မြန်မာ့ကပ်ဘေး- ကိုယ်ကျင့်တရားဆိုင်ရာ ပျက်သုဉ်းမှုအပေါ် ဆန်းစစ်ချက်

by Hla Soewai - Jan 12 2026

မြန်မာ နိုင်ငံ အကြောင်း စာအုပ်ပေါင်း များစွာ ရေးသားခဲ့ပြီး မဟာစည် သာသနာ ရိပ်သာ တွင် ရဟန်းတပါး အဖြစ် လေးနှစ်ကြာ သတိပဋ္ဌာန်ဝိပဿနာ တရားများ အားထုတ်ခဲ့ပြီး ဗုဒ္ဓ ဘာသာ စိတ်ပညာ (အဘိဓမ္မာ) ကို လေ့လာသင်ယူခဲ့သည့် ဘော်စတွန် မြို့သား Alan Clement မှ DVB တွင် ရေးသား ထားသည့် "Myanmar’s ‘crisis of conscience’ has nothing to do with politics" ဆောင်းပါးကို ပြန်လည် တင်ပြပါသည်။

 

မြန်မာအရေးကို နက်နက်ရှိုင်းရှိုင်း သုံးသပ်ထားသည့် ဆောင်းပါးကောင်း တပုဒ် ဖြစ်၍ ဖတ်သင့်လှပေသည်။

 

*****************

 

မြန်မာ တွင် ကြုံတွေ့နေရသော ဘေးဆိုးကြီးအား နိုင်ငံရေး ပဋိပက္ခ၊ အာဏာ လွန်ဆွဲမှု၊ လုံခြုံရေး အရ အကျပ်အတည်း ကျလာရခြင်း အစရှိသဖြင့် ပုံမှန်လို ရေးသား ဖေါ်ပြလေ့ ရှိတတ်သည်။ ထိုသို့ ဘောင်ခတ်လာခြင်းက များများစားစား စဉ်းစားစရာ မလိုအောင် အဆင်ပြေ စေသည်။

 

ယင်းသည် အကြမ်းဖက်မှုကို ဗျူဟာတစ်ရပ် အဖြစ် ဆွေးနွေးရန်၊ ဖိနှိပ်မှုကို လိုအပ်ချက်တစ်ခုအဖြစ် ဆင်ခြေပေးရန်၊ လူထု၏ ကြီးမားသော ဆင်းရဲဒုက္ခများကို အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး အတွက် ကံဆိုးလှသော ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ် သဘောထားရန် အစရှိသည့် အခွင့်အလမ်း များ ပေးလာခဲ့သည်။

 

သို့သော် မြန်မာတွင် ဖြစ်ပျက်နေသည့် ပဋိပက္ခ၏ အစစ်အမှန် သဘောသဘာဝ ကို တော့ ဖြေရှင်းနိုင်စွမ်း မရှိခဲ့။ မြန်မာ ပြည် ပြိုလဲ လိုက်လာနေခြင်းသည် ဝါဒရေးရာ ကြောင့်လည်း မဟုတ်၊ လူမျိုးစုအရေး၊ ဘူမိ နိုင်ငံရေး များ ကြောင့်လည်း မဟုတ်၊ ကိုယ်ကျင့်တရား နှင့် အမှားအမှန်ကို သိသောစိတ် ကို အာဏာစက် သက်ရောက် နိုင်ရန် စီမံခန့်ခွဲလာမှု မှ စနစ်တကျ ရည်ရွယ်ချက် ရှိရှိ ဖြင့် ဖယ်ထုတ်ခဲ့ကြခြင်းကြောင့် ပင် ဖြစ်သည်။

 

