မင်းအောင်လှိုင်သည် ဒီမိုကရေစီ ဆိုသည်မှာ သူ့တွင် ရှိ လက်ဝေခံ ပါတီပေါင်းစုံ ပါဝင်သော ရွေးကောက်ပွဲ လုပ်ပြီး အစိုးရ ဖွဲ့နိုင်လျှင် ရပြီဟု သူ၏ အသိညဏ်လေးဖြင့် ယုံကြည်နေသူ ဖြစ်နေသည်။
သို့သော် ဒီမိုကရေစီ သည် ကွဲပြားမှုကို လက်ခံပြီး ပြည်သူတရပ်လုံး မှ ရွေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ်များထံ အာဏာ အပ်နှင်း အုပ်ချူပ်သည့် စနစ် ဆိုသည့် အခြေခံ အဓိပ္ပါယ် ပြဋ္ဌာန်း ချက် ကို မူ နားလည် ထားခြင်း မရှိ ဆိုသည်က ထင်ရှားနေပေသည်။
အေဗရာဟင် လင်ကွန်း၏ အထူး ထင်ရှားသော ဒီမိုကရေစီ အဓိပ္ပါယ် ဖွင့်ဆိုချက် သည် “Of the people, by the people, and for the people” ဟူ၍ ဖြစ်သော်လည်း မင်းအောင်လှိုင် အဖို့က သူ့၏ ရွေးကောက်ပွဲ အား မည်သူ အသိအမှတ်ပြုသည် မပြုသည် ဖြစ်စေ၊ This is the least we can do for you ဆိုသည့် သဘောလည်း ဖြစ်သည်။
၎င်းတို့ ငွေကုန်ကြေးကျ အမြောက်အများ ကုန်ကျခံ လုပ်နေသော ရွေးကောက်ပွဲ ပထမ အဆင့် ဆိုသည်ကလည်း အသက်မပါသော ခန္ဓာကိုယ်ကြီး လှုပ်ရှားနေသလိုမျိုး ပြီး ဆုံးသွားခဲ့သဖြင့် လက်ရှိ အုပ်ချုပ်နေသူ များ အပေါ် လူထုမှ မည်မျှ အထိ ရွံရှာပြီး ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိသည်မှာ ထင်ရှားနေပေသည်။ အဆိုပါ ရွေးကောက်ပွဲအားအား ကြည့်ရသူ များ အဖို့ ရယ်စရာ ဖြစ်နေသော်လည်း မင်းအောင်လှိုင်ကမူ သူ့အတွက် အောင်ပွဲဟု ယူဆနေသူ ဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အား မတရား ဖမ်းဆီး ချုပ်နှောင်ထားပြီး ၎င်း သမ္မတ ရာထူး ရရေး သက်သက် လုပ်လာသော ရွေးကောက်ပွဲ ကြောင့်လည်း ၎င်း အပေါ် အကြည်ညို မဲ့သည်ထက် မဲ့လာနေကြပြီ မျက်နှာကို မြင်ပင် မမြင်ချင်လောက်အောင် ရွံရှာ မုန်းတီးနေကြပြီ ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ လွတ်လပ်ရေး နေ့ သဝဏ်လွှာကို ထုတ်ပြန်ပေးခဲ့သော ရန်ကုန်ရှိ အမေရိကန် သံရုံး၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် မင်းအောင်လှိုင်အားလည်း ဗင်နီဇွဲလား သမ္မတ လို ဝင်ရောက်ဖမ်းဆီး ပေးပါရန် တောင်းဆိုထားသည့် ကွန်မန့်များ နှင့် ပြည့်လျံ့သွားခဲ့သည်ဟု ဧရာဝတီ သတင်းစာမျက်နှာတွင် ဖေါ်ပြထားသည်။
ကွန်မင့်ပေါင်း ၄,၇၀၀ ကျော် ရရှိခဲ့သည့် အနက် ၉၀ ရာနှုန်းသည် ၎င်းအား ဖမ်းဆီးပေးရန် တောင်းဆိုထားသည့် ကွန်မန့်များ ဖြစ်နေသည်။
