သူ့ထံမှ နိုင်လိုမင်းထက် ပြောလာသည့် စကားကြောင့် ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်ကာ တုန်လှုပ်သွားရသည်။ ထိုသို့ တုန်လှုပ်ချောက်ချားမှုကိုလည်း ကျွန်တော်က မကြုံဖူးသဖြင့် ပို၍ပင် စိတ်ရှုပ်ထွေးသွားရပြန်သည်။ ထိုစိတ်ရှုပ်ထွေးမှုများကြောင့်ပင် နောက်ဆက်တွဲ ကျွန်တော်၏ ပြုမူပုံများအတွက် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်ခဲ့ရတော့သည်။ 'မင်း အော်သံ ဟစ်သံတွေတောင် မှန်အောင်မလုပ်နိုင်ဘူးလား' ဟု ကျွန်တော် ပြောလိုက်မိသည်။
ခဏလောက်ဗျာ' သူ ကျွန်တော့်ကို စကားဖြတ်ပြောဖို့ စောင့်နေပုံ ရသော်လည်း တကယ်တမ်းကျ သူက မေးခွန်းတစ်ခုနဲ့ ကျွန်တော့်စကားကို ကြားဖြတ်နှောင့်ယှက်နေမှန်း သိလိုက်ရသည်။ 'ကောင်းပြီလေ' လို့ ကျွန်တော် ပြောလိုက်မိတဲ့အချိန်မှာ ကျွန်တော့်ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းများသည်လည်း ကုန်ခမ်းစပြုနေပြီ။ 'ကျွန်တော် မှတ်မိသလောက်ဆိုရင် ဇာတ်ညွှန်းထဲက စာမျက်နှာ ၂၆၊ ၄၂၊ ၅၈၊ ၇၇၊ ၉၁၊ ၁၀၃ နဲ့ ၁၁၈ မှာရှိတဲ့ ကျွန်တော့်လူမျိုးတွေ စကားပြောရမယ့် နေရာတိုင်းမှာ သူတို့က အော်ဟစ်နေကြရတာ။ ဘာစကားလုံးမှ မပါဘူး၊ အော်ရုံပဲ အော်နေကြရတာ။ အဲဒီတော့ အနည်းဆုံးတော့ အဲဒီအော်သံတွေကို မှန်အောင် လုပ်ပေးသင့်တာပေါ့။
အော်သံ ဟစ်သံ ဆိုတာ တကမ္ဘာလုံး အတူတူပဲလေ၊ ဟုတ်တယ် မဟုတ်လား ဗိုင်အိုလက်။
ဟုတ်တယ်လေ ဟု ကျွန်တော့်ဘေးတွင် ထိုင်နေသော ဗိုင်အိုလက်က ဝင်ထောက်ခံလိုက်သည်။
အော်သံက အားလုံး အတူတူ မဟုတ်ဘူး၊ တကယ်လို့ ကျွန်တော်က ဒီ တယ်လီဖုန်း ကြိုး နဲ့ ခင်ဗျားလည်ပင်းကို ပတ်ပြီး မျက်လုံး တွေ ပြူးထွက်လာတဲ့အထိ ခပ်တင်းတင်း ဆောင့်ဆွဲလိုက်မယ် ဆိုရင် ခင်ဗျားရဲ့ လျှာတွေ ညိုမဲပြီး ထွက်လာမယ်၊ အဲ့ဒီ အခါကျ ဗိုင်အိုလက် ဆီက ထွက်လာတဲ့ အသံက ခင်ဗျား လုပ်ထားတဲ့ အသံမျိုး ထွက်လာမှာ မဟုတ်ဘူး၊ ယောကျ်ားတစ်ယောက်ရဲ့ ကြောက်စိတ်နဲ့ မိန်းမတစ်ယောက်ရဲ့ ကြောက်စိတ်ဟာ ခံစားရပုံချင်းရော၊ အပြင်ပန်းကို ဖော်ပြတဲ့ လက္ခဏာချင်းရော မတူဘူး။ ယောက်ျားက သူ သေရတော့မယ် ဆိုတာ သိတယ်၊ မိန်းမတယောက်ကလည်း သူ မကြာခင် သေရတော့မယ့် အရေး စိုးရိမ် ထိတ်လန့်နေတယ်၊ သူတို့ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ သူတို့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု တွေ ကြောင့် ထွက်လာတဲ့ အသံရဲ့ အနက် နဲ့ ဟန်ပန်ကလည်း အရည်အသွေးချင်း လုံးဝကို ကွဲပြားသွားလိမ့်မယ်။
နာကျင်မှုဆိုတာ လူတိုင်းကြုံတွေ့ရတတ် ပေမယ့်၊ တဖက်မှာ ကျ ကိုယ် တစ်ဦးတည်းသာ သိနိုင်တဲ့၊ သီးသန့် ခံစားချက်မျိုး ဖြစ် နေတယ်။ ဒါကို နားလည်နိုင်ဖို့ သူတို့အသံ တွေကို သေချာနားထောင်ရမယ်၊ ကျွန် တော် တို့ရဲ့ နာကျင်မှုဟာ အခြား တစ်ယောက်ရဲ့ နာကျင်မှုနှင့် တူ၊ မတူ ဆိုတာကို ထုတ်ဖော်မပြောမချင်း ကျွန် တော် တို့ မသိနိုင်ဘူး၊ သိလာတဲ့ အခါကျမှ ဓလေ့ထုံးစံ အရရော၊ လူတဦးချင်းစီ အတွက်ပါ ကျွန်တော်တို့ ပြောနိုင်မယ်၊ တွေးလာနိုင်မယ်။
ဥပမာ ဒီနိုင်ငံမှာ ဆိုရင် လူတယောက်က အသက်လုပြီး ပြေးနေရတယ်ဆိုရင် ရဲ ကို ခေါ်သင့် တယ် မဟုတ်လား၊ ဒါကလည်း နာကျင်ရတော့မယ် ဆိုတဲ့ ခြိမ်းခြောက်ခံရမှု နဲ့ ကြုံလာရရင် ဖြေရှင်းဖို့ ကျိုးကြောင်း ဆီလျော်တဲ့ နည်းပဲလေ၊ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာကျ ဘယ်သူမှ ရဲ ကို ခေါ်မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ရဲတွေပဲ မကြာခဏ ဆိုသလို ထိခိုက်နာကျင်အောင် လုပ်တတ်ကြလို့ပဲ။
ကျွန်တော် ပြောတာ မှန်ရဲ့လား ဗိုင်အိုလက်?
ဗိုင်အိုလက်က ခေါင်းညိမ့်ပြသည်။
ဟုတ်ပြီ၊ ဒါဆိုရင် ခင်ဗျားတို့ ဇာတ်ညွှန်းထဲမှာ ကျွန်တော်တို့ လူတွေ အော်တာကို AIIIEEEEE!!! လို့ လုပ်ထားတာကို ထောက်ပြပါရစေ၊ ဥပမာဆိုရင် - ရွာသားအမှတ် (၃) ဟာ ဗီယက်ကောင်း တွေရဲ့ ဝါးချွန်ထောင်ချောက်ထဲကို ကျသွားတဲ့အခါ သူအော်လိုက်တဲ့ အော်သံမျိုးပေါ့။ ဒါမှမဟုတ် မိန်းကလေးငယ် တစ်ယောက်က ရွာထဲကို တိတ်တဆိတ် ခိုးဝင်လာတဲ့ ဗီယက် ကောင်းတွေအကြောင်း Green Beret တပ်ဖွဲ့ဝင်တွေကို အချက်ပေးဖို့ သူရဲ့အသက်ကို စတေးပြီး သတိပေးလိုက်ချိန်၊ လည်ပင်းအလှီးမခံရခင်မှာ သူနောက်ဆုံး အော်လိုက်တဲ့ အော်သံမျိုးပေါ့။
ကျွန်တော့် လူမျိုးတွေရဲ့ နာနာကျင်ကျင်နဲ့ အော်ဟစ် သံတွေ ကြားနေကျ ဖြစ်တဲ့ ကျွန်တော် အဖို့ ဒီလို အော်သံမျိုး မဟုတ်ဘူး ဆိုတာ သိတယ်။ သူတို့ ဘယ်လို အော်ကြလဲ ဆိုတာ ကြားချင်လား။
ကျွန်တော်က တံတွေး တချက် မြိုချလိုက်ပြီး မတ်တတ်ထရပ်လိုက်ကာ စားပွဲရှေ့ ကုန်းရင်း သူ့မျက်လုံး တည့်တည့်ကို စိုက်ကြည့်လိုက်သည်။ သို့သော် ကျွန်တော် သူ့ကို မမြင်ဘဲ မျက်စိထဲတွင် တော့ ခန္ဓာကိုယ်ကြံ့ခိုင်ကျစ်လျစ်သည့် မွန်တက်ဂ်ညတ် လူမျိုး၏ မျက်နှာပဲ မြင် နေသည်။ သူသည် ဒီဇာတ်လမ်းကို ဆင်ထားသည့် နေရာနှင့် မနီးမဝေး ရွာကလေးတစ်ရွာမှာ တကယ်လည်း နေထိုင်နေသည့် ဘရူး လူနည်းစု ဝင်ထဲက လူကြီးတစ်ယောက် ဖြစ် နေ သည်။ သူသည် ဗီယက်ကောင်းများ အတွက် ဆက်သွယ်ရေး ဒလျို တယောက် ဟူသော ကောလဟသ များလည်း ထွက်ထားသည်။
ထိုစဉ်က လက်ဖတင်နင် ဘဝ ဖြင့် ပထမဆုံး တာဝန်ပေးခံရ၍ ရောက်နေခြင်းလည်း ဖြစ်သည်။ ကျွန်တော့်၏ ဗိုလ်ကြီးက ထိုလူ့ လည်ပင်းကို သံချေးတက်နေသည့် ဆူးကြိုးတစ်ပင်နဲ့ ပတ်ထားသည်။ ဆူးကြိုးက ဘယ်လောက်ထိ တင်းကျပ်နေသလဲဆိုက သူ တံတွေးမြိုချလိုက်တိုင်း ဆူးကြိုးများက သူ့လည်စေ့ကို ထိုးဆွ နေသည်။ ဒီအခြေအနေကနေ သူ့ကို ဘယ်လို ကယ်တင်ရမည် ဆိုသည်ကို မစဉ်းစားတတ်အောင် ဖြစ်နေခဲ့သည်။ အဲ့တာ လောက်နှင့်တော့ ဒီလူကြီးကို အော်ဟစ်အောင် မလုပ်နိုင်ခဲ့၊ သူ့အတွက် အမြည်းသဘောလောက်သာ ရှိသေးသည်။ ကျွန်တော်က ထိုမြင်ကွင်းကို ပြန်မြင်ရင်း သူ့ကိုယ်စား အော်ဟစ် ပြလိုက်သည်။