Conscience ခေါ် အမှားအမှန် ခွဲခြားသိမြင်နိုင်စွမ်း ဆိုသည်မှာ စိတ်နုနယ်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ ပျော့ညံ့ခြင်းမျိုး မဟုတ်၊ ယင်းသည် လူသားတို့၏ ရှေးအကျ ဆုံးသော ဆင်ခြင်တုံတရား ဖြစ်သည်။ မိမိ၏ လုပ်ရပ်ကို သိမြင် နိုင်ခဲ့သူ မရှိသည့် တိုင် မိမိ၏ ဂုဏ်သိက္ခာကို စောင့်ထိန်းတတ်မှု၊ မိမိကြောင့် အန္တရာယ် ဖြစ်နိုင်သည်ကို ခံစားသိရှိမှု၊ အမှန်တရား အပေါ် တာဝန်ခံနိုင်မှု ဆိုသည့် မိမိ၏ အတွင်းစိတ် ကို ထိန်းကြောင်းနိုင်သည့် အာဏာပိုင်စိုးမှု ပင် ဖြစ်သည်။

 

ယင်းကို ကမ္ဘာ‌ ပေါ်ရှိ ယဉ်ကျေးမှု နှင့် ဘာသာတရားများက ဘာသာစကား အမျိုးမျိုး ဖြင့် အသိအမှတ် ပြုထားကြသော်လည်း အခြေခံ မူ အားဖြင့် အတူတူပင် ဖြစ်သည်။ အမှားအမှန် သိစိတ် Conscience သည် ဖိနှိပ်ခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်း ခံရ သည့် အခါ ရက်စက်ကြမ်းကြုတ်မှုများသည် သာမန်ကိစ္စရပ်များ ဖြစ်လာပြီး အာဏာ ဆိုသည်အရာကလည်း မိမိကိုယ်ကိုယ် ပြန်လည်ဝါးမြိုဖျက်ဆီးလာတော့သည်။ ယင်းသည် ဒဿနဆန်ဆန် စိတ်ကူးယဉ် ရေးသားထားချက် မဟုတ်။ သမိုင်းဆိုင်ရာ နိယာမတစ်ခုသာ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသည် ထိုနိယာမ၏ နောက်ဆက်တွဲ အကျိုးဆက်များအတွင်းသို့ ကျရောက်နေပြီ ဖြစ်သည်။

 

မြန်မာ ရှိ စစ်အုပ်စုသည် တိုင်းပြည်ကို လက်နက်များ၊ စောင့်ကြည့်ထောက်လှန်းခြင်းများ၊ အကြောက်တရားများ ဖြင့် အုပ်ချုပ်နေသည်သာမက လူတို့၏ ကိုယ်ကျင့်တရား ဆိုင်ရာ အသိအမြင် များကိုပါ ဖျက်ဆီးပစ်ခြင်းမျိုး နှင့် ပါ အုပ်ချုပ် လာခဲ့သည်။ ကျေးရွာများကို မီးရှို့ပြီး နယ်မြေ ရှင်းလင်းရေးဟု ခေါင်းစဉ် တပ်လာသည်၊ နိုင်ငံရေး အတိုက်အခံများကို ထောင်သွင်း အကျဉ်းချပြီး "အကြမ်းဖက်သမား" များဟု တံဆိပ် ခပ်လာသည်။

 

ရွေးကောက်ပွဲ အားလည်း ရွေးချယ်ခွင့် တစုံတရာ မပေးပဲ "တည်ငြိမ်ရေး" ဆိုကာ လုပ်လာကြသည်။ ဘာသာစကားကို ၎င်းတို့ အကြမ်းဖက် နေမှုများ၏ အဓိပ္ပာယ်မှန်ကို ဖုံးကွယ်လျှော်ဖွတ် နိုင်ရန် အတွက် အတင်းအဓမ္မ စုဆောင်းအသုံးချခဲ့ကြသည်။ ဤကဲ့သို့ ဘာသာစကားဆိုင်ရာ အဂ္ဂိရတ်ပညာ ဖြင့် လှည့်စားခြင်းသည် အာဏာစက်ကို ခိုင်မာစေသည်မဟုတ်ဘဲ ၎င်း၏ ယိုင်နဲ့လွယ်မှုကိုသာ ထင်ရှားစေသည်။