စစ်အုပ်စုကို အရေးယူပေးရန် တောင်းဆိုသည့် မှတ်ချက်များ တဟုန်ထိုး များပြားလာခြင်းသည် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများ၏ အလွန်အမင်း စိတ်ပျက် အားမလို အားမရ ဖြစ်လာမှုများကို အတ်ိုင်းသား ထင်ဟပ်နေသည်။ လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးမှ နိုင်ငံတကာ၏ အကာအကွယ်ကို ရယူနိုင်ရန် ကြိုးပမ်းနိုင်သည့် နောက်ဆုံးသော လမ်းစလည်း ဖြစ်နေသည်။
သို့သော်လည်း အမေရိကန်၏ တိုက်ရိုက်စွက်ဖက်မှုမှာ တရားစီရင်ပိုင်ခွင့် အကန့်အသတ်များနှင့် ဘူမိနိုင်ငံရေးဆိုင်ရာ အကျပ်အတည်းများကြောင့် ဖြစ်လာနိုင်ခြေနည်းပါးကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်ဟုလည်း ရေးသားထားသည်။
မြန်မာ နှင့် ပတ်သက်၍ တရုတ်တို့သည် ၎င်းတို့၏ လွှမ်းမိုးနိုင်စွမ်းသော အနေအထားကို အသုံးချ၍ ငြိမ်းချမ်း ရေး ထက် အကျိုးစီးပွားကို ရှေ့တန်း တင်လာသည့် အတွက် အမေရိကန်သည် ၎င်းတို့၏ ဘူမိနိုင်ငံရေး မျှော်မှန်းချက်များ နှင့် ဝေးကွာသည်ထက် ဝေးကွာလာနေသည်ကို ရိပ်စားမိလာနေပြီ ဆိုသည်အား နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘိယို၏ သဝဏ်လွှာ နောက်ဆုံး အပိုဒ်တွင် ...
"အကျပ်အတည်းများကို ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် စစ်အုပ်စုအား ကျွန်ုပ်တို့ တိုက်တွန်းနှိုးဆော်ပါသည်။
ဤအချက်များသည် လုံခြုံစိတ်ချရပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ် ဒေသကြီး ဖြစ်ပေါ်လာစေရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်များပင် ဖြစ်သည်" ဟု ပါရှိလာသည်။
ဒေါ်နယ် ထရမ့်ကလည်း ယခင်ကလို ပြည်ပ စစ်ပွဲ များ တွင် အမေရိကန် ကို ဆွဲသွင်း မခံဟု တဖွဖွ ပြောနေရာမှ ယခုအခါ တွင်တော့ အမေရိကန် တပ်များ စေလွှတ်ဖို့ နောက်တွန့် နေမည် မဟုတ်ဟု ဗင်နီဇွဲလား ကိစ္စ အပြီးတွင် ထုတ်ပြောလာခဲ့သည်။
မိမိတို့သည်လည်း မာရူဒို ကဲ့သို့ပင် မူးယစ်ဆေးဝါး ကုန်ကွယ်မှု၊ ရွေးကောက်ပွဲ မသမာမှု၊ လူအမြောက်အမြား နေရပ်စွန့်ခွာ ထွက်ပြေးရမှု များ နှင့် ပတ်သက်နေသည် မဟုတ်ပါလော။
ထို အနေအထားများသည် စစ်အုပ်စု အတွက် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်လာနေသည်။