ဘယ်လို အသံမျိုး ရှိလဲဆိုရင် ပြောပြောဆိုဆို နှင့် ဒါရိုက်တာ ကြီး၏ Montblanc ဖောင်တိန်ကို လှမ်းယူလိုက်ပြီး ရုပ်ရှင်ဇာတ်ညွှန်း၏ မျက်နှာဖုံး စာမျက်နှာပေါ်တွင် အသံထွက်အတိုင်း 'အားးးးးးးးး!!!' (AIEYAAHHH!!!) ဆိုပြီး အမည်းရောင် စာလုံးကြီးများနှင့် ရေးလိုက်သည်။ ပြီးနောက် သူ့ ဖောင်တိန်ကို အဖုံးပြန်ပိတ်၊ စာရေး စက္ကူ ကပ် ပေါ် ပြန်တင်ပေးရင်း 'ဒါ ကျွန်တော်တို့နိုင်ငံမှာ လူတွေ အော်ဟစ်တဲ့ အသံမျိုးပဲ' လို့ ပြောလိုက်သည်။
ရုပ်ရှင်ဒါရိုက်တာ ကြီး ၏ အိမ်ရှိရာ တောင်ကုန်းပေါ်မှ ဟောလိဝုဒ် မြေပြန့်ပိုင်းမှာရှိသည့် လမ်း ပေါင်း ၃၀ လောက်ဝေးသည့် ဗိုလ်ချုပ်ကြီး၏ အိမ်ဆီသို့ ကျွန်တော် ထွက်လာခဲ့သည်။ ကျွန်တော်၏ ပထမဦးဆုံး ရုပ်ရှင်လုပ်ငန်း အတွေ့အကြုံကို ဗိုလ်ချုပ်ကြီး နှင့် မဒမ်တို့အားပြန်လည်အစီရင်ခံလိုက်သည့် အခါတွင်တော့ သူတို့နှစ်ယောက်စလုံး ကျွန်တော့်ကိုယ်စား ဒေါသထွက်သွားခဲ့ကြသည်။
ဗီယက်နမ်နိုင်ငံကို အခြေခံပြီး ရိုက်ကူးထားသည့် ရုပ်ရှင်တွင် ဗီယက်နမ်လူမျိုးများ၏ စကားပြောခန်း မပါရှိခြင်းသည် ယဉ်ကျေးမှုအပေါ် အလေးမထားရာ ရောက်နိုင်သည်ဟု ကျွန်တော် ထောက်ပြခဲ့ပြီးနောက်... ဒါရိုက်တာ ကြီး နှင့် ဗိုင်အိုလက် တို့နှင့် ကျွန်တော့် တွေ့ဆုံမှု သည် အတော်လေး ကြာမြင့်သွားခဲ့သော်လည်း အရင်ကထက် ပိုပြီး ငြိမ်သက်အေးစက်သွားခဲ့သည်။ ဗိုင်အိုလက်က ကျွန်တော် ပြောသည်မှာ မှန်ပါသည်ဟု ဝင် ထောက်ခဲ့သော်လည်း နောက်ပိုင်း တွင် လက်မှတ်ခ ဘယ်က ရမလဲ၊ ဘယ်သူက ရုံသွားကြည်မှာ မို့လည်း အထိ ရောက်ကုန်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျင် ဗီယက်နမ် ပရိသတ် က ဒီ ရုပ်ရှင်ကို ကြည့်ကြမည် မဟုတ်၊ ကျွန်တော် ဒေါသ ထွက်လာသည်ကို ချုပ်တည်းထားလိုက်ရသည်။ နိုင်ငံတနိုင်ငံကို အခြေခံပြီး ရိုက်ကူးသည့် ရုပ်ရှင်တစ်ခုမှာ အဲဒီနိုင်ငံက လူတွေ တစ်ခုခု ပြန်ပြောခွင့်ရနေတာမျိုးက ပိုပြီး ယုတ္တိရှိပြီး ၊ ပိုပြီးတော့ လက်တွေ့ကျ ကြောင်း၊ ပိုပြီးတော့လည်း အနှစ်သာရရှိ ကြောင်း တော့ ပြောဖြစ်အောင် ပြောလိုက်သေးသည်။ အခု ခင်ဗျားရဲ့ ဇာတ်ညွှန်းထဲမှာ ရေးထားသလိုမျိုး 'ရွာသားများ မိမိတို့ဘာသာစကားဖြင့် စကားပြောနေကြသည်ကို တည်းဖြတ်ပြရန်' ဆိုတာမျိုးထက်စာရင်ပေါ့။