 

အုပ်ချုပ်သူအသိုင်းအဝိုင်းအနေဖြင့် လက်တွေ့အမှန်တရားများကို အမည်နာမအသစ်များ အဆက်မပြတ် ပြောင်းလဲတပ်နေရခြင်းမှာလည်း အကြောင်းရှိ‌နေသည်။ လူသားတို့၏ အမှားအမှန်သိစိတ် သည် အမှန်တရားနှင့် ထိတွေ့မိလာသည့်အခါ မှန်မှန်ကန်ကန် တွေးတော သိရှိလာမည်၊ ထိုအခါ ၎င်းတို့ ရှင်သန်နိုင်စွမ်းရှိတော့မည်မဟုတ်ဟု ကြောက်ရွံ့ နေခြင်းကြောင့် ဖြစ်သည်။

 

၎င်းတို့ဖက်က အင်အားတောင့်တင်းမှု မျိုးမဟုတ်။ အဖွဲ့အစည်းဆိုင်ရာ ယန္တရားတစ်ခုလုံး ခံစားနေရသည့် ကိုယ်ကျင့်တရားဆိုင်ရာ ထိတ်လန့်တုန်လှုပ်သာ ဖြစ်သည်။

 

ဗုဒ္ဓဘာသာ၏ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ပညာတွင် "အမှားအမှန်သိစိတ်" ကို ရှင်းလင်းစွာ အမည်တပ် ဖော်ပြထားသည်။ ဟိရိ သို့မဟုတ် အရှက်တရား ဆိုသည်မှာ အများအလယ်တွင် အရှက်ရခြင်းမျိုး မဟုတ်ဘဲ မိမိကိုယ်မိမိ တန်ဖိုးထားသည့် အတွင်းစိတ်၏ ဂုဏ်သိက္ခာ ပင်ဖြစ်သည်။ အချို့သော လုပ်ရပ်များသည် မိမိ၏ လူသားပီသမှုနှင့် မထိုက်တန်ဟု သိမြင်ခြင်းမျိုး ဖြစ်သည်။ ဩတ္တပ္ပ သို့မဟုတ် အကြောက်တရား ဆိုသည်မှာလည်း အပြစ်ပေးခံရမည်ကို ကြောက်ခြင်းမျိုးမဟုတ်ဘဲ အကျိုးဆက်ကို ရှင်းလင်းစွာ သိ မြင်ခြင်း သာဖြစ်သည်။ ယင်းသည် အန္တရာယ်ပြုမှု (အကုသိုလ်) တိုင်းသည် ဒုက္ခကို မလွဲမသွေ ဖြစ်စေသည်ဟူသော နားလည်သဘောပေါက်မှု ဖြစ်သည်။

 

ထိုတရားနှစ်ပါးကို ပေါင်းစည်း၍ "လောကပါလတရား ဟု ခေါ်ဆိုကြသည်။ ထိုတရားများ ပြိုလဲပျက်စီးသွားသောအခါ လူ့အဖွဲ့အစည်းများသည် ပိုမိုလွတ်လပ်လာခြင်း သို့မဟုတ် ပိုမိုလုံခြုံလာခြင်းမျိုး မရှိ တော့ဘဲ၊ အခြေမှစ၍ ယိုင်နဲ့လာခြင်း၊ အကြမ်းဖက်မှုများ ထူပြောလာခြင်းနှင့် အတွင်းပိုင်းမှ ဆွေးမြည့် လှိုက်စားလာခြင်းတို့သာ ဖြစ်ပေါ်လာတတ်သည်။ ယခု မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်ကို အတိအကျဆိုရသော် ထိုကဲ့သို့သော ကိုယ်ကျင့်တရား ပြိုလဲမှုကြီးကို နိုင်ငံအဆင့် အတိုင်းအတာဖြင့် လက်တွေ့ရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။

 

