့အခွင့်အရေး သည် မြန်မာတို့ နှင့် မဆိုင်သည့်အလား ရွေးကောက်ပွဲ သည် ဒီမိုကရေစီပဲ ဆိုကာ နားလှည့် ပါးရိုက်ခြင်းမျိုးသာ ဖြစ်သည်။

 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိဘဲ တရားမျှတသော ရွေးကောက်ပွဲ မကျင်းပနိုင်။ သတင်းလွတ်လပ်ခွင့်မရှိဘဲ ပြည်သူများက မှန်ကန်သော ဆုံးဖြတ်ချက် မချနိုင်။

 

လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှရှိရမည်။ လူမျိုး၊ ဘာသာ၊ ကျား/မ ခွဲခြားမှုမရှိဘဲ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်။

 

ဒီမိုကရေစီသည် လူထုအား အာဏာပေးထားပြီး၊ လူ့အခွင့်အရေးသည် ထိုအာဏာကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ပေးသည်။

 

ဤ အနှစ်သာရ များ နှင့် များစွာ ကင်းကွာနေသော ရွေးကောက်ပွဲ ဆိုသည်ဖြင့် မျက်နှာပြောင်တိုက်ပြီး ပြည်သူကို လှည့်စားရန်သာ ဖြစ်သည်။

 

ရှမ်း နှင့် တိုင်းရင်းသား ဒီမိုကရက်ပါတီ (ကျားဖြူ) သည်ပင် လင်းခေးမြို့တွင် တနေရာသာ အနိုင်ရရှိသွားခဲ့သည်။ ကိုကိုကြီး၏ ပြည်သူ့ပါတီသည်လည်း မြိတ်မြို့နယ် တွင် တိုင်းလွှတ်တော် တနေရာသာ ရရှိသွားခဲ့သည်၊ ထိုသို့ တနေရာမျှသာ ရရှိခဲ့သည်ကိုပင် ရွေးကောက်ပွဲ နေ့က မဲဆွယ်ပါသည်ဆိုကာ ကြံ့ဖွတ်မှ ရွေးကော်သို့ တိုင်တန်းခဲ့သည်။ တရိစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာ အေးမောင်သည်လည်း စစ်တွေ တွင် အရေးနိမ့်သွားခဲ့သည်။ သက်သက်ခိုင်ပင်လျင် စစ်အုပ်စု ကောင်းမှုကြောင့် အရှက်တကွဲ ဖြစ်ရမည့် ဘေး မှ လွတ်ကင်းသွားရရှာသည်။

 

SNDP ဥက္ကဌ ဖြစ်သူ စိုင်းအိုက်ပေါင်းကပင် ဘာမှ ပြောချင်စိတ် မရှိအောင် စိတ်ပျက်မိတယ်ဟု ညည်းတွားခဲ့ရှာသည်။

 

ယခု ပွဲသည် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့ရှိ မြို့နယ်အချို့တွင် ကျင်းပရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ သို့သော် အဆိုပါဒေသအများစုသည် တိုက်ပွဲများ ပြင်းထန်နေသည့် ဒေသများဖြစ်သောကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် မြို့ပေါ်ရပ်ကွက်အချို့တွင်သာ ကျင်းပနိုင်ဖွယ် ရှိသည်။

 

စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတို့အပါအဝင် မဲဆန္ဒနယ်အတော်များများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ်လောင်းများသည် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 

ယခု ရွေးကောက်ပွဲ သည် အထက်တွင် ပြောခဲ့သလို စစ်အုပ်စု ပြုတ်မကျရေး အတွက် တရုတ်က ဆွဲပေးလိုက်သည့် ဒုတိယ စည်းသာ ဖြစ်သည်။

 

စစ်အုပ်စု အတွက် ပထမ လည်း ဖြစ် အခိုင်မာဆုံး စည်းသည်ကား ၎င်းတို့အား မုန်းတီး ရွံရှာစိတ် တွင်သာ စည်းလုံးနေကြသော်လည်း ကျန်သည့် အပိုင်းများ တွင် စည်းလုံးမှု မရှိ ဖြစ်နေသည့် တော်လှန်ရေး အင်အားစု များ၏ ရပ်တည်နေမှု ပင် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!