မင်းအောင်လှိုင် ၏ စတန်းဒတ် အာမီကြီး ကသာ တွင် အရေးနိမ့်နေ

by Hla Soewai - Jan 12 2026

တတိုင်းပြည်လုံးက ဖက်ဆစ် တပ်ဟု ခေါ်ဝေါ်နေကြချိန် တွင် မင်းအောင်လှိုင်မှ ၇၈ နှစ် မြောက် လွတ်လပ်ရေး နေ့တွင် သမာယိုးကျ စစ်ပွဲ များကို တိုက်ခိုက် နိုင်စွမ်း ရှိပြီး ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်မည့် စတန်းဒတ် အာမီကြီး တည်ဆောက်နေပြီဟု ပြောဆိုလိုက်ပြန်သည်။

 

နိုင်ငံတကာ မျက်နှာစာတွင် နိုင်လိုမင်းထက် ပြုကျင့်ပြီး အမြတ်ထုတ်လိုမှုများ အလွန်အမင်းများ ပြား‌နေသည်ဟု ဆိုသည်၊ ယင်းသည် ဗင်နီဇွဲလား အဖြစ်အပျက်ကို ရည်ညွန်းလိုပုံ ရသည်ဟု ယူဆရသည်။

 

စတန်းဒတ် အာမီ ဖြစ်စေရမည်ဟူသော စကားသည် အာဏာမသိမ်းမီကတည်းက ဆီမန်းမန်းသလို ပြောဆိုနေခြင်းလည်း ဖြစ်သည်။ မည်သည့် အခါမှ ဖြစ်လာမည်လည်း မဟုတ်။ ၎င်းတို့ တပ်သား များ ထွက်မပြေးဘူးသော အိမ်နီးချင်း နိုင်ငံများဟူ၍ မရှိတော့။

 

လေကြောင်းပစ်ကူသာ မရှိက မင်းအောင်လှိုင် မော်စကို ရောက်နေလောက်ပြီ ဖြစ်သည်။ ပြည်သူ့ တော်လှန်ရေး တပ်များကို ပင် မရှုမလှ အရေးနိမ့်နေသည်ကို လူတကာ သိနေသည့် ကြားမှ ကမ္ဘာနှင့် ရင် ဘောင် တန်းမည်ဟု ငါ့စကား နွားရ ပြော‌နေခြင်း ဖြစ်သည်ကို သိထားကြ၍ လည်း မည်သူမျှ အားတက်သရော ရှိလာကြမည် မဟုတ်ပေ။ ရူးမနေပါက ယတြာ အစွမ်း ဖြင့် လိုတရ ဆေးကြိမ်လုံး လက်ဝယ် ရှိနေနိုင်သည်ဟုလည်း တွေးကောင်း‌ တွေးနေကြပေလိမ့်မည်သာ ဖြစ်သည်။

 

လက်တွေ့တွင်တော့ ၎င်းထိုသို့ ပြောနေသည့် နေရာ မြောက်ဖက် မိုင် ၃၀၀ ခန့်သာ ဝေးသည့် ကသာ မြို့တွင် ၎င်း၏ တပ်များသည် ပြည်သူ့ တော်လှန်ရေး တပ်များအား မရှုမလှ အရေးနိမ့်နေပြီ ဖြစ်သည်။

 

ယခုအခါ တော်လှန်ရေး တပ်ပေါင်းစုသည် ကသာမြို့ အဝင်အထွက် နှင့် စစ်တပ် စခန်းချ ထားသည့် ကောလိပ်ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။ မြို့ထဲရှိ အထိုင်စခန်းများ အားလုံးကို လည်း သိမ်းယူထား ပြီး မြို့တွင်းသို့ ဝင်ရောက်လာနေပြီ ဟု ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက အတည်ပြုခဲ့သည်။

 

ကသာရှိ တပ်ရင်း ၃၀၉ ကို သိမ်းယူရန် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။ စစ်အုပ်စု ဘက်ကလည်း လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကို အပြင်းအထန် အသုံးပြု၍ ခုခံနေသည်ဟု သတင်းများက ဆိုသည်။

 

ခမရ ၃၀၉ အားလည်း ပျူစောထီးများ၊ ရှမ်းနီ တပ်များ နှင့် အားဖြည့်လာနေသည်။

 

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ABSDF နှင့် SRA ကာကွယ်ရေးတပ်များ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များသည် ကသာမြို့ကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပိတ်ဆို့ပြီး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

 

ကသာသည် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်နှင့် ကချင်ပြည်နယ် တို့ ဆုံရာတွင် တည်ရှိနေသည့် အတွက် စစ်ရေးအရ လွန်စွာ အရေးပါသော မြို့ ဖြစ်နေသည်။ စစ်အုပ်စုသည် ဧရာဝတီ မြစ်‌ ကြောင်းကို သုံး၍ စစ်ကိုင်း နှင့် ကချင်ပြည်နယ် အတွင်းရှိ ၎င်းတို့၏ တပ်များကို ရိက္ခာ နှင့် အင်အား ပါ ဖြည့်တင်း‌ ပေးနေသည့် တခုတည်းသော လမ်း‌ ကြောင်း အဖြစ် သုံး နေရ၍ ကသာကို သိမ်းယူ နိုင်ပါက စစ်အုပ်စု အတွက် အကြီးအကျယ် အထိနာသွားမည့် ပွဲကြီးပွဲကောင်းလည်း ဖြစ်သည်။ ထို့အပြင် လနှင့် ချီ ကြာမြင့်နေသော ဗန်းမော် မြို့သိမ်း တိုက်ပွဲ အပြင် အခြားဒေသများသို့ပါ ပိုမို ကျယ်ပြန့်စွာ ထိုးစစ်ဆင်နိုင်မည် ဖြစ်သည်။