အရပ်သားများကို ပစ်ခတ်ရန် အမိန့် ပေး ခံရသော စစ်သားများသည် လိုက်နာရဖို့ ရှိလာ၍ ၎င်းတို့၏ ကိုယ်ကျင့် အသိတရားများ ပျက်စီးသွားခဲ့ရသည်။ ဖမ်းဆီးရန် အမိန့်ကို လက်မှတ်ထိုး ပေးလိုက်ရသော ဗျူရိုကရက် များသည်လည်း ၎င်းတို့၏ လုပ်ရပ်ကြောင့် လူတယောက် မည်မျှ အထိ ဆိုးကျိုးများ ခံစားရမည် ဆိုသည်ကိုလည်း ခေါင်းထဲမှ ဖယ်ထုတ်ပစ်လိုက်ရသည်။ မည်သူကို မည်မျှ အထိ အပြစ်ဒဏ် ချမှတ်ရမည်ဆိုသည့် အထက်က အမိန့်ကို လိုက်နာရသည့် တရားသူကြီးများသည် တရားမျှတမှု ကို စွန့်လွှတ်ပြီး နာခံမှုနှင့် လဲလှယ်ကြရသည်။

 

လုပ်ရပ်တစ်ခုချင်းစီတိုင်းသည် မိမိ၏ အမှားအမှန်သိစိတ် ကို အနည်းငယ်မျှသာ ဖောက်ဖျက်လိုက်ရသည် ဆိုသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုသစ္စာဖောက်မှုများသည် စုပုံလာပြီး မိမိကိုယ်မိမိ မှားယွင်းနေသည်ဟု မသိမြင်နိုင်တော့သည့် စနစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဤနည်းဖြင့်ပင် ရက်စက်ကြမ်းကြုတ်မှုများသည် ရုံးလုပ်ငန်းဆောင်တာ ကဲ့သို့ ဖြစ်လာသည်။ အရက်စက်ဆုံး လုပ်ရပ်များသည် နေ့စဉ်လုပ်ရိုးလုပ်စဉ် များ ဖြစ်လာသည်။ နောက်ဆုံးတွင် အုပ်ချုပ်သူ အသိုက်အဝန်းသည် တရားဝင်မှု ကိုသာမက မိမိကိုယ်ကိုယ် ပြန်လည်တည့်မတ်နိုင်စွမ်းကိုပါ ဆုံးရှုံးသွားကြရခြင်း ဖြစ်သည်။

 

စစ်အုပ်စုသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဟု တဖွဖွ ပြောနေသော်လည်း မိမိတို့ပြည်သူများကို မုသားများကြားထဲတွင် နေထိုင်ရန် အတင်းအဓမ္မ ဖိအားပေးခြင်းထက် နိုင်ငံတစ်နိုင်ငံကို ပိုမိုနက်ရှိုင်းစွာ ပြိုကွဲစေသည့်အရာ မရှိ။ ကြောက်ရွံ့မှုဖြင့် ဖန်တီးထားသော ညီညွတ်ရေးသည် ညီညွတ်ရေးမဟုတ်ဘဲ အတင်းအကျပ် တိတ်ဆိတ်ခိုင်းထားခြင်း သာ ဖြစ်သည်။ လူ့အဖွဲ့အစည်းများသည် အဓမ္မဖိအားပေးမှု မျိုး ဖြင့် မည်သည့် အခါမှ စည်းလုံးညီညွတ်မှု မရနိုင်ပေ။

 