နောက်ထပ် စဉ်းစားဖို့ ဖြစ်လာရသည်က တရုတ် ခေါင်းဆောင်ပိုင်း ၏ အနေအထားပင် ဖြစ်သည်။ တရုတ်သည် ရွေးကောက်ပွဲ ဖြင့် မင်းအောင်လှိုင်အား ငြင်ငြင်သာသာ ဖယ်ရှား နိုင်လိမ့်မည်ဟု မျှော်လင့်နေသော်လည်း ၎င်းတို့ ထင်သလို ဖြစ်မလာပဲ ၎င်း၏ သမ္မတ ရူး ရောဂါသည် နေမြင့်လေ အရူးရင့်လေ ဖြစ်လာနေပြီး မမြင်ချင်မှ အဆုံး တွေ့လာနေရသည်။
ယခုအခါ အမေရိကန်မှ ဗင်နီဇွဲလား သမ္မတ လင်မယား ကို ဝင်ရောက် ဖမ်းဆီးသွားသည်ကို ကြည့်ပြီး မိမိတို့လည်း ဘာကြောင့် ထိုသို့ မလုပ်နိုင်ရမည်နည်း ဟု တွေးလာနိုင်သည် မဟုတ်ပါလား။ ၎င်းတို့ အဓိက လုပ်ချင်နေသည်က တိုင်ဝမ်ပင် ဖြစ်သည်၊ သို့သော် တိုင်ဝမ် ၏ ရေဒါ နှင့် ကာကွယ်ရေး စနစ်သည် ၎င်းတို့ ပစ္စည်းများသာ သုံးနေရသော ဗင်နီဇွဲလားထက် အများကြီးသာနေ၍ ထင်သ လောက် မလွယ်။ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားနိုင်သည်။
လက်ရှိ တွင် စက္ကူကျား ကြီး ဟု အထင်ခံနေရ၍ ကြွက်သား ထုတ်ပြဖို့ လိုလာရာ မင်းအောင်လှိုင်ကိုလည်း ပစ်မှတ် ထား လာနိုင်သည်။ ၎င်းတို့တွင်လည်း ကျားဖြန့် ငွေလိမ်ဂိုဏ်းများနှင့် မင်းအောင်လှိုင် တို့ ပတ်သက်နေသည့် အထောက်အထားများလည်း ရှိပြီး ဖြစ်သည်။ ထိုသို့ လုပ်မည်ဆိုက ကျားဖြန့်ဒဏ် ခံနေရသော တကမ္ဘာလုံးကလည်း ကောင်းချီး ပေးလာ နိုင်သည်။
နောက်တကြောင်းက အကယ်၍ တော်လှန်ရေး အောင်မြင်သွားသည် ဖြစ်စေ၊ အမေရိကန် တို့ တိုက်ရိုက် ဝင်ရောက် မစွက်ဖက် သော်ငြားလည်း အာဏာသိမ်းမှု ဖြစ် အောင် ဖန်တီးပြီး ၎င်းတို့ အလိုကျ စစ်အစိုးရမျိုး ပေါ်ပေါက်လာမည် ဆိုက ဗင်နီဇွဲလား ကဲ့သို့ပင် ရင်းနှီးမြုပ်နှံထားမှုများ ဆုံးရှုံးသွားနိုင်သည့် အရေးပင် ဖြစ်သည်။
ဗင်နီဇွဲလား အား ၂၀၀၀ မှ ၂၀၂၃ အတွင်း ချေးငွေ ဒေါ်လာ ၁၀၆ ဘီလီယံ အထိ ထုတ် ချေးထားပြီး ဖြစ်၍ အရင်လို ရေနံ နှင့် ပြန်ဆပ်နိုင်တော့မည်မဟုတ်၊ အမေရိကန်တို့ ရေနံသိုက်ကြီးကို မောင်ပိုင် စီးကြတော့မည့် အတွက် ဖြစ်သည်။
တရုတ် အတွက် လည်း အီရန် သာ မက ၎င်းတို့ အေးအတူ ပူအမျှ လက်တွဲ ဆောင်ရွက်မည် ဆိုကာ all-weather partner အဖြစ် ၂၀၂၃ တွင် အဆင့်မြှင့် ဆက်ဆံလာ သော ဗင်နီဇွဲလား အရေးတွင်လည်း ပါးစပ်ကသာ ပွစိပွစိ ပြောနိုင်ပြီး ဘာမျှ မတတ်နိုင် လက်မှိုင်ချနေရသည့် အတွက် စစ်အုပ်စု အတွက် မိုးမပြို ပြိုခဲ့သည် ရှိသော် ဆိုကာ သုံးသပ်စရာ အများအပြား ထွက်ပေါ်လာနေချိန်လည်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!