 

ထို့အတွက် စစ်အုပ်စုသည် လက်လွှတ်မခံရစေရန် အပြင်းအထန် ခုခံနေခြင်းဖြစ်သည်။

 

တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ကသာမြို့ခံ အများအပြားသည် ဘေးလွတ်ရာ ကျေးရွာများသို့၎င်း၊ ဧရာဝတီမြစ်တဖက်ကမ်းရှိ ဒေသများသို့၎င်း တိမ်းရှောင်နေကြရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကိုင်းတိုင်းအတွင်း ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်နှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားသည်။

 

ရခိုင်တွင်လည်း အာရက္ခ တပ်များ နှင့် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားရာ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၀) ၏ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အဆင့်ရှိသူ အရာရှိ တဦး ကျဆုံးသွားခဲ့သည်။

 

ပန်းတောင်းသို့ ရောက်ရှိလာနေသော အာရက္ခ စစ်ကြောင်းအား ညောင်ကျိုး အနီး တပ်အင်အား အလုံးအရင်းပင် ဟန့်တားရန် ကြိုးပမ်းရာမှ ပွိုင် ၆၆၆ တောင်ကုန်းအနီး တိုက်ပွများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ နိုင်ငံတဝှမ်း ကချင်၊ ကယား၊ စစ်ကိုင်း မကွေး၊ ကရင် ပြည်နယ်များတွင် အရှုံး နှင့် ရင်‌ဆိုင်နေရပြီး စိတ်ဓါတ်များ ပျက်ပြားလာပုံရသည်။

 

ဤသည်ကလည်း ‌ရွေးကောက်ပွဲသည် အလိမ်အညာ မျှသာ ဖြစ်ပြီး ကြံ့ဖွတ်မှ လွဲ၍ မည်သူမျှ လွှတ်တော်ထဲ အဝင်မခံ၊ ဘာမျှ ထူးလာမည် မဟုတ် ဆိုကာ တပ်မှုးများကအစ စိတ်ပါလက်ပါ မရှိကြတော့၊ တာဝန်တခုကို ဝတ်ကျေတန်းကျေ နှင့် အကြောင်းပြချက် ကောင်းကောင်းရှာရင်း တိုက်နေကြရခြင်းမျိုး ဖြစ်လာပေသည်။

 

မင်းအောင်လှိုင် ကိုယ်တိုင်ပင် "ခေါင်းဆောင်တွေက ကောင်းဖို့လုပ်တာကို အထင်မမှားစေချင်ဘူး၊ ဝါဒဖြန့်ချိမှုတွေနောက်ကို မလိုက်ဖို့” ဟု ရောက်‌‌လေရာ တဖွဖွ ပြောနေရသည်ဟု သိရသည်။

 

စစ်တပ်သည် နိုင်ငံရေး နယ်ပယ်မှ မထွက်ခွာ မချင်း ၎င်းတို့ အပါအဝင် ပြည်သူများသည် မည်သည့် အခါမျှ ဆင်းရဲဒုက္ခ အတွင်းမှ လွတ်ကင်း နိုင်စရာ မရှိဆိုသည့် အချက်ကိုလည်း သိလာနေကြသည်။

 

ထိုသို့ လူမွေးလူတောင် မပြောင်အောင် ဖြစ်ပျက်နေသည်များသည် စစ်ခေါင်းဆောင်များ အာဏာ ဆက်၍ ဆုပ်ကိုင် နိုင်ရေး အတွက် လောလောဆယ် တတိုင်းပြည်လုံး အနစ်နာခံ နေကြ ရသည့် ပုံစံမျိုး ဖြစ်လာနေသည်။

 

ထို့အတွက်လည်း မင်းအောင်လှိုင်က ဆုများ ဗုံးပေါလအော ပေးနေခြင်းလည်း ဖြစ်သည်။

 

မိမိတို့ အသက်ရှင်နေသရွေ့ ၎င်းတို့ ကောင်းစားဖို့ အတွက် တိုက် သွားကြမည်လော၊ သို့မဟုတ်ထိုသို့သော လူဗာလနံများကို အပြီး အပိုင် ဖယ်ရှားရန် အသက်သွေးချွေးများ ရင်း၍ ရုန်းကန်တိုက်ပွဲဝင်နေကြသူများ နှင့် ပူးပေါင်း တွန်းလှန်သွားကြမည်လော ဆိုသည်ပင် ဖြစ်သည်။

 

ယခုအချိန်သည် မိမိတို့ဖက်မှ ထိုးစစ်ဆင်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

(စတန်းဒတ် အာမီ၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၅) လက်အောက်ခံ စစ်အုပ်စု တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည် အာရက္ခတပ်တော် (AA) ထံ လက်နက်ချခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက် နေ့ သတင်း ဓါတ်ပုံ)