လူ့အဖွဲ့အစည်းများသည် တရားဝင်မှု ရှိမှသာ စည်းလုံးခိုင်မာကြသည်။ ထိုတရားဝင်မှုဆိုသည်မှာလည်း အမိန့်အာဏာ သို့မဟုတ် ဝါဒဖြန့်ချိမှုများဖြင့် လုပ်ယူဖန်တီး၍ရသောအရာ မဟုတ်။ မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်မှု၊ တာဝန်ခံမှု နှင့် အုပ်ချုပ်ခံရသူများအပေါ် ကိုယ်ကျင့်တရားပိုင်းအရ မှန်ကန်မှု ကို ပြသနိုင်သည့်အခါမှသာ တရားဝင်မှုသည် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမှားအမှန်သိစိတ် ကင်းမဲ့သော အာဏာပိုင်စနစ်သည် အုပ်ချုပ်မှုမဟုတ်တော့ဘဲ ကျူးကျော်သိမ်းပိုက်မှု သက်သက်သာ ဖြစ်သွားတော့သည်။

 

ကမ္ဘာတစ်ဝန်းတွင် အမှားအမှန်သိစိတ် ကပ်ဘေးဆိုးကြီးသဖွယ် ကျဆုံးပျက်သုဉ်းသွားခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးနောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ကို ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုစာတမ်းကို ရေးသားခဲ့သူများသည် မြန်မာစစ်ဗိုလ်ချုပ်များ ယနေ့တိုင် အသိအမှတ်ပြုရန် ငြင်းဆန်နေသည့် အမှန်တရားတစ်ခုကို နားလည်ခဲ့ကြသည် — ယင်းမှာ လူသားတို့၏ ဂုဏ်သိက္ခာ ဆိုသည်မှာ နိုင်ငံတော်က ပေးသနားသည့်အရာ မဟုတ်ဘဲ လူတိုင်းတွင် မွေးရာပါ ကိန်းအောင်းနေသည့် အရာသာ ဖြစ်သည်ဟူသောအချက်ပင် ဖြစ်သည်။

 

အစိုးရဆိုသည်က ထိုဂုဏ်သိက္ခာကို အကာအကွယ်ပေးရန် တည်ရှိနေခြင်းဖြစ်ပြီး အဓိပ္ပာယ်အသစ်များဖွင့်ဆိုကာ ဖျောက်ပစ်ရန် တည်ရှိနေခြင်းမဟုတ်။ အဓမ္မဖမ်းဆီးမှုတိုင်း၊ ပျောက်ဆုံးသွားမှုတိုင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုတိုင်းသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာဥပဒေများ ချိုးဖောက်ရာ ရောက်စေသည်သာမက၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့ကြားရှိ အခြေခံအကျဆုံး ကိုယ်ကျင့်တရားဆိုင်ရာ ကတိကဝတ် ကိုပါ တိုက်ရိုက်ဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ ဤလုပ်ရပ်များသည် အချုပ်အခြာအာဏာကို ခိုင်မြဲစေသည်မဟုတ်ဘဲ၊ ပျက်ပြယ်သွားအောင်သာ လုပ်ဆောင်နေခြင်းဖြစ်သည်။

 

အာဏာရှင်စနစ်သည် အမှားအမှန်သိစိတ် ကို ထာဝရ တိတ်ဆိတ်သွားအောင် လုပ်နိုင်သည်ဟု မှားယွင်းစွာ အမြဲလို ဆုပ်ကိုင်ထားတတ်ကြသည်။ ထိုအသိစိတ် ကို နှောင့်နှေးအောင်လုပ်နိုင်သည်၊ ပုံဖျက်နိုင်သည် သို့မဟုတ် ကြောက်ရွံ့မှုများအောက်တွင် မြှုပ်နှံထားနိုင်သည်မှာ မှန်သော်လည်း နောက်ဆုံးတွင်မူ— တစ်ခါတစ်ရံ နောင်တအဖြစ်၊ တစ်ခါတစ်ရံ ပြိုလဲပျက်စီးမှုအဖြစ်၊ သို့မဟုတ် မည်သို့‌ သောဝါဒ ဖြန့်နည်းမျိုး နှင့်မှ ဖျောက်ဖျက်ပစ်၍ မရသည့် သမိုင်းဆိုင်ရာ စီရင်ချက်အဖြစ် — တစ်ဖန်ပြန်၍ ပေါ်ပေါက်လာစမြဲပင်ဖြစ်သည်။