သူတို့ရဲ့ ပါးစပ်ကနေ အသံတစ်မျိုးမျိုး ထွက်ပေါ်လာနေတယ်ဆိုတာကို သိမှတ်ပြုရုံသက်သက်ထက်စာရင်၊ သူတို့ကို တကယ်တမ်း တစ်ခုခု ပြောခွင့်ပေးလိုက်တာက ပိုပြီးတော့ သင့်တော်တယ်လို့ ခင်ဗျား မထင်မိဘူးလား။ အနည်းဆုံးတော့ သူတို့ကို အသံဝဲဝဲနဲ့ အင်္ဂလိပ်စကား ပြောခွင့်ပေးလို့ မရဘူးလား — ခင်ဗျားလည်း သိပါတယ်၊ ဟို 'ချင်းချောင်' (ching-chong) အင်္ဂလိပ်လိုမျိုးလေ။ အဲဒါမှ သူတို့က အာရှဘာသာစကားတစ်ခုခုကို ပြောနေသလိုမျိုး ဟန်ဆောင်လို့ရမှာပေါ့၊ အဲဒီဘာသာစကားကိုပဲ အမေရိကန်ပရိသတ်တွေက ထူးထူးဆန်းဆန်း နားလည်သွားနိုင်တာမျိုးပေါ့။
ပြီးတော့ ခင်ဗျားရဲ့ Green Beret စစ်သားမှာ ချစ်သူတစ်ယောက်ရှိရင်ကော ပိုပြီးတော့ ဆွဲဆောင်မှု ရှိမယ်လို့ မထင်ဘူးလား။ ဒီလူတွေက တစ်ယောက်နဲ့တစ်ယောက်ပဲ ချစ်ကြပြီး တစ်ယောက်အတွက် တစ်ယောက် အသေခံကြသလို ဖြစ်မ နေဘူး လား။ ကြားထဲမှာ အမျိုးသမီးတစ်ယောက်မှ မပါဘူးဆိုရင် အဲဒီလိုပဲ သဘောသက်ရောက်သွားလိမ့်မယ်။
ဒါရိုက်တာကြီး က မျက်နှာပျက်သွားပြီး "စိတ်ဝင်စားဖို့ကောင်းပါ့။ တကယ့်ကို ကောင်းတဲ့အချက်တွေပဲ။ သဘောကျလိုက်တာ။ ဒါပေမယ့် မေးစရာလေးတစ်ခုရှိတယ်။ ဘာပါလိမ့်... အော်၊ ဟုတ်ပြီ။ မင်း ရုပ်ရှင်ဘယ်နှစ်ကား ရိုက်ဖူးသလဲ။ တစ်ကားမှ မရှိဘူး။ ဟုတ်တယ်မလား။ တစ်ကားမှ၊ သုည၊ ဘာမှမရှိ၊ နတ္ထိ၊ ဘာမှမရှိဘူး... ဒါကို မင်းတို့ဘာသာစကားနဲ့ ဘယ်လိုပဲပြောပြောပေါ့ကွာ။ ငါ့အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ လာသင်ပေးတဲ့အတွက် ကျေးဇူးပဲ။ အခုတော့ ငါ့အိမ်ထဲကနေ အမြန်ဆုံး လစ်လိုက်တော့။ ပြီးတော့ မင်း ရုပ်ရှင် တစ်ကား၊ နှစ်ကားလောက် ရိုက်ဖူးမှ ပြန်လာခဲ့။ အဲဒီကျမှ မင်းရဲ့ အပေါစားစိတ်ကူး တစ်ခု၊ နှစ်ခုလောက်ကို ငါ နားထောင်ပေးဖို့ စဉ်းစားမယ်၊ ဟုတ်ပြီလား။"