 

ထိုကဲ့သို့‌ သော ပုံစံမျိုးအား အာဏာရှင်စနစ်တိုင်းတွင် တွေ့ရလေ့ရှိသည် — တရားဝင်မှု များ ခမ်းခြောက်လာသည်နှင့်အမျှ နှိပ်ကွပ်မှုများ ပိုမိုပြင်းထန်လာတတ်သည်၊ ယုံကြည်မှုနေရာတွင် ကြောက်ရွံ့မှုက အစားထိုးလာသည်နှင့်အမျှ သစ္စာရှိမှုများ ပါးလျလာတတ်သည်၊ ကိုယ်ကျင့်တရားဆိုင်ရာ ယုံကြည်ကိုးစားမှု များ ပြိုလဲလာသည်နှင့်အမျှ အထီးကျန်ဆန်မှုများ ပိုမိုနက်ရှိုင်းလာတတ်သည်။ နောက်ဆုံးတွင် အာဏာသည် ကျန်ရှိနေဦးမည် ဖြစ်သော်လည်း အနှစ်သာရမှာမူ ကင်းမဲ့သွားခဲ့ပြီဖြစ်သည်။ ထိုအခြေအနေသို့ ရောက်ရှိသွားသောအခါ အာဏာကို ဆုပ်ကိုင်ထားနိုင်၍ ရှင်သန်နေရခြင်းသည်ပင်လျှင် အဓိပ္ပာယ်မဲ့ပြီး လဟာပြင်ကြီးသဖွယ် ဖြစ်နေတော့သည်။

 

ဤသည်က မြန်မာစစ်ဗိုလ်ချုပ်များ လက်ရှိ ရင်ဆိုင်နေရသည့် လမ်းဆုံလမ်းခွပင် ဖြစ်သည်။ အတိတ်က လုပ်ရပ်များအတွက် အပြစ်ကင်းစင်သွားဖို့ မဟုတ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် လမ်းကြောင်း၊ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရဖို့ မဟုတ်ဘဲ လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အသိုက်အဝန်းထဲသို့ ပြန်လည်ဝင်ရောက်နိုင်မည့် လမ်းကြောင်းသည် ရှိနေ သေးသည်။ ထိုလမ်းကြောင်း အား ဆုံးဖြတ်ချက် ချမှတ်မှုများတွင် အမှားအမှန်သိစိတ် ကို ပြန်လည်အသက်သွင်းခြင်းဖြင့် စတင်နိုင်ပေသည်။

 

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပါ။ သဘောထားကွဲလွဲမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နေခြင်းကို ရပ်တန့်ပါ။ စစ်မှန်သော နိုင်ငံရေးပါဝင်ဆောင်ရွက်ခွင့်ကို ခွင့်ပြုပါ။ ကရုဏာတရားကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သဘောထားနေခြင်းကို ရပ်တန့်ပါ။ ဤလုပ်ရပ်များသည် ရန်သူကို အလျှော့ပေးလိုက်လျောခြင်းမျိုး မဟုတ်။ မိမိတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုပြင်ကုစားမှု လုပ်ရပ်မျိုးသာ ဖြစ်သည်။

 

စစ်မှန်သော အာဏာစက်ဆိုသည်မှာ အကန့်အသတ်မရှိ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်မဟုတ်။ မိမိတွင် လုပ်ပိုင်ခွင့်ရှိသော်လည်း မလုပ်သင့်သောအရာကို မလုပ်မိအောင် မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်သည့် စည်းကမ်းမျိုး ရှိခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ သမိုင်းဆိုသည်မှာ ခေါင်းဆောင်များအား ၎င်းတို့ အာဏာကို မည်မျှ တင်းကျပ်စွာ ဆုပ်ကိုင် ထားနိုင်ခဲ့သနည်းဆိုသည် နှင့် ဂုဏ်ပြုလေ့မရှိ၊ ပြန်ပြင်၍မရသော ကိုယ်ကျင့်တရားဆိုင်ရာ စည်းဝိုင်းများကို မကျော်လွန်ဘဲ ငြင်းဆန်နိုင်ခဲ့ကြ သည် ဆိုသည့် အခိုက်အတန့်များဖြင့်သာ မှတ်တမ်းတင် ဂုဏ်ပြုလေ့ရှိသည်။

 

မြန်မာ စစ်ဗိုလ်ချုပ်များသည် နိုင်ငံ၏ အနာဂတ်ကိုသာမက ၎င်းတို့ ထားရစ်ခဲ့ကြရမည့် ကိုယ်ကျင့်တရားဆိုင်ရာ အမွေအနှစ် ကိုပါ ပုံဖော်နေကြခြင်းဖြစ်သည်။ စစ်ဝတ်စုံများ ဆွေးမြည့်သွားပြီး အမိန့်အာဏာများ သက်တမ်းကုန်ဆုံးသွားပြီးနောက် အချိန်အတော်ကြာသည့်တိုင်အောင် ငြင်းဆိုချက်များ သို့မဟုတ် ဝါဒဖြန့် လှည့်ကွက်များဖြင့် ဖျောက်ဖျက်၍ မရနိုင် တော့သော မေးခွန်းတစ်ခု ကျန်ရစ်နေမည် ဖြစ်သည် — ယင်းမှာ "သင်တို့ဘာလုပ်နေသလဲဆိုသည်ကို သင်တို့ကိုယ်တိုင် သိခဲ့ပါသလား၊ ထိုလုပ်ရပ်များကို ရပ်တန့်ရန် သင်တို့ ရွေးချယ်ခဲ့ပါသလား" ဟူသော မေးခွန်းပင် ဖြစ်သည်။

 

အမှားအမှန်သိစိတ် ဆိုသည်မှာ ပြီးပြည့်စုံသည့် Perfection ကို တောင်းဆိုနေခြင်း မဟုတ်။ အမှားကို အမှားဟု အသိအမှတ်ပြုရန် သာ တောင်းဆိုခြင်း ဖြစ်သည်။ မိမိကိုယ်မိမိ ထိန်းချုပ်ရန် သာ တောင်းဆိုခြင်း ဖြစ်သည်။ ထိတွေ့သမျှ အရာအားလုံး၏ ဝါးမြိုဖျက်ဆီးမခံရ မီ ထိုဘေးဒုက္ခသံသရာကို ဖြတ်တောက်ရပ်တန့်ပစ်ရန် သတ္တိ ရှိဖို့သာ တောင်းဆိုနေခြင်း ဖြစ်သည်။

 

ကမ္ဘာကြီးက မြန်မာနိုင်ငံကို စောင့်ကြည့်နေကြသလို၊ ပိုပြီးအရေးကြီးတာက မြန်မာနိုင်ငံသားများ မိမိတို့ကိုယ်မိမိ ပြန်လည်စောင့်ကြည့်နေဖို့ ဖြစ်သည်။ လူသားတိုင်း၏ အတွင်းစိတ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ကိန်းအောင်းနေသည့် "အမှန်တရား" ကို မည်မျှပင် အင်အားသုံးပြီး နှိမ်နင်းပါစေ၊ ထာဝရ တိတ်ဆိတ်သွားအောင် မည်သည့် အခါမှ လုပ်ဆောင်၍ မရနိုင်။ အချို့သော လုပ်ရပ်များသည် နိုင်ငံတစ်နိုင်ငံ၏ ဝိညာဉ်ကို ယုတ်လျော့ဆုတ်ယုတ်စေပြီး၊ အချို့သော လုပ်ရပ်များကတော့ ထိုနိုင်ငံကို မူလဂုဏ်သိက္ခာဆီသို့ ပြန်လည်ဦးတည်စေ နိုင်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!